Tuesday, 28 June 2011

[Big Brothers & Sisters] New doc: Monitor ကို ပိတ်လိုက်တဲ့အခါ

created the doc: "Monitor ကို ပိတ်လိုက်တဲ့အခါ"
BigBrother Myanmar created the doc: "Monitor ကို ပိတ်လိုက်တဲ့အခါ"

[By Kyaw Thu Yein Lwin]

 

 ခပ်လှမ်းလှမ်းက ကြည့်လိုက်ရုံနဲ့ မြင်ကွင်းကို သဲသဲကွဲကွဲ မြင်နိုင်ပါတယ်.. အဲဒီလို မြင်နိုင်လို့ လည်း အခုချိန်ထိ မမေ့ နိုင်တာပဲ ဖြစ်ပါလိမ့်မယ်.. မိုးဖွဲဖွဲကျနေတဲ့ကြားက

လူနှစ်ယောက်ဟာ ဖျာလိပ်တစ်လိပ်ချိတ်ထားတဲ့ ထမ်းပိုးကို ရှေ့ ကတစ်ယောက်..နောက်ကတစ်ယောက် ထမ်းပြီး ခပ်ငိုက်ငိုက်လျောက်လာပါတယ်.. အဲဒီဖျာလိပ်ကနေ

မိုးပဲရွာလို့ ပဲလား.. ရေစက်လက် ကျနေပါတယ်.. ဖျာလိပ်ရဲ့ နောက်မှာတော့ ဖြူဖွေးနေတဲ့ ခြေနှစ်ချောင်းဟာ ထိုးထောင်ထွက်လို့ နေပါတယ်..

အဖေက ကျွန်တော့ကို မကြည့်ဖို့ ပြောပေမယ့် ကျွန်တော် မြင်ပြီးသွားပြီ.. ရေနစ်ပြီး သေသွားတဲ့ အလောင်းကို

ရေခဲတိုက်ဆီ သယ်လာတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်..

 

အဲဒီတုန်းက ကျွန်တော့အသက် ရှိလှ ၉ နှစ်ပေါ့.. ကျွန်တော် အရမ်းကြောက်ခဲ့ဘူးတယ်.. အိပ်မက်တွေထဲအထိ

အဲဒီမြင်ကွင်းကို မမေ့နိုင်ပဲ ကြောက်လန့် တကြားမက်ခဲ့ဘူးတယ်.. ကျွန်တော် လူသေ တွေကို ရဲရဲမကြည့်ရဲခဲ့ဘူး.. အသုဘ ဆိုရင် ပူလောင် ငိုကြွေး စရာတွေ အပြည့်နဲ့ မို့  ကြောက်စရာ၊ စိတ်ညစ်စရာ အဖြစ်လို့ ပဲ မှတ်ထားတယ်.. ကိုယ်နဲ့ အဝေးကြီးလို့ ပဲ.. ထင်ထားခဲ့မိတယ်..

ကျွန်တော်ဆရာဝန်ဖြစ်ပြီးတော့ လူသေ ဆိုတာတွေကို တဖြည်းဖြည်းနဲ့ ရင်းနှီးလာတယ်..ကျောင်းသား ဘ၀မှာ သိခဲ့ဘူးတဲ့ လူသေတွေ ဆိုတာ.. သေပြီးသား ရုပ်ဝတ္ထုသက်သက် ဖြစ်နေပြီ.. ဒါပေမယ့်

ရှင်သန်နေခဲ့တုန်း အချိန်ကို ကြုံတွေ့ ပြီးတော့မှ လူတစ်ယောက် သေဆုံးသွားတယ် ဆိုတာ အဲဒီထက်အများကြီး လေးနက်မှန်း ပိုပိုပြီး သိလာတယ်.. တကယ်တော့လူတစ်ယောက် သေဆုံးသွားတယ် ဆိုတာ သူသက်သက် မဟုတ်ဘူး.. သူ့ ရဲ့ မိသားစု..သူ့ ရဲ့ ပတ်ဝန်းကျင်ကပါ ပူဆွေးဝမ်းနည်းပြီး ဖြစ်ကျန်ခဲ့ရတဲ့ အရာ ပဲဖြစ်ပါတယ်.. တစ်နည်းပြောရရင် သေဆုံးသွားရဲ့ 

လူဟာ တစ်ယောက်ယောက်ရဲ့ အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်း၊ သားသော်လည်းကောင်း၊ ဒါမှမဟုတ် သမီးသော်လည်းကောင်း ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်..

 

အရပ်ထဲမှာ သေစကားမကြားချင်ဘူး ဆိုတဲ့အယူတွေ အများကြီးပါ.. ဒါပေမယ့် ဆေးရုံမှာတော့ သေစကားမကြားရတဲ့ နေ့ ဆိုတာ မရှိပါဘူး.. နေ့ စဉ်နဲ့ အမျှရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်.. ကျွန်တော်နယ်မှာနေတုန်းက လူတစ်ယောက်ကို လမ်းမှာ လဲနေတာတွေ့ လို့ ဆိုပြီးခေါ်လာကြပါတယ်.. အဲဒီလူက စက်ဘီးနဲ့ ဥသျှစ်ပင် ကနေ ပြည် ကို (မိုင် ၂၀ ကျော် ဝေးပါတယ်..) နေ့ စဉ်နဲ့ အမျှ သွားနေကျပါတဲ့... အသက်ကတော့ ၅၀ ကျော်လောက်ရှိရောပေါ့.. ပြည်ကို သူကြော်ထားတဲ့ စာကလေးခွေကြော်လေးတွေ လိုက်ဖြန့်် တာတဲ့.. နေ့ ခင်း နေပူကျဲတဲအောက် လမ်းမပေါ်မှာ စက်ဘီးတခြား၊ လူတစ်ခြား လဲကျနေတဲ့

သူ့ ကို ခေါ်လာတော့ အသက်ပါမလာတော့ဘူး.. နောက်ကလိုက်လာတဲ့ သူ့ မိသားစုတွေကတော့ ကျွန်တော့ကို မျှော်လင့်တကြီး ကြည့်လို့ နေတယ်.. ကျွန်တော်ဘာလုပ်ပေးရမလဲ.. အတတ်နိုင်ဆုံးတော့ CPR

(ရုပ်ရှင်တွေထဲကလို ရင်ဘတ်ကို ဖိပြီး နှလုံးကို နှိုးတာပါ) လုပ်ပေးတယ်.. သူသေနေမှန်း သိသိနဲ့ လုပ်ပေးတာပါ.. စိတ်ထဲမှာ မျှော်လင့်ချက်လေးနည်းနည်းတော့ထားမိတာပေါ့ဗျာ.. နောက်ဆုံးမှာတော့

လူတွေ ၀ိုင်းအုံနေတဲ့ကြားက ကျွန်တော် အကောင်းဆုံး စကားလုံးကို ရွေးရပါတယ်.. `လူနာက ဆုံးသွားပြီဗျ´ လို့ ပြောရမလား.. `မရတော့ဘူး´လို့ ပြောရမလား.. ရုပ်ရှင်တွေထဲကလို ခေါင်းလေးအသာရမ်းပြရမလား..

`ခင်ဗျားတို့ လူနာက အသက်တော့ မရှိတော့ဘူးဗျာ´ လို့ ကျွန်တော် ပြောလိုက်တယ်.. ငိုသံတွေ ကြားထဲမှာ လူနာအတွက် သေဆုံးကြောင်း ရေးစရာရှိတာတွေ ချရေးရတယ်.. သေသွားတဲ့သူက သူ့ ကိစ္စတွေပြီးသွားပေမယ့် ကျန်ရစ်သူတွေမှာ

လုပ်စရာတပုံတပင် ကျန်ခဲ့သေးတာကိုးဗျာ.. အဲဒီလို ကြုံတိုင်းမှာ အဖေနဲ့ အမေကို အရမ်းသတိရတယ်.. သူတို့ များတစ်ခုခုဆို ကျွန်တော်အနားမှာ ရှိမနေနိုင်ဘူး ဆိုပြီး ရင်ထဲမှာ အမြဲတစ်ဆို့ ဆို့ ဖြစ်ရတယ်..

 

တစ်ခါကဆိုရင် လူနာရှင်တစ်ယောက်က ကျွန်တော့ကို ဖက်ပြီး ငိုတာလည်း ကြုံရဘူးတယ်.. `ဆရာရယ်.. ကြည့်ပါဦး.. မျက်တောင်လေး လှုပ်သွားသလိုပဲ..´ `အားကိုးပါတယ်ဆရာရယ်.. အမေ့ကို ပြန်ခေါ်ပေးပါ´ ဆိုတဲ့ အသံတွေ.. `လက်ကလေးတွေ နွေးနေတုန်းရှိပါသေးတယ်.. ကိုင်ကြည့်ပါဦး..´ လို့ ပြောတာတွေ.. အမြဲလို ကြားရတိုင်း စိတ်ထဲမှာ မကောင်းဖြစ်ရတယ်.. သေလုမြောပါးဖြစ်နေတဲ့အချိန်မှာ နားကြပ်နဲ့ ရင်ဘတ်ကို နားထောင်နေတုန်း မိသားစုအားလုံး ကျွန်တော့ကိုကြည့်နေတဲ့ အကြည့်တွေအတွက် သေသွားပြီ ဆိုတဲ့ အကြောင်း ပြောရတာ (ကျွန်တော် အဲဒီလိုပြောခဲ့တဲ့

အကြိမ်ရေပေါင်း မနည်းတော့ဘူး) ဒါတောင်မှ ကျွန်တော့အတွက် အရမ်းကိုခက်ခဲတဲ့ အလုပ်တစ်ခုလိုပါပဲ.. မိသားစုတွေ မရှိတဲ့ သူတွေ အတွက် လွယ်ကူလှပေမယ့် သူ့ မိသားစုဝင်တွေကို ပြောရတာဟာ အာစေးမိနေသလို အမြဲခံစားရတယ်.. အလုပ်သဘော ဆိုရင်တောင် ကျွန်တော် အဲဒီလိုပြောလိုက်ဖို့ ရက်စက်ရာကျနေသလို ခံစားရတယ်..

 

တကယ်တော့ လူနာတွေရော.. လူနာရှင်တွေကိုရော.. ရောဂါအခြေအနေကို သိပြီးသားပါ.. အေးအေးဆေးဆေး ရှူလို့ ရနေတဲ့ လေကို ခက်ခက်ခဲခဲ ရှူသွင်းပြီး မောနေရတာ..တွေ.. အသိမရှိတော့တဲ့ သူတွေ.. စတဲ့စတဲ့ လူနာ

များစွာအတွက် လူနာရှင်တွေကိုတော့ ရောဂါအကြောင်းကြိုပြီး ရှင်းပြရပါတယ်.. ဖြစ်နိုင်တဲ့ အနေအထားကိုလည်း ရှင်းပြရပါတယ်.. `တစ်ရက်လောက်ပဲဖြစ်ဖြစ်/တစ်နာရီလောက်ပဲဖြစ်ဖြစ် ပိုနေရအောင်လုပ်ပေးပါနော်..´ လို့ ပြန်ပြောတဲ့သူတွေ ရှိသလို

`ကျွန်တော်/ ကျွန်မ တို့ က ဘယ်သူနဲ့ သိတယ်.. ဘယ်ဝါနဲ့ သိတယ်..´ စတဲ့ ခြိမ်းခြောက်သလို စကားတွေလည်းနားနဲ့ မဆံ့အောင်ကြားရပါတယ်..

 

သူငယ်ချင်းတစ်ယောက်ဆီက ရတဲ့ Grey's Anatomy ဆိုတဲ့ ဆရာဝန်တွေအကြောင်းရိုက်ထားတဲ့ အမေရိကန် TV Series တစ်ခုထဲမှာလည်း အဲဒီလို ပြသနာလေးတွေပါ ထည့်ရိုက်ထားပါတယ်.. ဒါ့အပြင် မိသားစု ရင်းနှီးမှု၊

ဆရာဝန်နဲ့ လူနာကြားက သံယောဇဉ် လေးတွေပါ ထည့်ရိုက်ပြထားကို တွေ့ ရပါတယ်.. တကယ်တော့ လူဟာလူပါပဲ.. ဘယ်စနစ် ဘယ်နိုင်ငံကြီးပဲ ဖြစ်နေပါစေ.. ဘယ်လောက်ပဲ ခေတ်မီနေပါစေ.. လူဟာ ခံစားတတ်တဲ့ သတ္တ၀ါတွေပါပဲ..

 

လူနာတစ်ယောက်သေကောင်ပေါင်းလဲ ဖြစ်နေပြီဆိုရင် Rescuitate လုပ်ရပါတယ်.. မြန်မာလို အလွယ်ပြောရင်တော့ အသက်ကယ် (ရှေးဦးသူနာပြု) တယ်ပေါ့ဗျာ.. စောစောက ပြောတဲ့ CPR အပြင်.. လုပ်လို့ ရသမျှ အကုန်လုပ်တယ်လို့ ပဲ ပြောရင်

ရပါတယ်.. Defibrillator နဲ့ Shock ရိုက်ပြီး လုပ်ရတယ်.. ဆေးတွေ အများကြီး ထိုးရတယ်.. လူနာလည်း ပင်ပန်းပါတယ်.. ကြည့်ရတာလည်း မသက်သာပါဘူး.. ဘေးက Monitor က တ တီတီ နဲ့ မြည်နေသမျှ ကျွန်တော်တို့ မနားကြပါဘူး.. တစ်ခုတော့

ရှိတာပေါ့လေ.. မိနစ် ၂၀ နာရီဝက်လောက်နေလို့ မှ ထူးမလာတော့ရင်တော့ လက်လျော့လိုက်ရတာပေါ့ဗျာ.. ကျွန်တော်တို့ နားလိုက်တဲ့နောက်.. Monitor မှာမြင်နေရတဲ့ Heart Beat လေးက တဖြည်းဖြည်းနှေးသွားတဲ့အခါ.. Oxygen Saturation တဖြည်းဖြည်း ကျသွားတဲ့အခါ .. ဘာမှဆက်လုပ်လို့ မရတော့ဘူး.. စက်နဲ့ အသက်ရှူနေတဲ့ လူနာဆိုရင်လည်း စက်ကိုဖြုတ်လိုက်တဲ့အခါ.. သူရဲ့ နောက်ဆုံးအချိန်ပါပဲ.. နောက်ဆုံး Monitor ကိုပိတ်လိုက်တဲ့အခါ .. လူနာကို ပိတ်နဲ့ လွှမ်းလိုက်တဲ့အခါ.. ငိုသံတွေ ကျွန်တော့ ဘေးနားမှာကျယ်လာတဲ့အခါ.. သေခြင်းတရားဟာ အနီးလေး လို ခံစားရပါတယ်..

ရပ်ကွက်ထဲမှာ နေ့ တိုင်းလူမသေပေမယ့် ဆေးရုံမှာ နေ့ စဉ်လိုလို သေခြင်းတရားကိုနဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ နေရတဲ့နောက် သေခြင်းတရားကို ထုံလာတယ်.. ဒါပေမယ့် မိသားစုတွေနဲ့ အပြီးတိုင် ခွဲခွာရတယ် ဆိုတဲ့ ခံစားချက်ကို တော့ နင့်နင့်သီးသီးခံစား နေရဆဲပါပဲ..

 

မှတ်မှတ်ရရ ရှိနေတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြချင်ပါတယ်.. အသည်းကင်ဆာနဲ့ လူ တစ်ယောက်ပါ.. သူ ဟာ အရက်သမားလည်း မဟုတ်သလို.. ဘီပိုး စီပိုးတွေလည်း မရှိပါပဲ ကံဆိုးစွာနဲ့ အသည်းကင်ဆာ ဖြစ်ရတာဖြစ်ပါတယ်.. ကံကောင်းတာကတော့ သူ့ ကို

ကိုယ်ဖိရင်ဖိ ပြုစုပေးတဲ့ သမီးတစ်ယောက်ရှိနေတာပါပဲ.. သူ့ ရဲ့ အသည်းကင်ဆာဟာ သူ့ ရဲ့ အဆုပ်အထိ ပါပြန့် နေပြီ.. အဆုပ်ထဲမှာလည်း ရေခိုနေပြီ.. ပြန့် နေပြီ.. ခွဲလို့ လည်း မထူးတော့ဘူး.. ကုလို့ လည်း မရတော့ဘူး.. သူ ဟာ သေဖို့ စောင့်နေတာပါ..

နေ့ စဉ်နဲ့ အမျှ နေ့ ရောညပါ ဆေးရုံ ကော်ရစ်ဒါမှာ Wheel Chair ပေါ်ထိုင်ရက်သားတွေ့ ပါတယ်.. `အဖေက ရှုခင်းကြည့်ချင်တယ်´ လို့  သူ့ သမီးက Wheel Chair ကို တွန်းလျက်သားပြောပါတယ်.. တစ်ခါတစ်လေ ဂျာနယ်တစ်စောင်

ဖတ်ပြနေတတ်သလို.. တစ်ခါတစ်ခါမှာ တရားစာအုပ်ဖတ်ပြနေတတ်တယ်.. တစ်ခါတစ်ခါမှာ သူ့ အဖေကို ဖြီးလိမ်းသန့် စင်ပေးနေသလို.. တစ်ခါတစ်ခါ မှာ စားစရာတွေ ခွံ့ ကျွေးနေတတ်ပါတယ်.. ကံကောင်းတာက သူ့ အသည်းကင်ဆာက သူ့ ဦးဏှောက်တွေကို မထိခိုက်တာပါပဲ.. သူဟာ အသိဥာဏ် ချို့ ယွင်းသွားတာမျိုးမရှိဘူး..

 လူနာကိုယ်တိုင်လည်း အသည်းကင်ဆာ ဖြစ်နေတာကို သိလျက်နဲ့ 

တောင် လန်းလန်းဆန်းဆန်း ရှိနေပါတယ်.. သူ့ သမီးကို လည်း အတော်လေး ချစ်ပုံပါပဲ.. ကျွန်တော်ဖြင့် နေ့ စဉ်နဲ့ အမျှ တွေ့ နေရပေမယ်.. လူနာနဲ့ ရွယ်တူလောက်ရှိမယ့် အဖေနဲ့ အမေကို သွေးပေါင်လေးတောင် ချိန်မပေးနိုင်တာ တွေးပြီး စိတ်မကောင်းတောင် ဖြစ်မိတယ်..

 

တစ်ရက်မှာတော့ လူနာအဖိုးကြီး အမောဖောက်ပါတော့တယ်.. ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ပေးပါတယ်.. ဒီတစ်ကြိမ်တော့ ပြန်ကောင်းသွားပါတယ်.. ICU ထဲမှာမို့ စိုးရိမ်ရတဲ့လူနာတွေချည်းပဲ ရှိနေပါတယ်.. တစ်ယောက်ပြီးတစ်ယောက် သေနေတာတွေ.. ကျွန်တော်တို့ Rescuitate လုပ်နေတာတွေ တွေ့ လို့ လားမသိဘူး.. သမီးလုပ်တဲ့သူက ကျွန်တော်တို့ ကိုပြောပါတယ်.. သူ့ အဖေသာ တစ်ခုခု ဖြစ်ခဲ့ရင် အဲဒီလို Rescuitate မလုပ်ဖို့ .. ဒီအတိုင်းလေးပဲ လွှတ်ပေးထားလိုက်ဖို့ .. ပြောပါတယ်..

(နိုင်ငံခြားမှာလည်း လူနာ က အဲဒီလို Request လုပ်ခွင့်ရှိပါတယ်.. အဲဒါမျိုးကို DO NOT RESCUITATE (DNR) လို့ Clinical Chart မှာ ရေးထားပါတယ်..)

 

တစ်ရက်မှာတော့ လူနာ အဖိုးကြီး ထပ်ပြီးတော့ ဖောက်ပါတယ်.. ဒီတစ်ခါတော့ အတော်ဆိုးပါတယ်.. သွေးပေါင်တွေထိုးကျနေသလို ဘေးက Monitor မှာ Heart Beat တွေ က ခုန်ချင်သလို ခုန်ပေါက်နေပါတယ်.. မကြာခင်မှာပဲ သွားတော့မယ် ဆိုတဲ့ အနေအထားပါပဲ..

လူနာအဖိုးကြီးဟာ ပြင်းထန်တဲ့ ဝေဒနာကို အလူးအလဲ ခံစားနေရပါတယ်.. လူနာရှင်က Request လုပ်ထားတဲ့ အတွက် ဒီအတိုင်းစောင့်ကြည့်ရုံက လွဲလို့ အထွေအထူး လုပ်မပေးတော့ပဲ ဘေးကနေပဲ ရပ်ကြည့်နေလိုက်ပါတော့တယ်..

လူနာအဖိုးကြီးဟာ သူ့ သမီးကို ယဲ့ယဲ့လေး ပြုံးပြပါတယ်.. ပြုံးလိုက်.. မဲ့သွားလိုက်.. ထပ်ပြီးကြိုးစား ပြုံးပြလိုက်..နဲ့ .. သူ့ သမီးကလည်း မျက်ရည်တွေကြားထဲက သူ့ အဖေကို ဖက်ထားပါတယ်.. အဖေ ဆိုတဲ့ အသံထွက်မလာပေမယ့် နှုတ်ခမ်း

လှုပ်သွားတာကို မြင်လိုက်တာနဲ့ တင် အဖေ လို့ ခေါ်နေမှန်း သိသာပါတယ်.. ဒီလိုနဲ့ အဖိုးကြီး ရဲ့ ပြုံးပြတဲ့ အကြိမ်ရေ တဖြည်းဖြည်း ကျဲကျဲ လာပါတယ်.. အဖေ..အဖေ ဆိုတဲ့ အသံ တဖြည်းဖြည်း စိတ်စိတ် လာပါတယ်.. ဘယ်သူက ဒီမြင်ကွင်းကို ကြည့်နေရက်မှာလဲ..

ကျွန်တော်တို့ နှလုံးကို ပိုပြီးညှစ်စေတဲ့ ဆေးသွင်းပေးဖို့ ပြင်ပါတယ်... Oxygen ကို ပိုပြီးပေးပါတယ်.. Ventricular Tachycardia လို့ ခေါ်တဲ့ နှလုံးခုန်ချင်သလို ခုန်နေတာကို ခဏဖြစ်ဖြစ် သက်သာအောင် ရင်ဘတ်ကို Shock ရိုက်ဖို့ ပြင်ပေမယ့်

သူ့ သမီးက ကျွန်တော်တို့ ကို ပေးမလုပ်ပါဘူး.. အတင်းဖက်တွယ်ထားပါတယ်.. လက်မှာ ထိုးထားတဲ့ Cannula ထဲကနေလည်း ဆေးထပ်သွင်းလို့ မရတော့ပါဘူး.. မထူးတော့ဘူး ဆိုတာကို ကျွန်တော်တို့ ရော.. လူနာရှင်ရော.. လူနာရော သိနေပါပြီ..

 

တဖြည်းဖြည်းနဲ့ Monitor မှာ တီတီ ဆိုတဲ့ အသံကနေ တီ ဆိုတဲ့ အသံရှည်ကြီး မြည်လာပါတယ်.. Oxygen Saturation မရှိတော့ဘူး.. မျက်လုံးသူငယ်အိမ်တွေ ကျယ်သွားပြီ.. ပြီးသွားပြီ..

လူနာအဖိုးကြီး သေသွားပါပြီ.. မျက်နှာဟာ ယဲ့ယဲ့လေးပြုံးရက်နဲ့ ဘ၀ကူးပြောင်းသွားပါပြီ..

ကျွန်တော် Monitor ကိုပိတ်လိုက်တဲ့အခါ.. သမီးကို သူနာပြုဆရာမကြီးက တွဲပြီး ခေါ်သွားတဲ့အခါ.. လူနာ ဆီက Oxygen ပိုက်ကိုဖယ်လိုက်တဲ့အခါ.. ဒီနေရာမှာ ဘ၀တစ်ခု ပြီးသွားပြီ ဆိုတာ ပြောစရာမလိုအောင် သိနေကြပါပြီ..

ကျွန်တော် ပွင့်နေတဲ့ အဖိုးကြီးရဲ့ မျက်လုံးတွေကို ပိတ်ပေးလိုက်တော့ မျက်ရည်တွေ စီးကျလို့ နေတာတွေ့ ရပါတယ်..

လူနာကိုလည်း မတွေ့ ရတော့ပါဘူး.. သူ့ သမီးကိုလည်း မတွေ့ ရတော့ပါဘူး.. ဒါပေမယ့် အဲဒီလို အဖေနဲ့ သမီး.. မိသားစုတွေ အပြီးတိုင်ခွဲခွာရခြင်း ကို မြင်နေရဦးမှာပါလား လို့ တွေးမိတယ်.. တကယ်လည်း တွေ့ နေမြင်နေရဆဲပါပဲ..

နောင်မှာလည်း ရှောင်ကွင်းလို့ မရအောင်တွေ့ နေရဦးမှာပါပဲ.. Monitor ကို ပိတ်လိုက်တဲ့အခါ ဘာမှ လုပ်ပေးစရာမလိုတော့ဘူး..မထူးတော့ဘူး..

 

Monitor ကို မပိတ်ခင်မှာသာ အကောင်းဆုံးလုပ်နိုင်သမျှ လုပ်ပေးဖို့ ကို လူနာရှင် တစ်ယောက်အနေနဲ့ ရော.. သားတစ်ယောက်အနေနဲ့ ရော.. ဆရာဝန်တစ်ယောက် အနေနဲ့ ပါ.. စဉ်းစားလိုက်မိပါတယ်..။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment