Sunday, 19 June 2011

[Big Brothers & Sisters] New doc: ဒ်ါအောင်ဆန်းစုကြည်၏၆၆ နှစ်မြောက်မွေးနေ့မိန့်ခွန်း

created the doc: "ဒ်ါအောင်ဆန်းစုကြည်၏၆၆ နှစ်မြောက်မွေးနေ့မိန့်ခွန်း"
Rozoner King created the doc: "ဒ်ါအောင်ဆန်းစုကြည်၏၆၆ နှစ်မြောက်မွေးနေ့မိန့်ခွန်း"

''ကျမရဲ့မွေးနေ့ဆုတောင်းက ကျမတို့အားလုံးငြိမ်းချမ်းကြပါစေဆိုတဲ့ဆုတောင်းပါ''

ဒ်ါအောင်ဆန်းစုကြည်၏၆၆ နှစ်မြောက်မွေးနေ့မိန့်ခွန်း

[By Myanmar Tutor]

 

ကျမရဲ့မွေးနေ့မှာ အားလုံးက လာဆုတောင်းပေးတဲ့အတွက် အားပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ပြောပါရစေလို့။ မွေးနေ့တခု၊ တခုကို ဖြတ်သန်းသွားပြီးလို့ဆိုရင် တနှစ်၊ တနှစ်ကြီးသွားပြီ ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်။ လူတယောက်က အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေကို အကျိုးပြုနိုင်သလားဆိုတာ ပြန်ပြီးတော့သုံးသပ်ဖို့လိုပါတယ်။

 

ကျမအနေနဲ့ အခုလိုလာရောက်ပြီးတော့အား ပေးတဲ့သူတွေရဲ့အကူအညီနဲ့ ကျမတို့နိုင်ငံတင်သာမက ၊ အခြားနိုင်ငံက ကမ္ဘာသူကမ္ဘာသားတွေအားလုံး အကျိုးအတွက် လုပ်နိုင်ဖို့ရာကြိုးစားနေပါတယ်။ အခုအချိန်မှာ အထူးသဖြင့် အရေးကြီးတာက ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း အခုကျမတို့နိုင်ငံမှာဆိုရင် စစ်မီးစ ပြန်ပြီးတော့ပွားနေတဲ့သဘောရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီနေ့ကျမရဲ့မွေးနေ့မှာ ငြိမ်းချမ်းရေးကိစ္စကို အလေးထားပြီးပြောချင်ပါတယ်။ အဲဒီတော့ ကျမကို မွေးနေ့ဆုတောင်းဘာလိုချင်လဲလို့ မေးရင်း ကျမတို့ နိုင်ငံမှာ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့အေးအေးဆေးဆေးနဲ့ သာသာယာယာနဲ့၀၀ပြောပြောနဲ့နေနိုင်ဖို့။ နိုင်ငံ တနိုင်ငံက တိုးတက်ဖို့သာယာဖို့ဆိုတာပထမဦးဆုံးတော့ငြိမ်းချမ်းဖို့လိုပါတယ်။

 

ကျမရဲ့မွေးနေ့ဆုတောင်းက ကျမတို့အားလုံးငြိမ်းချမ်းကြပါစေဆိုတဲ့ဆုတောင်းပါ။ အဲဒီတော့ ဒီလိုငြိမ်းချမ်းဖို့ဆိုတာ ကျမတယောက်တည်း လုပ်လို့လည်းမဖြစ်ဘူး။ကျမတို့တဖွဲ့တည်းလုပ်လို့လည်းမဖြစ်ဘူး။ အားလုံးက ၀ိုင်းလုပ်ပေးမှ ဖြစ်မှာပါ။ အဲဒါကြောင့် ကျမတို့နိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ ငြိမ်းချမ်းရေးရဖို့ အတွက် အားလုံးက ၀ိုင်းဝန်းပြီးကူညီကြ ပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။ ကျမတို့နိုင်ငံငြိမ်းချမ်းတဲ့အခါကျမှ အခြားကိစ္စတွေကို တဆင့်ပြီးတဆင့် သွားနိုင်မှာပါ။ အားလုံးသိတဲ့အတိုင်း အခု အနှစ် ၂၀ကျော်လာပြီ။ ကျမတို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ကျမတို့နိုင်ငံမှာ တိုးတက်ရေး၊ သာယာရေးကြိုးစားခဲ့ပါတယ်။

 

အမျိုးသားရင်ကြားစေ့ရေးဆိုတာကလည်း ငြိမ်းချမ်းရေးမရှိလို့မဖြစ်ပါဘူး။ ငြိမ်းချမ်းရေးက ပထမခြေလှမ်းပါ။ ကျမတို့ငြိမ်းချမ်းရေးရဖို့ အားလုံးကူညီကြပါ။ အခြားမွေးနေ့လက်ဆောင်တွေက ဒီလောက်အရေးမကြီးပါဘူး။ တကယ်အရေးကြီးတဲ့  လက်ဆောင်က ဘာလဲဆိုတော့ ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရစေမယ့် စိတ်ထားတွေ တဦးချင်း၊ တဦးချင်းပွားပေးကြပါလို့။ တချို့ပြောမယ် ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းဖို့ ကူညီပေးပါဆိုရင် ကျနော်တို့က ဘယ်လိုကူညီပေးနိုင်မှာလဲ၊ ကျမတို့က ဘယ်လိုကူညီပေးနိုင်မှာ လဲဆိုပြီးမေးကြတယ်၊ မေးကြလို့ရှိရင် ကိုယ့်စိတ်ထဲက ဒီကမ္ဘာကြီးမှာ ဖြစ်သမျှကိစ္စမှန်သမျှ စိတ်ထဲကနေ စရ မှာပဲ။ ကမ္ဘာကြီးမှာဖြစ်ခဲ့တဲ့ အပြောင်းအလဲက ဘယ်ကစသလဲဆိုတော့ လူသားတွေရဲ့ အတွေးအခေါ်က စခဲ့တာပဲ။ အဲဒီတော့ ဒီအတွေးအခေါ်တွေ ပြောင်းလဲမှ ကမ္ဘာကြီးပြောင်းလဲနိုင်မှာဖြစ်ပါတယ်။  လူတယောက်ချင်း၊ တယောက်ချင်းကနေပြီးတော့ ငြိမ်းချမ်းရေးကို ဦးတည်မယ့်အတွေးအခေါ်တွေ ပြုစုပျိုးထောင်မယ်ဆိုရင် ကျမတို့နိုင်ငံတင်မှာက တကမ္ဘာလုံးမှာ ငြိမ်းချမ်း ရေးရနိုင်မှာဖြစ်ပါတယ်။ ကျမမွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ဆိုပြီး သတ်မှတ်ကြပါတယ်။

 

အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးတော့ ငြိမ်းချမ်းရေးကို လိုလားမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တွေဖြစ်ပြီ၊ အကြမ်းဖက်မှုတွေဖြစ်ပြီဆိုလို့ရှိရင် ပထမဦးဆုံး၊ အများဆုံးလာခံ ရတာတော့ အမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်တယ်ဆိုတာ  အားလုံး၊ တကမ္ဘာလုံးက အသိအမှတ်ပြု ထားတဲ့အချက်တခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို အမျိုးသမီးတွေက ပိုပြီးတော့ ငြိမ်းချမ်းရေးဘက်ကို အားသန်တယ်၊ ငြိမ်းချမ်းရေးဘယ်လောက်လိုလားတယ်၊ လိုအပ်တယ်ဆိုတာလည်း ကောင်းကောင်းနား လည်ကြပါတယ်။ ဒါကြောင့် ကျမတို့အမျိုးသမီးများနေ့လို့ဆိုတဲ့ ကျမမွေးနေ့မှစပြီးတော့ နောင်နှစ်ပေါင်းများ စွာ၊ နှစ်အဆက်ဆက်၊ ခေတ်အဆက်ဆက် ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် အားလုံးဝိုင်းပြီးတော့ ကူညီအားပေးကြလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်။

 

မွေးနေ့ရှင်က သိပ်ပြီးစကားရှည်ရှည်ပြောနေရင် မကောင်းပါဘူး။ ကိုယ်လိုချင်တဲ့ဆုကို တောင်းပြီးရင် ဒါပြီးလောက်ပါတယ်။ ကျမလိုချင်တဲ့ဆုက ဒါပါပဲ။ ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရချင်တယ်၊ ငြိမ်းချမ်းရေးမှတဆင့် ကျမတို့နိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြား စေ့ရေးဖြစ်ပြီးတော့ အဲဒီကမှ တဆင့် ပြည်သူပြည်သားများလိုလားတဲ့စနစ်တခုဒီနိုင်ငံမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နိုင်အောင်လို့  အားလုံးဆုတောင်းကြပါ။ ကျမတို့နိုင်ငံက အစ တကမ္ဘာလုံး မှာလည်း ငြိမ်းချမ်းရေး၊  သာယာရေး၊ ချမ်းသာရေး၊ အားလုံးရနိုင်ပါစေလို့ ကျမနဲ့အတူ ဆုတောင်းကြပါလို့ ထပ်မံပြောရင်းနဲ့နိဂုံးချုပ်ပါတယ်။  

 

 

 

(NLD မှ မိတ်ဆွေတဦးပေးပို့ပါသည်)


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment