Thursday, 30 June 2011

[Big Brothers & Sisters] New doc: မပြီးသေးသော ပန်းချီကားချပ်များ

created the doc: "မပြီးသေးသော ပန်းချီကားချပ်များ "
Rozoner King created the doc: "မပြီးသေးသော ပန်းချီကားချပ်များ "

အရှင်ဇဝန

 

အချိန်ကာလရဲ့ ဖုံးအုပ်ခြင်းကို ခံရတဲ့ အဖြစ်အပျက်တခုဟာ မှတ်ဉာဏ်အခန်းရဲ့ တထောင့်တနေရာမှာ ကွယ်ပျောက်နေပါတယ်။ ဒါပေမယ့် အမှတ်မထင် နှိပ်မိတဲ့ ခလုတ်တခုက ဒီအဖြစ်အပျက်ကလေးကို တခုစီတခုစီ အစီအရီ ပေါ်လာစေပါတယ်။

 

 

အရှင်ဇဝန

ကွန်ကရစ်တော၊ သံမဏိတံခါးနဲ့ သော့အထပ်ထပ် ကြားမှာ ဘဝတွေ၊ အိပ်မက်တွေကို မြှုပ်နှံ သင်္ဂြိုဟ်ပစ်ပေမယ့် မသေအောင် တည်ဆောက်၊ ရှင်သန်အောင် ရုန်းထရတဲ့ အထဲမှာ ကဗျာတွေ၊ စာတွေအပြင် ပန်းချီသင်တန်းလေး တခုကိုပါ တည်ဆောက်ဖြစ်ခဲ့ကြတယ်။

 

ပန်းချီဆရာ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းမှာ ကိုဌေးကြွယ်၊ ကိုကျော်ဆွေ၊ ကိုစိုင်းတို့ဟာ သင်တန်းသားတွေ ဖြစ်ကြတယ်။ သူတို့ရဲ့သင်တန်းက မကြာခဏ ပန်းချီပြပွဲတွေကို ခင်းကျင်းနိုင်ခဲ့တယ်။ ဓာတ်ခဲထဲက ထုတ်လို့ရတဲ့ ခဲချောင်းကို အမှုန့်လုပ်၊ ပုံစံအင်္ကျီ၊ ပုဆိုးစကို ဆုတ်ဖြဲပြီး ပန်းချီကားချပ်တွေကို ဖန်တီးခဲ့ကြတယ်။

 

ဒီပန်းချီပြပွဲတွေထဲက မှတ်မှတ်ရရ ဖြစ်စေတဲ့ ပန်းချီကားချပ်တချပ်ရဲ့ အကြောင်းကို တွေးနေမိတုန်းမှာပဲ ကာယကံရှင်ရဲ့ စကားသံတွေက အတွေးကို ပိုပြည့်စုံသွားစေတယ်။

 

ထူးထူးခြားခြား မှတ်မိနေတဲ့ ပန်းချီကားကတော့ လှိုင်းတွေ မြင့်မားစွာ ဖြစ်ထွန်းနေတဲ့ ပင်လယ်ပြင်မှာ လှေငယ်တစင်းကို လှော်ခတ်နေတဲ့ ပန်းချီကားလေးပါ။ သာမန်အားဖြင့် ဘာမျှမဖြစ်လောက်ပေမယ့် ဒီပန်းချီကားဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းရင်းကို သိထားရတော့ ရင်ထဲမှာ နှစ်ရှည်လများ မပျောက်ပျက်နိုင်တဲ့ အသံတိတ် ကဗျာတပုဒ်အဖြစ် နှလုံးသားမှာ နေရာယူထားတယ်။

 

ဦးပဉ္ဇင်းတို့ ထောင်ထဲမှာ တယောက်ရဲ့သောကကို တယောက်က ဝင်ထမ်း။ တစ်ယောက်ရဲ့ရှိုက်သံကို တယောက်က မျှယူ။ ရင်အပူကို ဝိုင်းဝန်းငြှိမ်းသတ် ပေးကြတဲ့ အလုပ်က ထောင်ကျနိုင်ငံရေးအကျဉ်းသားတွေမှာ တွေ့ရတဲ့ မြင်ကွင်းတခု ဖြစ်ပါတယ်။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေမှာ စုပေါင်းအခမ်းအနားတွေ လုပ်ကြသလို အပြင်လောကက မိခင်၊ ဘခင် တဦးဦးရဲ့ နာရေးကိစ္စတွေကိုလည်း စုပေါင်းအလှူလေးတွေ ပြုလုပ်လို့ နာရေးဖြစ်သူရဲ့ ရင်အပူကို ဝိုင်းကူလို့ ငြိမ်းစေခဲ့တဲ့ စုပေါင်းအလှူတွေ တော်တော်များများ ကြုံခဲ့ဖူးပါတယ်။

 

အခု အမှတ်ရတဲ့ နာရေးကိစ္စနဲ့ သောကရောက်နေသူ တဦးရဲ့ ရင်အပူကို ဖေးကူခဲ့ပုံက သာမန်အလှူမဟုတ်ဘဲ အနုပညာ အလှူဖြစ်နေပါတယ်။

 

ဒီအနုပညာအလှူမှာ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းက သင်တန်းသားတွေရဲ့ လက်ရာဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။ အပြင်လောကက ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ကြီးအတွက် သောကရောက်နေသူ ကာယကံရှင်ကို ဒီအနုပညာ လက်ရာတွေနဲ့ နာရေးကူညီမှုကို နှလုံးသားနဲ့ သူတို့ပြုလုပ်ခဲ့ကြပါတယ်။

 

တောင်မြင့်မိုရ်

အမြင့်ဆို ခေါင်ကတစ်။

အမေ့မေတ္တာနဲ့

နှိုင်းယှဉ်ကာ သူတုတော့

ဂမု ငယ်ဖြစ်။

 

ကဗျာဆရာ

ကံထွန်းသစ်ရဲ့ ကဗျာထဲက အပိုဒ်လေးတပိုဒ်ပါ။ ဒီကဗျာကို မွေးနေ့တွေကို ထောင်ထဲမှာလုပ်တိုင်း မကြာခဏ ရွတ်ဆိုဖြစ်တယ်။ အခု ဒီအနုပညာပြပွဲမှလည်း ဒီကဗျာနဲ့ ဆင်တူတဲ့ ပန်းချီကားတချပ် ပါဝင်လာတယ်။ ဒီပန်းချီကားချပ် ဖန်တီးသူက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ပါ။ ကိုဌေးကြွယ်ဟာ ထူးခြားတဲ့ အနုပညာစွမ်းရည်ရှိသူ ဖြစ်တယ်။ ကဗျာတွေကို ပြောင်မြောက်စွာ ရေးဖွဲ့နိုင်သလို သီချင်းမျိုးစုံကိုလည်း တကယ့်အဆိုရှင်လို သီဆိုနိုင်တယ်။ ဒီထက်ပိုတဲ့ စွမ်းရည်ကတော့ ဦးခင်မြင့်အောင်ရဲ့ ပန်းချီ သင်တန်းမှာ အပြောင်မြောက်ဆုံး လက်စွမ်းကို ပြနေသူလည်းဖြစ်တယ်။ အခု အနုပညာပြပွဲကျတော့ သူ့ရဲ့ လက်ရာပန်းချီကားဟာ ရက်တွေ၊ နှစ်တွေ ကြာညောင်းပေမယ့် နှလုံးသားပြခန်းထဲမှာ ဒီပန်းချီကားက ပုံစံမပျက် ခင်းကျင်းထားဆဲ ဖြစ်တယ်။

 

ပန်းချီကားကို အမေလို့ပဲ နာမည်ပေးထားတယ်။ ဒါပေမယ့် ဒီအမေဟာ လှိုင်းလေတွေကို ကျော်ဖြတ်ပြီး ထောင်ထဲက သားထံကို မပျက်မကွက် ချီတက်ခဲ့တဲ့ အမေဖြစ်တယ်။ ပန်းချီကားကတော့ လှိုင်းလေတွေကို ဖြတ်သန်းနေတဲ့ လှေငယ်ရှင်ပါ။ တကယ် အပြင်မှာကတော့ သောကလှိုင်းတွေ၊ ဒုက္ခလေပြင်းတွေကို ဖြတ်သန်းခဲ့ရတာပါ။ ထောင်ထဲက အခန်းကျဉ်းလေးထဲမှာ သူ့ကိုမျှော်ရှာမယ့် သားဆီ စားစရာတွေအပြင် မေတ္တာတွေကိုပါ လာရောက်ပေးနေသူပါ။ အသက် ၅၀ နီးပါး ဖြစ်နေတဲ့ သားကို လူမမယ်လေးလိုပဲ မှတ်ထင်နေဆဲပါ။

 

အစ ပထမက ပန်းချီကားလေးကို ဒီလောက်လေးပဲ ခံစားမိခဲ့တာပါ။ မကြာခင်ရက်ပိုင်းက ကာယကံရှင်နဲ့ စကားပြောဖြစ်တော့ ဒီပန်းချီကားလေး အကြောင်းက ထိပ်ဆုံးကပါလာတယ်။

 

"လူပျိုကြီး  ခင်ဗျားအမေရဲ့ ရက်လည်တုန်းက လုပ်ခဲ့တဲ့ ပန်းချီပြပွဲလေးအကြောင်း မှတ်မိလားဗျ"

 

ဦးပဉ္ဇင်းက ကာယကံရှင်ကို မေးလိုက်မိတယ်။ သူ့စိတ်ထဲက အတိတ်ဟာ လတ်လတ်ဆတ်ဆတ် ဖြစ်နေပုံရတယ်။ ပန်းချီကားတချပ်ချင်းစီကို သူအမှတ်ရနေတယ်။ ဦးပဉ္ဇင်းသိချင်တဲ့ လှိုင်းလေကြားက လှေငယ်ရှင် ပန်းချီကား အကြောင်းကို မေးမိတယ်။

 

"ထောင်ဝင်စာ ထွက်တုန်းက မြင်ကွင်းကို ကိုဌေးကြွယ်က သေသေချာချာတွေ့လိုက်တာကိုး ဦးပဉ္ဇင်းရဲ့"

 

ဦးပဉ္ဇင်းက ထောင်ဝင်စာတွေ့တဲ့ အမေကို စိတ်မှန်းခံစားပြီး ရေးဖွဲ့ခဲ့တယ်ထင်တဲ့ ပန်းချီကားဟာ သာမန်မဟုတ်ဘဲ နောက်ခံအကြောင်း ရင်းပါ ရှိနေတာကို သိလိုက်ရတယ်။

 

"ဖြစ်ပုံကဒီလို ဦးပဉ္ဇင်းရဲ့၊ အဲဒီနေ့က တပည့်တော်တို့ သုံးယောက်ထောင်ဝင်စာ ထွက်ကြတယ်။ တပည့်တော်ရယ်၊ ဒေါက်တာ အေးချမ်းရယ် ကိုဌေးကြွယ်ရယ်။ သိတဲ့အတိုင်း သာယာဝတီထောင်မှာ ထောင်ဝင်စာ တွေ့ရတာက မတ်တပ်ရပ်တွေ့ရတာ မဟုတ်လား။ ဟိုဘက်ဒီဘက် သံဆန်ခါခြားပြီး စကားပြောကြတာလေ။ စကားပြောလို့ ကောင်းတုန်းမှာပဲ အသက်အရွယ်ကြီးရင့်တာရယ်၊ ခရီးပန်းတာရယ်နဲ့ အမေဟာ မူးတယ်၊ မူးတယ်ဆိုပြီး ထိုင်ချလိုက်တယ်။ ဒီတော့ တပည့်တော်ကလည်း စိုးရိမ်ပြီးတော့ ထိုင်ချလိုက်ရတာပေါ့။ သံဆန်ခါကို ကိုင်ပြီး ခေါင်းငိုက်စိုက်ချထားတဲ့ အမေဟာ ခဏအကြာမှာ နည်းနည်း သက်သာသွားပုံရတယ်။ မျက်လုံးကိုဖွင့်ပြီး အကြည့်မှာ သူပထမဦးဆုံး မြင်လိုက်တာက တပည့်တော်ရဲ့ ခြေထောက်ကိုပဲ။ ထောင်ထဲက ဖိနပ်သဲကြိုးဆိုတာက ဦးပဉ္ဇင်း သိတဲ့အတိုင်းလေ"

 

ထောင်ထဲက အဖြစ်အပျက်လေးတွေကို ပြေး အမှတ်ရမိတယ်။ ထောင်ဝင်စာ ချို့တဲ့သူ တချို့ဟာ ဖိနပ်သဲကြိုးကို ပုံစံ အမျိုးမျိုးပြုလုပ်ပြီး စီးကြတယ်။ တချို့က ပလပ်စတစ်ကို ကြိုးဆွဲပြီး ဖွတ်မီးထိုး သဲကြိုးအဖြစ် လုပ်ကြတယ်။ တချို့ကျတော့ သွေးသွင်းပိုက်၊ ဂလူးကို့စ် ပိုက်တွေကို သဲကြိုးအဖြစ် ပြုလုပ်ပြီး ဖိနပ် အခက်အခဲကို ဖြေရှင်းကြတယ်။ အခု လူပျိုကြီးရဲ့ ခြေထောက်မှာ ဂလူးကို့စ် ပိုက်ကို ဖိနပ်သဲကြိုးအဖြစ် ပြုလုပ်ထားတယ်။ မူးမေ့ပြီး ဝေဒနာခံစားရတဲ့ လူပျိုကြီးရဲ့ အမေဟာ သတိရရချင်း သားရဲ့ ခြေထောက်ကိုမြင်မိတယ်။ သာမန်လူတွေ အမှုမဲ့ အမှတ်မဲ့ဖြစ်ပေမယ့် သားနှင့် ပတ်သက်လာရင် ဘယ်အမေမှ အမှုမဲ့အမှတ်မဲ့ မရှိတာကို တွေ့လိုက်ရတယ်။ အသက်အရွယ် အိုမင်းရင့်ရော်နေပေမယ့် သားနဲ့ပတ်သက်လာရင် အမေတိုင်းဟာ နုပျိုနေတယ်ဆိုတာ ဒီအဖြစ်အပျက်က ပြောပြနေတယ်။

 

သတိရရချင်း အမေနဲ့ အဖော်လိုက်လာတဲ့သူကို အမေက "အိမ်ပြန်ရောက်တာနဲ့ ဖိနပ်ဝယ်ဖို့ မမေ့နဲ့၊ သေချာမှတ်ထား" လို့ ပြောလိုက်တယ်။

 

ဒီအဖြစ်အပျက်တွေကို ကိုဌေးကြွယ် အစအဆုံး မြင်တွေ့လိုက်တယ်။ သူ့ရဲ့ ပန်းချီကားထဲမှာ ခံစားမှုအားလုံးကို ထည့်လိုက်နိုင်တယ်။ ကိုဌေးကြွယ်ရဲ့ အသံတိတ်ကဗျာ တပုဒ်ဟာ နှစ်များစွာ ကြာတဲ့အထိ အလုပ်လုပ်နေဆဲဖြစ်တယ်။

 

ဒီစာစုလေးကို ရေးဖွဲ့နေတုန်းမှာ ကာယကံရှင်ဖြစ်တဲ့ လူပျိုကြီးနဲ့ သူ့အမေရဲ့ ဇာတ်ကြောင်းအပြင် ပန်းချီကား ဖန်တီးရှင်ဖြစ်တဲ့ ကိုဌေးကြွယ်ကိုပါ အမှတ်ရနေတော့တယ်။ ကိုဌေးကြွယ်တယောက် အခန်းကျဉ်းလေးထဲမှာ အနုပညာမျိုးစုံကို ဖန်တီးနေမယ်ဆိုတာ ယုံမှား သံသယဖြစ်စရာ မရှိဘူး။ မြန်မာပြည်သူတို့အတွက် နှစ်တွေ၊ လတွေ၊ အချိန်တွေ ပေးဆပ်လို့ အမေ့ရဲ့ မေတ္တာအကြောင်းကို ကဗျာတွေ၊စာတွေ၊ သီချင်းတွေ သီဖွဲ့၊ ပန်းချီကားတွေရေးဆွဲပြီး နေမှာသေချာတယ်။

 

ကိုဌေးကြွယ်က နိုင်ငံရေးနဲ့ အနုပညာကို ရောစပ်ထားတဲ့သူလို့တောင် ပြောလို့ရပါတယ်။ သားတွေအတွက် အထုပ်ပိုက်ပြီး ထောင်ဝင်စာ တွေ့နေရတဲ့ အမေတွေကို သူ ပန်းချီရေးဆွဲ နေပါလိမ့်မယ်။ အများအတွက် ခံစားရေးဖွဲ့ပေးခဲ့တဲ့ လက်ရာရှင်ကိုယ်တိုင် မိခင်ရဲ့ နောက်ဆုံးခရီးကို အခန်းကျဉ်းလေးထဲကနေ တိတ်တဆိတ် ပို့ဆောင်ပေးခဲ့ရသူ ဖြစ်နေပါတော့တယ်။

 

ဒီတော့ သူ့လက်ရာတွေထဲမှာအမြင်ခံစားမှုပါမက ရင်ခံစားမှုကိုပါ ထည့်ပြီး ရေးဖွဲ့တော့မှာပါ။ မိခင်အိုတို့ရဲ့ သောကနဲ့မေတ္တာကြောင့် ဖြစ်ပေါ်လာမယ့် ဇာတ်လမ်းတွေဟာ အပြီးမသတ်မချင်း ဒီလို ပန်းချီကား မျိုးစုံကို ရေးဖွဲ့နေရဦးမှာပါပဲ။ အမေတို့ရဲ့ မျက်ရည် မပါတဲ့ ပန်းချီကား များစွာကို မြင်ချင်လှပါပြီ။ မြင်ခွင့်မရသေးတဲ့ ဒီကာလမှာ အမေတို့ရဲ့ မျက်ရည်အကြောင်းကိုပဲ စာဖွဲ့နေရတော့မှာပါ။

 

အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံလည်း ဖြစ်ပါသည်။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment