Wednesday, 22 June 2011

[Big Brothers & Sisters] New doc: နိုင်ငံရေးတွင် ပါတီနှင့် ပြည်သူများ အခန်းကဏ္ဍ

created the doc: "နိုင်ငံရေးတွင် ပါတီနှင့် ပြည်သူများ အခန်းကဏ္ဍ"
Rozoner King created the doc: "နိုင်ငံရေးတွင် ပါတီနှင့် ပြည်သူများ အခန်းကဏ္ဍ"

[By Min Thant Syn]

နိုင်ငံရေးစနစ် တစ်ခုကို တည်ဆောက်ရာတွင် အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံးမှ နိုင်ငံရေး ပါတီများ ဖြစ်သည်။ စနစ်အတွက် ပါတီသည် အသက်ဟူ၍ပင် ဆိုနိုင်သည်။ ပြည်သူတိုင်း ပါတီကို စိတ်ဝင်စားသည် ဟူ၍တော့ မပြောနိုင်ပေ။ တစ်ခုခု မကျေနပ်ချက်များ ပေါ်လာလျှင်၊ အခြေအနေကို အခွင့်ကောင်း ယူပြီး ဟိုအော် သည်အော် ပါတီတွေက ၀င်လုပ် ပေးလာလျှင်၊ မျှော်လင့်ချက်များ ပေးနိုင်လျှင်၊ ပေးနိုင်ကြောင်း အပြောကောင်းလျှင်၊ ပါတီအပေါ် စိတ်ဝင်စားချင်ချင် ဖြစ်လာကြလိမ့်မည်။ မဲပေးပြီး လုပ်ချင်တာ လုပ်ကြတာပဲ၊ ခုတော့ နားငြီး သက်သာအောင် မဲပေးလိုက်ကြ ဆိုသည့် လူတန်းစားက အများစု ဖြစ်နေတတ် သည်ကိုလည်း သတိပြုကြရမည်။

ဒီမိုကရေစီနိုင်ငံ အများစု ပေါ်ပေါက်လာပြီး ပါတီများ၏ အခန်းကဏ္ဍလည်း ရှေ့တန်းကို ရောက်လာသည်။ ပညာတတ်တွေက ပါတီတွေထဲ ရောက်လာပြီး မူဝါဒတွေ၊ သဘောတရားတွေ ချမှတ်ကာ ဦးဆောင်ကြသည်။ ရွေးကောက်ပွဲကြောင့် ပါတီတွေ လှုပ်ရှားခွင့် ရလာပြီး လူထုကြားတွင် ပိုပြီး ကျယ်ပြန့်လာသည်။ ပါတီများ၏ ဦးတည်ချက်ကလည်း နိုင်ငံရေး အာဏာကို သိမ်းပိုက် နိုင်ရေးသာ ဖြစ်သည်။

နိုင်ငံရေး ပါတီများသည် အလွန်ရှုပ်ထွေးသည့် အသွင်ဆောင်ပါသည်။ ကျစ်လျစ် ခိုင်မာခြင်း ရှိနိုင်ခဲသည်။ တစ်သံတည်းထွက်၊ တစ်သားတည်း ဖြစ်နိုင်ခဲသည်။ လူတန်းစား၊ လူမျိုး၊ ဘာသာရေး၊ စီးပွားရေး အဆင့်အတန်း ကွာခြားမှုများ ကြားမှပင် ညှိနှိုင်းကာ ပေါင်းစပ်ထားရခြင်း ဖြစ်သည်။ ခေတ်သစ်တွင် နိုင်ငံရေးကို ဖော်ဆောင်ရန်ကလည်း ပါတီကလွဲပြီး အခြား အခြား တာဝန် ယူနိုင်သူက မရှိ။ မီဒီယာကလည်း ကန့်သတ်ချက်တွေ များသောကြောင့် ထင်တိုင်း ခရီးမပေါက်နိုင်သည့် အနေအထားတွင် ဖြစ်သည်။

နိုင်ငံရေး ပါတီများ ပေါ်ထွန်းလာခြင်း အတိတ်

နိုင်ငံရေး ပါတီများ ပေါ်ထွန်းလာသည့် သက်တမ်းသည် အစိုးရ သက်တမ်းနှင့် တန်းတူလောက် ဖြစ်မည် ထင်သည်။ အဘယ်ကြောင့် ဆိုသော် ပါတီဟူ၍ အမည်မခံခင် ကတည်းက ဂိုဏ်းဂဏ အုပ်စုများ အသွင်ဖြင့် ပေါ်ထွန်းခဲ့ပြီး ဖြစ်နေသည်။ နိုင်ငံ့ အာဏာရရေး၊ အစိုးရ အာဏာရရေး အတွက် အုပ်စုဖွဲ့ကာ ကြိုးပမ်းခဲ့မှုများသည် သမိုင်းနှင့် ချီပြီး ရှိနေခဲ့သည်။ အတိတ်က ဂိုဏ်းအုပ်စုများသည် ပြည်သူကို အဓိက မထား၊ မိမိတို့ အုပ်စုဝင် များဖြင့်သာ နိုင်ငံရေး အာဏာကို ရယူရန် ကြိုးပမ်းလေ့ ရှိကြသည်။

ပစ္စုပ္ပန်

မျက်မှောက်ခေတ် နိုင်ငံရေး ပါတီများသည် ပြည်သူကို အခြေခံလာပြီး နိုင်ငံရေး အာဏာကို ရသည်ဖြစ်စေ မရသည် ဖြစ်စေ နိုင်ငံရေး လှုပ်ရှားရန် အတွက် ဖွဲ့စည်းလာသည့် အဖွဲ့အစည်းများ ဖြစ်လာသည်။ အနောက် နိုင်ငံများတွင် ပါတီနိုင်ငံရေး လှုပ်ရှားမှုများသည် အမေရိကန်နှင့် ပြင်သစ် တော်လှန်ရေး နောက်ပိုင်းမှ ပိုပြီး ထင်ရှားလာသည်။ ပြည်သူ တို့ကလည်း တော်လှန်ရေး၏ အောင်ပွဲကို လက်တွေ့ မြင်လာပြီး နိုင်ငံရေးကို ပိုမို စိတ်ပါ ၀င်စားလာကြသည်။ ဒီမိုကရေစီသည် လူတိုင်းအတွက် ပြောစမှတ် ဖြစ်လာသည်။

နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍ

၁၈ ရာစုအတွင်း ပါတီများ၏ အခန်းကဏ္ဍသည် အားရလောက်စရာ အနေအထားတွင် မရှိပေ။ ပြည်သူဆိုသည့် သဘောထက် ပါတီဝင်များ အကျိုးအတွက် သက်သက် လုပ်ဆောင်နေကြသည့် သဘော ဖြစ်နေသည်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါတီများ၏ အခန်းကို ဖော်ဆောင်ခဲ့မှု မရှိဘဲ အစိုးရကို ပါတီများ၏ အခန်းကဏ္ဍ မပါဘဲ ဖော်ဆောင်နိုင်ခဲ့ ကြသောကြောင့် ပါတီများအပေါ် အထင်ကြီးခြင်း မရှိခဲ့ကြောင်း တွေ့ရသည်။ ဂျော့ဝါရှင်တန်က သူ့သမ္မတ နှုတ်ဆက်ပွဲတွင် ပြောကြားခဲ့သည့် စကား၌ ပါတီများ၏ အခန်းကဏ္ဍကို ဆန့်ကျင်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန် ပြောကြားခဲ့သည်။ ယနေ့ခေတ်တွင် နိုင်ငံရေး ပါတီများ မပါဘဲ အစိုးရ ထူထောင်ရန် မဖြစ်နိုင်သည့် အနေအထားကို ဖော်ဆောင် နိုင်ခဲ့ကြခြင်းသည် ပါတီများ၏ အခန်းကဏ္ဍ နိုင်ငံရေးတွင် မြင့်မားလာ သောကြောင့်ဟု ဆိုရမည်။ နိုင်ငံရေးနှင့် အစိုးရ ဖွဲ့ရေးတွင် ပါတီများသည် မရှိမဖြစ် အသွင်ဆောင်လာခဲ့သည်။

(က) ရွေးကောက်ပွဲ ၀င်မည့်သူများကို တင်သွင်းလာရခြင်း

နိုင်ငံရေး ပါတီများသည် မိမိတို့ ပါတီများကို ကိုယ်စားပြုကာ ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ် လောင်းများကို အမည်စာရင်းများ တင်သွင်း ထုတ်ပြကြရသည်။ ပါတီများ အနေဖြင့် ကိုယ်စားလှယ်လောင်း အဖြစ် သင့်လျော်မည့်သူကို မဖော်ထုတ်ဘဲနှင့် ပြည်သူများကလည်း မဲပေးနိုင်ခွင့် ရကြမည် မဟုတ်ပေ။ ပါတီများကလည်း မိမိတို့ ပါတီကို ကိုယ်စားပြုမည့်သူအား ပြည်သူများသို့ ချပြရသည်။ ပါတီနှင့် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသူများ ဖြစ်နိုင်ရန် ခေါင်းဆောင်ကောင်းကို ရွေးချယ် ဖော်ထုတ် ပေးရခြင်းသည် ပါတီများ၏ တာဝန် ဖြစ်လာသည်။

(ခ) ပြည်သူ့ ဆန္ဒကို နှိုးဆွပေးရခြင်း

နိုင်ငံရေး လှုပ်ရှားမှုများ၊ စည်းရုံးရေး ကာလများတွင် ပါတီများသည် ပြည်သူတို့၏ သဘောထားနှင့် ဆန္ဒ စကားများကို နားထောင် ပေးရသည်။ သူတို့ တင်ပြ ဆွေးနွေးချက်များသည် အစွန်းရောက်သော၊ တစ်ဖက်သတ်ဆန်သော၊ အခြေအမြစ် မရှိသော စကားများ ဖြစ်ကောင်း ဖြစ်မည်။ သို့ရာတွင် ပါတီ ခေါင်းဆောင် ဆိုသည်မှာ ပိုင်းခြား ဝေဖန် စဉ်းစား ဆုံးဖြတ်နိုင်စွမ်း ရှိသူများ ဖြစ်ရလိမ့်မည်။ လမ်းမှန်ကို တည့်မတ်ပေးနိုင်သူများ ဖြစ်ရမည်။ ကျိုးကြောင်းသင့် ဖြေရှင်း ပြသနိုင်သူများ ဖြစ်ရမည်။

(ဂ) ပြည်သူကို မဲပေးချင်အောင် စည်းရုံးခြင်း

ပြည်သူ ဆိုသည်က တွန်းအား မရှိလျှင် မဲလာပေးချင်သည့် သူများ မဟုတ်ကြပေ။ သို့ဖြစ်ရာ မဲဆန္ဒ ပေးရခြင်း သဘောတရား၊ မဲလာပေးရန် လှုံ့ဆော်အားများသည် ပါတီများ၏ တာဝန် ဖြစ်လာသည်။ ပြည်သူ့ စကား နားထောင်ပြီး၊ ပြည်သူ့ ဆန္ဒကို ဖော်ဆောင် ပေးနိုင်မည့် ပါတီသည် ပြည်သူ၏ ထောက်ခံမှုကို ရရှိမည်သာ ဖြစ်သည်။ ပြည်သူကို ရဲဘော် ရဲဘက် စိတ်ထားမျိုးဖြင့် မိမိ ပါတီဝင်များကဲ့သို့ သဘောထားပြီး မဲရုံသို့ အတင်း သွားခိုင်းပြီး မဲအတင်း ထည့်ခိုင်းရန် မဖြစ်နိုင်ပေ။ မဲရုံသို့ မဲသွားပေးရန် စည်းရုံးရေးနှင့် မိမိ ပါတီအပေါ် ချစ်ခင် လေးစားရေး၊ မိမိတို့ တင်ပေးလိုက်သည့် ခေါင်းဆောင်အပေါ် ယုံကြည်မှု ရှိရေးတို့ကသာ ပိုပြီး အရေးကြီးသည်။

(ဃ) စနစ်နှင့် ခေတ်ကို ဝေဖန်ခြင်း

နိုင်ငံတစ်နိုင်ငံတွင် အနည်းဆုံး နှစ်ပါတီအထိ ရှိစေရန် အားထုတ်လာကြသည်။ အင်အားကြီးပြီး မဲဆန္ဒ အများဆုံး ရသည့် ပါတီသည် အစိုးရ ဖွဲ့နိုင်ပြီး၊ အစိုးရ မဖွဲ့နိုင်သည့် ပါတီ သို့မဟုတ် ထောက်ခံမဲ လိုအပ်သည့် အတိုင်းအတာကို မရသော ပါတီက အတိုက်အခံများ ဖြစ်သွားလေ့ ရှိသည်။ အင်္ဂလန် နိုင်ငံတွင် မဲအများစု မရသည့် ပါတီသည် အတိုက်အခံ ပါတီ (His Majesty's Loyal Opposition) အဖြစ် အသိအမှတ် ပြုထားသည်။ ဝေဖန်ရေးသည် အတိုက်အခံ ဘ၀တွင်လည်း အလွန် အရေးပါပြီး တိုင်းပြည် တာဝန် ထမ်းဆောင်ခြင်းနှင့် မိမိ ပါတီ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရာ ရောက်စေသည့် အကြောင်းတရား အခွင့်အရေးများစွာ ရရှိနိုင်သည်။

(င) အစိုးရကို တာဝန်ခံခြင်း

နိုင်ငံရေး ပါတီများသည် ကိုယ့်ပါတီနှင့် ပါတီဝင်များအပေါ် တာဝန်ခံရသည်။ နိုင်ငံရေး ပါတီတို့၏ တာဝန် ယူရမှုတွေက အများအပြား ရှိနိုင်သည်။ အဘယ်ကြောင့် ဆိုသော် လူကြိုက် အများဆုံး၊ မဲ အရေအတွက် အများဆုံး ရရှိသည့် ပါတီက တိုင်းပြည်ကို စီမံ အုပ်ချုပ်ပိုင်ခွင့် ရရှိနိုင်သောကြောင့် ဖြစ်သည်။

(စ) အစိုးရအဖွဲ့ အရာရှိများအား ရွေးချယ်ရခြင်း

အစိုးရ အဖွဲ့တွင် တာဝန် ထမ်းဆောင်ရန်အတွက် ရွေးကောက်ခံ ကိုယ်စားလှယ်များချည်း သက်သက်ဖြင့် ဖွဲ့စည်း နိုင်သည်တော့ မဟုတ်ပေ။ အစိုးရ အဖွဲ့တွင် တာဝန် ထမ်းဆောင် နိုင်သည့် အရည်အချင်း ပြည့်မီသူများကိုလည်း ရှာဖွေ ခန့်အပ် တာဝန်ပေး ကြရသည်။ အရွေးကောက်ခံ ကိုယ်စားလှယ်တိုင်း အုပ်ချုပ် စီမံ စွမ်းရည် ပြည့်ဝသူများဟူ၍ မဆိုနိုင်ပေ။ ပါတီက ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ခံမည့် ကိုယ်စားလှယ်များ အဖြစ်သာ တင်ပေးပိုင်ခွင့် ရှိသည်။ အစိုးရ အဖွဲ့တွင် ညံ့ဖျင်းသည့် သူများဖြင့် ဖွဲ့စည်းထားခြင်း မဖြစ်စေရန် သင့်လျော်သည့် သူများကို ထည့်သွင်း နိုင်ရေးသည် အရေးကြီးပါသည်။

(ဆ) အစိုးရကို အထောက်အကူ ပေးခြင်း

နိုင်ငံရေး ပါတီများသည် အစိုးရကို ပေါင်းစည်းပေးရန် အကူအညီ ပေးသင့်သည်။ အထူးသဖြင့် ပြည်ထောင်စု အစိုးရ ပုံစံတွင် ပါတီများ၏ အထောက်အပံ့သည် များစွာ အရေးကြီးသည်။ ပြင်သစ် နိုင်ငံတွင် ပါတီများသည် ပြည်ထဲရေး ၀န်ကြီး ခန့်အပ်ရေးတွင် များစွာ အထောက် အကူ ပြုနိုင်ကြသည်။

နိုင်ငံရေးပါတီများနှင့် ပြည်သူများ၏ အခန်းကဏ္ဍ

ပြည်သူများသည် နိုင်ငံရေး ပါတီများနှင့် ဆက်သွယ် ဆောင်ရွက် လုပ်ကိုင်လိုစိတ် ရှိမရှိ ဆန်းစစ်ရန် လိုသည်။ လူတိုင်း နိုင်ငံရေးအပေါ် စိတ်ဝင်စားသူများ ဟူ၍ မယူဆနိုင်ပေ။ သဘောသဘာဝအရ လူတိုင်း ရိုးရှင်းစွာဖြင့် ကိုယ့်စိတ်ကြိုက် ရွေးချယ်မှု၊ ကိုယ့်စိတ်ကြိုက် ခံယူချက်များဖြင့် လွတ်လပ်စွာ နေထိုင်လိုကြသူများ ဖြစ်သည်။ ပါတီများနှင့် ပူးပေါင်းပြီး ပါတီ တစ်ခုခုအတွက် ကိုယ့်ကိုကိုယ် ပေးဆပ်ရန် ဆုံးဖြတ်ချက်သည် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။

(က) မူဝါဒကြောင့်

ပြည်သူ အချို့ ပါတီဝင်ရခြင်းသည် မူဝါဒကို ကြိုက်သော ကြောင့်လည်း ဖြစ်နိုင်သည်။ ခိုင်မာသည့် မူဝါဒများ ချမှတ် ထားနိုင်ခြင်း မရှိလျှင် ပါတီအပေါ် အထင်အမြင် သေးစရာ ဖြစ်လိမ့်မည်။

(ခ) လူပုဂ္ဂိုလ်ကြောင့်

အချို့က ပါတီဝင်ရခြင်းသည် ပါတီကို ခေါင်းဆောင်နေသူအား ကြိုက်နှစ်သက် သောကြောင့် ဖြစ်သည်။ လူကြိုက်ပြီး လေးစားနိုင်သည့် အရည်အချင်းရှိသော ခေါင်းဆောင်ဖြင့် ဖွဲ့စည်းထားသော ပါတီ ဖြစ်သင့်ပါသည်။

(ဂ) စီးပွားရေးမက်လုံးကြောင့်

နိုင်ငံရေး ပါတီများ အနေဖြင့် မိမိတို့ ပါတီ အာဏာရလာလျှင် စီးပွားရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များကို မည်သို့ မည်ပုံ အကောင်အထည် ဖော်ပေးမည် ဆိုသည့် စီးပွားရေး ဆိုင်ရာ မူဝါဒအပေါ်တွင် ပြည်သူများ စိတ်ဝင်စားလာ ကြသည်။ အင်္ဂလန်တွင် လေဘာပါတီက သူတို့ အာဏာ ရလာလျှင် လုပ်ခလစာများ တိုးပေးမည် ဟူ၍ မဲဆွယ် ကြသည်။ စက်မှုလက်မှု လုပ်ငန်းရှင်များက ကွန်ဆာဗေးတစ်ပါတီ၏ နိုင်ငံတော်ပိုင် လုပ်ဆောင်နေသည့် လုပ်ငန်းများကို လျှော့ချမည် ဆိုသည့် မူဝါဒကို သဘောကျကြသည်။

(ဃ) နိုင်ငံရေးအာဏာကြောင့်

နိုင်ငံရေးအရ သြဇာအာဏာရှိသော ပါတီနှင့်သာ ပူးပေါင်း ဆောင်ရွက် လိုကြသည်။ ဝန်ထမ်း များသည်လည်း သြဇာ ကြီးမားသော ပါတီများကိုသာ ရွေးချယ်လေ့ ရှိကြသည်။ နိုင်ငံရေး တည်ငြိမ်ပြီး ဆက်လက် အာဏာ ရနိုင်သည့် ပါတီများ လက်အောက်တွင် အမှုထမ်းရခြင်းကသာ သူတို့နောင်ရေး စိတ်အေးရမည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။

(င) ဘာသာရေးကြောင့်

အနောက်ဥရောပ နိုင်ငံများတွင် ဘာသာရေးကလည်း နိုင်ငံရေးအပေါ် များစွာ ရိုက်ခတ်မှု ရှိသည်။ အချို့ ပါတီများသည် ဘာသာရေး အသင်းအဖွဲ့များ၏ အထောက်အပံ့ကို များစွာ ရရှိနိုင်သောကြောင့် ဖြစ်သည်။ ဘာသာဝင် တူသူချင်း၏ စည်းရုံးမှုကြောင့် ပါတီအပေါ် သက်ဝင် ယုံကြည်မှုများ၊ မဲပေး ထောက်ခံမှုများ ရှိတတ်သည်။

(စ) နယ်မြေဒေသစွဲကြောင့်

အမေရိကန်နိုင်ငံတွင် နိုင်ငံရေး ပါတီများသို့ ဝင်သူများသည် မိမိတို့ မွေးရပ်မြေအစွဲ၊ ဒေသ အစွဲများကြောင့် ဝင်ကြသည်က များသည်။ အမေရိကန် တောင်ပိုင်းသားများသည် ဒီမိုကရက်များကို အားပေး ထောက်ခံ တတ်ကြသည်။ ဗားမောင့်တွင် နေထိုင်သူများသည် ရီပတ်ဘလီကန်ကို ထောက်ခံကြသည်။

(ဆ) မိသားစုကြောင့်

မိသားစုကြောင့် ပါတီကို အစဉ်အလာ အနေဖြင့် ဝင်ကြသူများလည်း ရှိသည်။ အမေရိကန်နိုင်ငံတွင် ဖခင်ဖြစ်သူ ဝင်ထားသည့် ပါတီသို့ သားသမီးများနှင့် ဇနီးတို့က လိုက်ပါ ဝင်ရောက်ပြီး မဲပေးကြကြောင်း တွေ့ရသည်။

တင်ညွန့်


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment