Wednesday, 22 June 2011

[Big Brothers & Sisters] New doc: Mizzima မဇ္ဈိမ သတင်း

created the doc: " Mizzima မဇ္ဈိမ သတင်း"
Rozoner King created the doc: " Mizzima မဇ္ဈိမ သတင်း"

ပဲခူးမြစ်ရေလျှံ ရွာ ၂၀ ကျော် ရေကြီး

 

ကျော်ခ| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၂ မိနစ်

 

ချင်းမိုင် (မဇ္ဈိမ) ။      ။ ပဲခူးမြစ် ရေလျှံတက်မှုကြောင့် ပဲခူးတိုင်း ကဝမြို့နယ်ရှိ ရွာပေါင်း ၂၀ ကျော်တွင် ရေကြီးမှု

 ဖြစ်ပွားလျက် ရှိသည်။

 

ဇွန် ၁၈ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းသဖြင့် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် ရေကြီးမှုသည် ကဝမြို့နယ်တွင်းမှ နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲတို့ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ပျိုးစပါးခင်းများ ရေမြုတ်ကုန်တော့သည်။

 

ဗုဒ္ဓဟူးနေ့တွင်လည်း မိုးရွာသွန်းနေပြန်ရာ မြစ်ရေကျရန် စောင့်နေရသည့် လယ်သမားများအတွက် ကူးသန်းသွားလာရေးပင် ခက်ခဲလာသည်။ ရွာအချို့တွင် ရွာတွင်းသွားလာမှုကိုပင် လှေကို အသုံးပြုနေရသည်။

 

"နောက် ၃ ရက်လောက်ဆက်တိုက် ဖြစ်နေမယ်ဆိုရင်တော့ ပျိုးပင်တွေ ပုပ်ကုန်တော့မှာပေါ့။ အခုကတော့ လယ်ကန်သင်းတွေကို မြုတ်နေတာ။ ဘာမှ လုပ်လို့မရဘူး။ မိုးကလည်း ၄ ရက်ဆက်တိုက် ရွာနေတာ ခုထိ မနားသေးဘူး" ဟု လယ် ၁၂ ဧက ရေမြုတ်ခံနေရသည့် ကမာကလဲ ရွာမှ လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။

 

ယခုနှစ် ပဲစိုက်ရာသီတွင် ပဲခူးတိုင်းအတွင်း ပဲသီစိမ်း စိုက်သူများအားလုံး ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသလို ရရှိသည့် ပဲတီစိမ်း ဈေးကျမှုနှင့် ကြုံခဲ့ရသော တောင်သူများအတွက် ပျိုးစပါး ဆုံးရှုံးမည့် အခြေအနေ ဖြစ်သည်။

 

" မျိုးထပ်ကျဲရရင်တော့ အကြွေး ထပ်တင်ဖို့ပဲ ရှိတယ်" ဟု လယ်သမားတဦးက ပြောသည်။

 

ပဲခူးမြစ် ရေကြီးမှုသည် ၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ပိုမိုတိုးလာခဲ့သည်။ မြစ်ရေကြမ်းပြင် မြင့်တက်နေသည့် မြစ်ထဲတွင် ပဲခူးမြစ်သည်လည်း အပါအဝင် ဖြစ်ပြီး ရေအနက် ၁၅ ပေခန့်သာရှိပြီး မြစ်အကျယ်မှာ ယခင်က ပေ ၃၀၀ ခန့် ရှိသော်လည်း ရန်ကုန်မြစ်ဝ အဝင်တွင် ပေ ၅ဝခန့်သာ ရှိတော့သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောထားသည်။

 

ပဲခူးရိုးမတောရှိ သစ်ပင်များကို အဆမတန် ခုတ်ယူ အသုံးပြုနေခြင်းကြောင့် မြစ်အောက်ဘက်ပိုင်းရှိ မြေပြန့် စိုက်ပျိုးခင်းများတွင် ရေကြီးရေလျှံ ဖြစ်နေခြင်း ဖြစ်ကြောင်း သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း - FREDA မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း က ပြောသည်။

 

"ဟိုးအရင်တုန်း ကတော့ ပဲခူးရိုးမ တောကြီးက ရှိနေတော့ ရေထိန်းထားတာကိုး အခုတောမရှိတော့ ရေက ဒလဟောဆင်းတော့ ရေက ပဲခူးမြစ်တင်မကဘူး ကြာရင် ပဲခူးပါ ရေမြုတ်မှာ။ တောကိုထိန်းဘို့ရာ သစ်ပင်ရှိရမယ်။ ချုံပုတ်ရှိရမယ် အနည်းဆုံး မြက်ရှိရမယ်။ အဲဒါတွေထိန်းမှ ရေစီးက တန့်သွားတာကိုး။ အခုဟာ သဘာဝကို ဖျက်ဆီးတဲ့ အတွက် ဆိုးကျိုးတွေ ခံရတာပေါ့" ဟု ဦးအုန်း က မဇ္ဈိမကို ပြောသည်။

 

မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ၂၀၁၀ ခုနှစ် ထုတ်ပြန်ချက် အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပါရှိသည်။

 

သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီး လောင်စာအဖြစ် အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်းဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေတောပေါက်ရာ ပြည်နယ်နှင့်တိုင်းများ ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာကုန်သည်ကြီးများအသင်း အဖွဲ့ဝင်များ ဆွီဒင်တွင် `တွေ့ဆုံဆွေးနွေး

 

သောမတ်စ်မောင်ရွှေ| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်

 

ချင်းမိုင် (မဇ္ဈိမ) ။      ။ ဆွီဒင်နိုင်ငံတွင် ကျင်းပသည့် ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကော်ပိုရေးရှင်းများ၏ လူမှုရေး တာဝန်ရှိမှု အစီအစဉ်ကို မြန်မာစက်မှုနှင့် ကုန်သည်ကြီးများ အဖွဲ့ချုပ် (UMFCCI)မှ အဖွဲ့ဝင်များ မေလအတွင်းက ဆွီဒင် နိုင်ငံသို့ သွားရောက် လေ့လာခဲ့ကြကြောင်း ဆွီဒင်အစိုးရက ပြောသည်။

 

ဆွီဒင်နိုင်ငံသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ် အဖွဲ့တွင် မြန်မာအီးဂရက်စ် တည်ထောင်သူ၊ မြန်မာသတင်းစာနှင့် မဂ္ဂဇင်း ထုတ်ဝေသူ ဒေါက်တာ နေဝင်းမောင်လည်း အဖွဲ့ဝင် တဦးအဖြစ် လိုက်ပါခဲ့သည်။

 

အဆိုပါ ကိုယ်စားလှယ်များသည် ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (SIDA)၏ ငွေကြေးထောက်ပံ့မှု ရရှိထားသော ဆွီဒင် စက်မှု နိုင်ငံတကာကောင်စီ (NIR) ၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

 

ထိုသို့ သွားရောက်ခဲ့ရာ အငြင်းပွါးဖွယ်ဖြစ်ရပ် ပေါ်ပေါက်လာခဲ့သည့် အတွက် SIDA က ကြေငြာချက်တရပ် ထုတ်ပြန်ဖြေရှင်းခဲ့ရာ မြန်မာကိုယ်စားလှယ်များကို SIDA က အထောက်အပံ့ ပေးထားသော (NIR) ၏ အစီအစဉ်တရပ် အနေနှင့်သာ ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းသည်။

 

အဆိုပါ အစီအစဉ်မှာ မြန်မာအပါအဝင် နိုင်ငံအများအပြား၌ ဈေးကွက် အခြေခံ သဘောတရား ပြဿနာများကို စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ရည်မှန်းချက်ထား လုပ်ဆောင်သည့် အစီအစဉ် ဖြစ်သည်။

 

၂ဝ၁ဝ နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲများ ကျင်းပကာ ဒီမိုကရေစီနည်းကျ အစိုးရတရပ်ကို ရွေးကောက် ဖွဲ့စည်းနိုင်ခဲ့သော်လည်း စစ်တပ်ကသာ နောက်ကွယ်မှ ထိန်းချုပ် ကိုင်တွယ်နေသည်ဟု ဝေဖန်ခြင်း ခံနေရသည့်အတွက် မြန်မာနိုင်ငံသည် ကုန်သွယ်ရေး ပိတ်ဆို့မှုကို ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

 

ယခုကိုယ်စားလှယ်အဖွဲ့ သွားရောက်ခြင်း ကိစ္စကို ဖြေရှင်းပေးရန်နှင့် ထိုသို့ ဖိတ်ကြားခဲ့သည့် အတွက် မြန်မာနိုင်ငံအပေါ် ဆွီဒင်နိုင်ငံ၏ ပေါ်လစီ ပြောင်းလဲသွားပြီလား ဆိုသည်ကို ဆွီဒင်အစိုးရက ဖြေကြားပေးရန် အတိုက်အခံ ဆိုရှယ် ဒီမိုကရက်ပါတီ၏ လူငယ်အဖွဲ့ ခေါင်းဆောင် Jytte Guteland က ကြေငြာချက်တရပ် ထုတ်ပြန် တောင်းဆိုခဲ့သည်ဟု ဆွီဒင်မီဒီယာများက ရေးသားထားသည်။

 

မြန်မာ ကိုယ်စားလှယ်များကို NIR က "ကော်ပိုရေးရှင်းများ၏ လူမှုရေးအရ တာဝန်ရှိမှု၊ ပွင့်လင်းမှုနှင့် ရေရှည်ခံမည့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများ" ကို အာရုံစိုက် ဆွေးနွေးရန် ဆွီဒင်နိုင်ငံသို့ ဖိတ်ကြား လာရောက်စေခဲ့ခြင်း ဖြစ်ကြောင်း SIDA ၏ ထုတ်ပြန် ကြေငြာချက်တွင် ရေးသားထားသည်။

 

SIDA ၏ အဆိုအရ ယင်းအစီအစဉ်ကို အကောင်အထည် ဖော်ရန် NIR သည် " စီးပွါးရေး အဖွဲ့အစည်းများမှ ပြုပြင်ပြောင်းလဲရေး စိတ်ဓါတ်ရှိသူများနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ကြောင်း၊ ဖိတ်ကြားခံရသူများသည် မြန်မာ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများမှ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ဖြစ်ကြပြီး စီးပွါးရေး

 ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လိုသည့် သူများဟု သိရှိထားခြင်း ခံရသူများ ဖြစ်ကြသည်" ဟု ဆိုသည်။

 

ယခုလို သွားရောက်သော ကိုယ်စားလှယ် အဖွဲ့တွင် မြန်မာစက်မှုနှင့် ကုန်သည်ကြီးများ အသင်း၏ အဖွဲ့ဝင်များလည်း လိုက်ပါလာကြောင်း ဆွီဒင်သတင်းဌာနတခု ဖြစ်သည့် Omvärlden က ပထမဆုံး သတင်းပေးပို့ခဲ့သည်။ မဇ္ဈိမနှင့် Omvärlden တို့သည် SIDA ထံမှ ဘဏ္ဍာရေး အထောက်အပံ့ ရရှိနေသော သတင်းဌာနများ ဖြစ်သည်။

 

ကိုယ်စားလှယ် အဖွဲ့တွင် မြန်မာစက်မှုနှင့် ကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များ ပါဝင်နေသော်လည်း သူတို့ကို အဆိုပါ အသင်းကြီး၏ ကိုယ်စားလှယ်များ အနေဖြင့် ဖိတ်ကြားခဲ့ခြင်း မဟုတ်ကြောင်း အဆိုပါ အသင်းကြီးနှင့်လည်း အဖွဲ့အစည်းတခု အနေနှင့် တိုက်ရိုက် ဆက်သွယ်မှု မရှိကြောင်း SIDA ၏ ပြောရေးဆိုခွင့် ရှိသူ Tove Silveira Wennergren က မဇ္ဈိမ ကို ပြောသည်။

 

မြန်မာ စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်းကို မကြားသေးမီ အထိ ဥရောပသမဂ္ဂက အမည်ပျက်စာရင်း သွင်းထားသော မြန်မာစီးပွါးရေးသမား ဦးဝင်းမြင့်က ဦးဆောင်နေခဲ့ပြီး ယခုအခါသူသည် မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးသစ် ဖြစ်လာသည်။ ဤအဖွဲ့ကို ဥရောပသမဂ္ဂ အနေဖြင့် မည်သည့် အခါကမျှ နာမည်ပျက်စာရင်း မသွင်းထားခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ အရေးယူ ဒဏ်ခတ်မှု စာရင်းတွင်မူ ပါဝင်နေသည်။ မြန်မာစစ်အစိုးရနှင့် နီးစပ်မှုရှိသည့် အဖွဲ့အစည်းအနေနှင့် ထိုသို့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူခဲ့ခြင်း ဖြစ်သည်။

 

ဤကိုယ်စားလှယ်အဖွဲ့တွင် အခြား မည်သည့် အဖွဲ့အစည်းများ၊ စီးပွါးရေး လုပ်ငန်းများမှ ပါဝင်သည်ကို ပြောဆိုရန် SIDA ပြောရေးဆိုခွင့် ရှိသူ Silveira Wennergren က မဇ္ဈိမ ကို ငြင်းဆိုခဲ့သည်။

 

" ယခုခရီးစဉ်၏ သဘော သဘာဝအရ လည်းကောင်း၊ ပါဝင်ဆွေးနွေးသူများ၏ လုံခြုံရေးကို ထည့်သွင်း စဉ်းစားရသဖြင့် လည်းကောင်း ပါဝင်ဆွေးနွေးသူများနှင့် ယင်းတို့နှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းများ၏ သတင်း အချက်အလက် များကို SIDA က ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိပါကြောင်း ဝမ်းနည်းစွာဖြင့် အကြောင်းပြန်အပ်ပါသည်" ဟု အကြောင်း ပြန်ကြားခဲ့သည်။

 

NIR ၏ လုပ်ငန်းဆောင်ရွက်မှု ဒါရိုက်တာ Sofia Svingby က Omvärlden သတင်းဌာနကို ယခင်လက ပြောကြားရာ အဆိုပါ ကိုယ်စားလှယ် အဖွဲ့တွင် မြန်မာအီးဂရက်စ် အဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ဆိုသည်။

 

အဆိုပါ အဖွဲ့သည် မိမိကိုယ်မိမိ လူထုအခြေပြုအဖွဲ့ ဖြစ်သည်ဟု ကြေငြာထားပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော စီးပွါးရေး အဖွဲ့အစည်းတရပ် ဖြစ်သည်။

 

"လူထု အခြေပြု အဖွဲ့အစည်း" ဆိုင်ရာ သင်တန်းများကို မြန်မာ အီးဂရက်စ် အဖွဲ့ရုံးချုပ် တည်ရှိရာ ရန်ကုန်မြို့ရှိ  ဟော်တယ်တခုတွင် ပြုလုပ်လေ့ရှိပြီး သင်တန်းသားများထံမှ သင်တန်းကြေး ကောက်ယူ ဖွင့်လှစ်ခြင်းလည်း ဖြစ်သည်။

 

Omvärlden ဝက်ဆိုက်တွင် ဖော်ပြထားသော ဓါတ်ပုံများအရ အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာအီးဂရက်စ် တည်ထောင်သူ၊ မြန်မာသတင်းစာနှင့် မဂ္ဂဇင်း ထုတ်ဝေသူ ဒေါက်တာနေဝင်းမောင်သည် ကိုယ်စားလှယ်အဖွဲ့ဝင် တဦးအနေနှင့် ပါဝင်သည်ကို တွေ့ရသည်။ နေဝင်းမောင်သည် သူ၏ ပထမဆုံး မဂ္ဂဇင်းကို နအဖ ဝန်ကြီးချုပ်နှင့် စစ်ထောက်လှမ်းရေး အကြီးအကဲ ခင်ညွှန့်၏သား ရဲနိုင်ဝင်း၏ အကူအညီနှင့် ထုတ်ဝေခဲ့ခြင်း ဖြစ်ကာ မြန်မာ့အတိုက်အခံများ အကြားတွင် သူသည် အငြင်းပွါးဖွယ် ပုဂ္ဂိုလ်အဖြစ် ရှိဆဲဖြစ်သည်။

 

ဦးရွှေမန်း ရန်ကုန်လွှတ်တော် အမတ်များကို တွေ့ဆုံမည်

 

 မျိုးသန့်| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၁ မိနစ်

 

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ လာမည့် သောကြာနေ့တွင် ပထမဦးဆုံးအကြိမ် ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်ရုံး၌

 ခေါ်ယူတွေ့ဆုံမည် ဖြစ်သည်။

 

ခေါ်ယူတွေ့ဆုံရသည့် အကြောင်းရင်းကို လွှတ်တော် ကိုယ်စားလှယ်များမှ မသိရှိသေးဘဲ ဖြစ်နေပြီး နေပြည်တော် လွှတ်တော်ရုံးမှ ဖုန်းဖြင့် ဖိတ်ကြားခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (သင်္ကန်းကျွန်း)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။

 

 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်ရုံး၌ ခေါ်ယူ တွေ့ဆုံမည်

" ဦးသူရရွှေမန်း ကနေပြီးတော့ ရှင်းပြစရာ တခုရှိတယ် ဆိုပြီးတော့ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ဖိတ်ကြားထားတယ်" ဟု ဦးကျော်က မဇ္ဈိမကို ပြောသည်။

 

သောကြာနေ့တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံမည့် အစီအစဉ်၌ ရန်ကုန်တိုင်း အတွင်းရှိ ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များကို နေ့လည် ၁၂ နာရီတွင် တွေ့ဆုံမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များကို နေ့လည် ၁ နာရီတွင် သီးခြားစီ တွေ့ဆုံမည် ဖြစ်သည်။

 

ထို့အပြင် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးများ ကိုလည်း လာမည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ကျင်းပရန် ရန်ကုန်တိုင်း လွှတ်တော်ရုံးမှ ဖိတ်ကြားထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။

 

ယခုတဖန် ပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင်လည်း ဥပဒေပြုရေး ဆိုင်ရာ အဆိုပြုချက်များ မေးမြန်းခွင့်ရရန် မျှော်လင့်၍ မရနိုင်ဟု အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။

 

မတ်လအတွင်းက ပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင်လည်း အုပ်ချုပ်ရေးပိုင်းအတွက် လူရွေးခြင်းဖြင့်သာ ပြီးဆုံးခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်များတွင် ပါတီပေါင်းစုံမှ လွှတ်တော်အမတ် ၉၂ ဦးနှင့် စစ်တပ်မှ လွှတ်တော်အမတ် ၃၁ ဦးတို့ ပါဝင်သည်။

 

အလားတူပင် မွန်ပြည်နယ် ဒေသကြီးလွှတ်တော် အစည်းအဝေးကိုလည်း လာမည့်လ ၇ ရက်နှင့် ၈ ရက်များတွင် ကျင်းပရန် ရှိသည်။

 

" ကျနော်တို့လည်း ဂဃနဏ တော့ မသိသေးဘူး။ အဲဒီတော့ ကျနော်တို့လည်း ဘာကို ဦးတည်ပြီးတော့ ဆွေးနွေးရမယ် ဆိုတာလဲ ကျနော်တို့ မသိသေးဘူး" ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးက မဇ္ဈိမကို ပြောခဲ့သည်။

 

အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကိုလည်း ယခုလကုန် သို့မဟုတ် နောက်ပိုင်းတွင် ပြုလုပ်ဖွယ် ရှိသည်။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment