Saturday, 11 June 2011

[Big Brothers & Sisters] New doc: “ဒေါက်တာရမ်းကု မပုယောင်္ကျား”

created the doc: "
BigBrother Myanmar created the doc: ""ဒေါက်တာရမ်းကု မပုယောင်္ကျား""

"ဒေါက်တာရမ်းကု မပုယောင်္ကျား"

[By Soe Min ]

 

             "လွယ်အိပ်တစ်လုံးနဲ့ ရွာစဉ်လည် ချစ်သူမောင်ရယ်။ ဆေးကုစားတဲ့ယောဆရာလို့ပင် ထင်ကြပေမယ်။ ပျိုသိက္ခာရှိအောင် စိတ်ဝယ်မှန်းကာ နေစမ်းပါကွယ်" တဲ့။ မအေးမိပြေုာသလိုဆိုရင်ဖြင့် ဆေးကုစားတဲ့ ကျုပ်တို့ဆေးဆရာတွေမယ် သိက္ခာမရှိသလိုကြီးနော်။ ဆရာဝန်ဆိုတာ ဆေးကုမပေးပဲ ၀တ္ထုရေး၊ သီချင်းဆို၊ ရုပ်ရှင်ရိုက်၊ တခြားအသက်မွေးမှု တစ်ခုခုနဲ့ တွဲထားနိုင်မှ ဂုဏ်ရှိမယ့်ခေတ်ကြီးများ ဖြစ်နေပြီလားမသိဘူး။ ဆရာဝန်တန်မဲ့ ဆေးခန်းလေးများထိုင်စားမယ်ကြံရင် သူ့ခမျာ တခြားအလုပ်မှ မလုပ်တတ်ရှာပဲကိုး လို့ သနားကြည့်ကြည့်ကြတဲ့သူတွေ များများလာသဗျ။ ဦးစိန်ဘက ဆရာဝန် ကုသရေးမှာ သူထူးချွန်ဆိုပေမယ့် အဲဒီထူးချွန်နဲ့ ကုသရေးနဲ့ ရှင်သန်အောင် အသက်မွေးနိုင်ဖို့အတွက် မိန်းမက ကုန်စုံဆိုင်ဖွင့်ပြီး ကျားကန်ပေးရမယ့်သဘောရှိတယ်ဗျို့။ သိတဲ့အတိုင်းပဲလေ။ ကျုပ်တို့ ရွှေပြည်ကြီးမှာ မှီတင်းနေထိုင်ကြတဲ့ ရွှေပြည်သူပြည်သားများဟာ ရွှေဘဘကြီး စိန်ဘဘကြီးတို့ရဲ့ မေတ္တာရိပ်အောက်မှာ ရှိပါသောကြောင့် ဘယ်သူကမှ လစာမျှော်ကိုးပြီး နိုင်ငံတာဝန်ထမ်းဆောင်နေကြတာမဟုတ်ဘူးဗျ။ အရင်တုန်းကလို ပြတ်တုန်းငတ်တုန်း ၂၃ တို့၊ ဟိုချေးဒီချေး ၂၄တို့ဆိုတာ ခေတ်ကုန်သွားပြီ။ မေတ္တာနယ်မြေမှာ သူတို့အားလုံး တစ်ဦးမေတ္တာ တစ်ဦးမှာ နဲ့ ရပ်တည်နေထိုင်ကြရရှာတယ်။ ဒါကြောင့် မေတ္တာရပ်ခံလိုက်၊ မေတ္တာတုန့်ပြန်လိုက်၊ မေတ္တာပို့လိုက်၊ မေတ္တာဝေလိုက် နဲ့ ဟုတ်နေကြတော့တာပဲ။ စတိုးဆိုင်တွေကတောင် မေတ္တာတွေ ပြန်လက်ခံတယ်။ တံဆိပ်သာမခွာနဲ့။ ဘောက်ချာနဲ့ ပြန်သွင်း၊ သင့်အောင် စီစဉ်ပေးတယ်။ မေတ္တာရေတွေကလည်း အရောင်အပတ် တံဆိပ်အမျိုးမျိုးနဲ့ဆိုတော့ ဘဘကြီးတင်မကဘူး ကြီးတော်ကြီးကလည်း သဘောကျတာပဲ။ မသောက်ကာမှနေရော။ အဲဒီမေတ္တာစက်ဝန်းကြီးထဲမှာ ကန့်လန့်ကြီးခံနေတာကတော့ ကျုပ်တို့ဆရာဝန်တွေပါပဲ။ ရေလောင်းတာကတော့ ပြဿနာမရှိပါဘူး။ ဆရာဝန်ဆီကရေမို့ ဘယ်သူကမှ စနိုးစနောင့်မဖြစ်ဘူး။ လာထား အာဘွား။ လျှောကနည်းပဲ။ ရေ၀င်ခပ်မယ်ဆိုရင်တော့ ရှော့ခ်ရှိပါတယ်။ ကွိုင်ပူတတ်ပါတယ်။ မိုးကြိုးပစ်တတ်ပါတယ်ခင်ဗျာ။ ဆရာဝန်ပင်စင်သွားလို့ အိမ်ပိုင်ကလေးတစ်လုံးကျန်တယ်ဆိုရင် အလွန်ဆုံးရှိလှ ဒဂုံမြို့သစ်မှာပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ခပ်ရတဲ့ရေနဲ့ မတန်တဆကိုပဲ အများမျက်စိစပါးမွှေးစူးကြတာ ဘာလို့များပါလိမ့်။ ဒါကြောင့် ဆရာဝန်တော်တော်များများဟာ အလုပ်ထဲမှာ ရေခပ်လေ့မရှိပါဘူး။ (ရှိလည်း အနည်းစုလို့သာ မှတ်လိုက်ပါဗျာ။) သူတို့အတွက် ညနေရုံးဆင်းချိန်ရောက်မှ အိမ်မပြန်နိုင်ပဲ သုဝဏ္ဏသာမ သမင်ငါးရာခြံရံလို့ မိဂသမ္မဒါမြစ်ကမ်းဆင်းသလို ရေခပ်ကြရပါတယ်။ အဲဒါကို သူတို့အချင်းချင်းတော့ ဂျီပီလို့ ခေါ်သဗျ။ ကြီးကြီးငယ်ငယ် အသွယ်သွယ်သောဆရာဝန်တို့ရဲ့ ထမင်းအိုးကြီးဟာ အဲဒီဂျီပီများပါပဲခင်ဗျား။

          ဂျီပီဆိုတာ ဆရာဝန်တစ်ယောက်အတွက် ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ သမ္မာအာဇီဝစစ်စစ်ဆိုရင် မမှားပါဘူး။ ကိုယ့်ဆီလာတဲ့လူနာကို ပျောက်ကင်းအောင်မကုနိုင်ပဲနဲ့ ဘယ်ဂျီပီမှ ကြော်ငြာအားကိုးနဲ့ ကြိတ်ကြိတ်တိုးမနေပါဘူး။ ကိုယ်တိုင်ကုပေးလိုက်တဲ့၊ ဆေးပေးလိုက်တဲ့ လုပ်အားခတန်ဖိုးစစ်စစ်ကိုသာ ရကြတာပါ။ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေကို ဂျီပီမှာ အရောင်းအ၀ယ်လုပ်လို့မရပါဘူး။ "ချာဝန်လေးက ချစ်ချာလေးတော့။ သနားပါတယ်။ ရော့ မုန့်ဖိုး" ဆိုပြိး ရုပ်ပြစားလို့လည်းမရဘူး။ "ဖြူဖြူ့ဆေးခန်းကိုလာခဲ့နော်။ ဖျားသခင်ကောင်းချီးပေးပါစေ။ အာမင်.." ဆိုပြီးတော့လည်း အိယောင်ဝါးလုပ်လို့မရဘူး။ တကယ်တတ်ပြီး တကယ်ကုလို့ တကယ်ပျောက်မှ အလုပ်ဖြစ်မှာ မဟုတ်လား။ ဒါပေမယ့်လည်း ပိတ်သတ်ကြီးတို့က တဆိတ်တော့ လွန်သကွယ်။ ကျုပ်တို့လို ချာဝန်ပေါက်စလေးတွေရဲ့ ဆေးခန်းပိစိညှောက်တောက်ကလေးတွေကို မညှာမတာ နံမည်တပ်ကြတယ်။ ကလေးတွေကလည်း မကြားတကြား သီချင်းဆိုတယ်။ "ဒေါက်တာရမ်းကု မပုယောင်္ကျား၊ ခေါ်တော့သုံးဘီး စီးတော့ဆိုက်ကား" တဲ့။ မုန်းစရာ။

         ဂျီပီလောကမှာ ရေများရာမိုးရွာတယ်ဆိုတဲ့သဘောကို ဆရာဝန်ဘက်မှာရော လူနာဘက်မှာပါ တွေ့ရပါတယ်။ လူနာတွေရဲ့သဘောကလည်း ကျီးနဲ့ဖုတ်ဖုတ် လူနာတစ်ယောက်မှ မရှိတဲ့ဆေးခန်းဆို ၀င်ကိုဝင်မပြချင်ဘူး။ ဆရာဝန်တွေကလည်း ဆရာဝန်ပေါတဲ့မြို့ကြီးပြကြီးတွေမှာသာ များချင်သလောက်များ ၀င်တိုးချင်ကြတာ။ ဆရာဝန်မရှိတဲ့ တောကြိုအုံကြားများ မသွားချင်ပါဘူး။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ နယ်အပို့ခံလိုက်ရတဲ့ဆရာဝန်ကလေးတွေဟာ လွှတ်စမှာ မျက်ရည်စက်လက်နဲ့ ထွက်သွားကြပေမယ့် အသားကျသွားရင် ဂျီပီကလေးကောင်းလာပြီး မောင်ကြီးမပြန်နိုင်တယ် ဖြစ်ကုန်ရော။ တချို့ဆို ပီဂျီဘွဲ့လွန်တောင် ဆက်မတက်တော့ပဲ မြို့နယ်ဆရာဝန် ဆေးရုံအုပ်လိုင်းကို ရောက်သွားကြတယ်။ သိပ်ကောင်းလွန်းလို့ အိမ်ထောင်ရက်သားပါ ကျသွားပြန်တော့လည်း အပြောင်းအရွှေ့ရှိလာရင်တောင် အလုပ်ထွက်ပြီး အခြေချလိုက်ကြတော့တာ။

         ဒါပေမယ့်လည်း ကိုးဆူကုန်သောဘုရားရှင်တို့တောင် ဘုရားကိုးဆူဆရာလက်ထဲမှာ "သည်အရပ်ကိုကြွပါဘုရား။ ထိုအရပ်၌စံနေတော်မူပါဘုရား" နဲ့ နေရာချထားခံကြရလေတော့ ၀န်ထမ်းဆရာဝန်ဆိုတာလည်း ဆန်ကောထဲက ဇီးဖြူသီးကလေးတွေကမှ ငြိမ်ငြိမ်နေရဦးမလားပဲ။ တမြို့တရွာမှာ ဂျီပီကောင်းနေတဲ့ဆရာဝန်ဆိုရင် ဒီကိုဟိုကို လူစားထိုး၊ အစည်းအဝေးလွှတ်နဲ့ ဘယ်နေရာမှ ဖင်နွေးအောင်မထားပဲလွယ်အိပ်တစ်လုံးနဲ့ ရွာစဉ်လည်ခိုင်းတတ်တယ်။ သက်ဆိုင်ရာ မြို့တော်ရင် ရွာတော်ရင်တွေကို ပသလိုက်မှ အမိုက်အမဲလေးတွေကို ခွင့်လွှတ်တော်မူတယ်။ ဒီ့ထက်ချစ်အောင်နေတတ်ရင်တော့ဖြင့် ဆွမ်ပရာဘွမ်ရာထူးနဲ့လည်း ရုံးချုပ်မှာ တွဲထားပေးလို့ရတယ်။ လုပ်ငန်းလိုအပ်ချက်အရလေ။

          ဘယ်ဆရာဝန်ပဲဖြစ်ဖြစ် သူ့နံမည်ကို မြို့တစ်မြို့နဲ့တွဲပြီး စာရွက်တစ်ရွက်ပေါ်မှာ ပါလာရင် အရင်ဆုံးသိချင်တဲ့မေးခွန်းက အဲဒီမြို့မှာ ဂျီပီကောင်းသလား ဆိုတာပါ။ အမှန်က မေးစရာတောင်မလိုပါဘူး။ ဆရာဝန်တွေရဲ့ ဘုရားကိုးဆူဆရာကြီးတွေက မြို့တွေရွာတွေကို အဆင့်အတန်းခွဲခြားသတိမှတ်ထားပြီးသား။ အဲဒီဂျီပီကောင်းမကောင်းဆိုတဲ့အပေါ်မှာပဲ ခွဲခြားထားတာ။ အားလုံး သူ့ဈေးနဲ့သူရှိတယ်။ ငွေတစ်မတ်နဲ့တော့ငါးကြင်းခေါင်းလာမကိုင်လေနဲ့။ ရွှေစော်မနံရင် ပြန်လိုက်ဦးပဲ။ အဲဒါကြောင့်မို့လို့ တရပ်တကျေးမြို့ကြီးပြကြီးတွေမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကြီးပွားနေကြတဲ့ ဂျီပီဆရာဝန်ကြီးများဟာကို တွေ့ပြီဆိုရင် ဒါဟာ အလကားဖြစ်လာတာမဟုတ်ဘူး လို့ သဘောပေါက်။ အတိတ်ကပြုထားတဲ့ ကုသိုလ်ကံအဟုန်ကြောင့်သာ ဖြစ်လာတာ။ "ရှေးကပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ" မင်္ဂလာပေါ့ကွယ်။ ခုလောက်ဆို မောင်စံဖားတစ်ယောက် အမ်းမှာ ဂျီပီဘယ်လောက်ကောင်းနေမလဲ ခန့်မှန်းလို့ရလောက်ပြီပေါ့နော်။

         ဂျီပီရဲ့သဘောက တကယ်တော့ သစ်ပင်စိုက်သလိုပါပဲ။ ခုရေတွင်းတူး ခုရေကြည်သောက်လို့မရဘူး။ ဒီနေရာမှာ ဒီအချိန် ဒီဆရာဝန်ကလေးရှိတတ်တယ်။ အဲဒီဆရာဝန်ကလေးက မဆိုးဘူး။ ဆေးကုတာတော်တယ်။ ဆက်ဆံရေးကောင်းတယ်။ ဈေးလည်းသိပ်မကြီးဘူး။ စတာတွေကို တဖြေးဖြေး လူသိများလာမှ အဲဒီဆရာဝန်ကလေး ထမင်းနပ်မှန်လာမှာလေ။ အဲဒီအတွက် ဆေးဖိုး၊ အခန်းခ နဲ့ ပညာအပြင်ကို အချိန်တွေလည်း ရင်းရပါတယ်။ သူများတကာ ကိုရီးယားကားကောင်းနေလို့ မလာနိုင်သေးလည်း ဆရာဝန်ကလေးက ဆေးခန်းမှာ ငုတ်တုတ်စောင့်ရတယ်။ ဘောလုံးပွဲကောင်းနေလို့ ဝေးကနဲအော်သံကြားလည်း ဘယ်နှစ်ဂိုးလဲ မေးရုံအပြင် ထမကြည့်နိုင်ဘူး။ သူများတွေ ရုံးကအပြန် မိသားစုနဲ့အတူ ညစာစား ရေချိုး တီဗီကြည့်နေတဲ့အချိန်ကို သူ့ခမျာ နေ့တိုင်း ရောင်းစားရနေရှာတယ်။ မိတ်ဆွေတရားသူကြီးက ပြောဖူးတယ်။ သူတို့အတွက် နေရာတနေရာမှာ နှစ်နှစ် သုံးနှစ်ကြာလို့ ကိုယ့်ကို လူတော်တော်များများသိကုန်ခင်ကုန်ရင် အလုပ်လုပ်လို့မကောင်းတော့ဘူးတဲ့။ မျက်နှာနာစရာ အားနာစရာတွေ ဖြစ်တတ်တာကိုး။ ဆရာဝန်တွေကျတော့ အဲသလေက်ကြာလို့ ကိုယ့်ကိုလူတွေသိလာမှ လုပ်လို့ကိုင်လို့ ကောင်းလာတာ။ ကောင်းလည်းကောင်း ပြောင်းလည်းပြောင်းပေါ့။ နေရာတွေစုံသွားတဲ့အခါ လူချစ်လူခင်တွေပေါသထက်ပေါလာပြီး အမတ်တောင် ၀င်ရွေးလို့ရလာတယ်ထင်ပါရဲ့။ ဒါကြောင့်တို့ဆရာကြီးတွေ ခေါင်းပေါင်းစတလူလူဖြစ်လာတာနေမှာ။ "အေးပါ။ မင့်ကျမှ ပျော်နေတယ်ဆိုရင် အမ်းမှာချည့်ပဲ မပြောင်းပဲထားပေးမယ်။ နေစမ်း။ အမုန်း" ဆိုရင်တော့ ဒုက္ခပါပဲ။ လကားလကား စတာနော်။ ဒီကလည်း မပြောင်းမချင်းတော့ ဆက်ရေးနေဦးမှာပါလေ။ တော်တော်ကြာကျမှ မပြောင်းမဖြစ်နဲ့ အင်းစိန်၊ သာယာဝတီ၊ စစ်တွေ၊ မြစ်ကြီးနားတွေ ပြောင်းပေးနေရဦးမယ်။ ဒါထက် စကားမစပ် အထဲမှာ ဂျီပီကောင်းသလား ဟင်။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment