Saturday, 11 June 2011

[Big Brothers & Sisters] New doc: လျစ်လျှူမရှုပါနဲ့

created the doc: "လျစ်လျှူမရှုပါနဲ့"
Rozoner King created the doc: "လျစ်လျှူမရှုပါနဲ့"

[By Lu Cifer]

 

ဒါတွေဟာ ကိုယ်နဲ့မဆိုင်ဘူး ဝင်ပါမနေနဲ့၊ ဒီလိုမျိုးတွေက ဒို့အလုပ်မဟုတ်ဘူး သူ့ဟာသူ နေပါ့စေ၊ အာဏာပိုင်ဆိုတာ ဒီ လိုမျိုး လုပ်တတ်တာပဲ၊ သွားပြောနေလည်း အပိုပဲ၊ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်စီးပွားကိုယ်ရှာ မဆိုင်ရင်ဝင်ပါမနေနဲ့၊ တရားတာ မတရားတာ မင်းအလုပ်မဟုတ်ဘူး ကိုယ့်လမ်းကိုသွား၊ ဒါက ကိုယ်နဲ့အနေသာ ကြီးဥစ္စာ အစရှိတဲ့ အပြုအ မူတွေ၊ အယူအဆတွေ၊ အမြင်တွေ၊ လုပ်ရပ်တွေ အမှိုက်ပုံသလို အထပ်ထပ် ပုံလာနေတဲ့ လူ့အဖွဲ့အစည်းဟာ တိုးတက် ဖို့ ခက်ခဲတယ်လို့ လူမှုဗေဒဆရာများက ဆိုပါတယ်။

 

မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းဟာ ရှေးတုန်းကထဲက ပြည်ရှင်မင်း၊ ဘုရင်၊ အုပ်ချုပ်သူ အာဏာပိုင်တွေကို ကြောက်ကြ ရတဲ့ အခြေအနေအောက်မှာ နှစ်ပေါင်း ရာနဲ့ချီပြီး နေခဲ့ရတော့ ကိုယ်နဲ့မဆိုင်ဖူးလို့ ထင်ထင်၊ ဆိုင်တယ်လို့ ထင်ထင် ပါဝင် ပတ်သက်ရမှာကို စိုးရွံ့တဲ့ လူမျိုးပါ။ ဘုရင်ဆိုတာကလည်း အမျက်ဒေါသထွက်ရင် ဆွေခွန်နှစ်ဆက် မျိုးခွန်နှစ် ဆက်ပါ မီးလောင်တိုက်သွင်းပြီး သုတ်သင်တဲ့ ဇာတ်လမ်းမျိုးကလည်း ရှိနေတာကိုး။ ဒါ့အပြင် "မင်းနားတထောင်" ဆို တဲ့ အဆိုတခု ရှိသေးတယ် မို့လား။

 

အရမ်းကာရော လျှောက်ပြောမနေနဲ့ ဘုရင်ကြားသွားရင် တောင်စွယ်နေကွယ် ဖြစ် သွားလိမ့်မယ် ဆိုတာမျိုးလည်း အားလုံးကြားဖူးမှာပါ။ ဘာကြောင့် မင်းနားတထောင်လို့ ပြောကြတာလဲ။ ဘုရင့်ကို သံတော်ဦးတင်မယ့် သူတွေ ရပ်ရွာထဲမှာ အလုံးအရင်းနဲ့ ရှိနေတာကို ရည်ညွှန်းတယ်လို့ ပြောလို့ရပါတယ်။

 

ဒီခေတ်စကားနဲ့ ပြောရရင်တော့ သက်ဦးဆံပိုင် ဘုရင့်မှာ အင်ဖော်မာလို့ ခေါ်တဲ့ သတင်းပေးတွေ အမြောက်အများ ရှိ နေတာကို ဆိုလိုရင်းပါ။ ဒီသဘောမျိုးနဲ့ ကောက်ပြီး ပြောရရင် မြန်မာနိုင်ငံသားတွေဟာ ရှေးတုန်းကထဲက အုပ်ချုပ်သူ တွေကို ဖားဖားရားရား လုပ်တတ်တယ်လို့ ပြောနိုင်တာပေါ့။ မဟုတ်ဖူးလား။ ဒါပေမယ့် ဟုတ်တယ်ဆိုရင်လည်း ဘာ ကြောင့်လဲ။ ဘုရင့်ဆီက အသပြာလေး ငွေစ လေး ရဖို့အတွက် သတင်းပေးတယ်လို့ ဆိုရမှာထက် အကြောက်တရား ကြောင့် အင်ဖော်မာ ဖြစ်နေရတယ်လို့ ကျနော်က ဆိုချင်ပါတယ်။ ကျနော်တို့ ကျမတို့ ဒီကိစ္စမှာ မပါပါဘူး၊ မပတ်သက် ပါဘူး ဆိုတာ အာဏာပိုင်တွေ သိစေဖို့အတွက် ကြားထားတဲ့ သတင်းစကားကို ကိုယ့်ဖက်က ဦးအောင် အစီရင်ခံရတဲ့ သဘောမျိုးလို့လည်း ပြောရင်ရပါတယ်။

 

အကြောက်တရား အပေါ်မှာ အခြေခံတဲ့ ဒီလိုအမူအကျင့်တွေ နှစ်ပေါင်းရာနဲ့ ချီပြီး အမြစ်တွယ်လာတော့ ဒီလို အမူအ ကျင့်တွေကို ပြောင်းလဲပြစ်ဖို့ဆိုတာ တော်တော်လေးတော့ ကြိုးစားရဦးမှာပါ။ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ကနေ့လို အာဏာရှင်အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာလည်း သဘောကတော့ အတူတူပါပဲ။ လူတွေဟာ ကြောက်နေရ တုံးပါပဲ။

 

အာဏာရှင် အုပ်ချုပ်သူကို မဆိုထားနဲ့ အလုပ်ရှင်ကိုတောင် သေးထွက်မတတ် ကြောက်ကြရတာမျိုးလည်း ရှိပါတယ်။ ဥပမာ တခုလောက် ပြောခြင်ပါတယ်။ ပြည်ပအခြေစိုက် သတင်းအဖွဲ့အစည်း တခုက လူကြီးတဦးက ရုံးအတွင်းမှာ ပြောပါတယ် တဲ့။ ဒီစကားကို ရုံးအတွင်းက ဝန်ထမ်းတဦးကပဲ ကျနော့်ကို ရင်ဖွင့်တဲ့ အနေနဲ့ ပြန်ပြောပြတာပါ။

 

အဲဒီ လူကြီးက တခါသားမှာ ဘယ်လို ပြောသတုံးဆိုတော့ "ဒီကောင်မက အဖြူတွေကြား မှာသာ ရေပန်းစားတာ။ ဘာမှ သိတာ မဟုတ်ဘူး" လို့ တခြားသော ရုံးဝန်ထမ်းများ ရှေ့မှာ ဆိုပါတယ်။ ဒီကောင်မဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကို ဆိုလိုတာလို့ အဲဒီရုံး ဝန်ထမ်းက ကျနော့်ကို ရှင်းပြပါတယ်။ ဒီစကားကို ကြားလိုက်တဲ့ ရုံးဝန်ထမ်းများအားလုံး တုန် လှုပ်သွားကြပါတယ်။ သူတို့လူကြီးကို အဲသလို အသုံးအနှုန်းမျိုး မသုံးဖို့ ဘယ်သူကမှ ဝင်မပြောရဲပါဘူးတဲ့။ ဘာ ကြောင့်လဲဆိုတော့ လူကြီး ညိုငြင်သွားရင် သူတို့ အလုပ်ပြုတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အလုပ်ပြုတ်သွားလိမ့်မယ် ဆိုတဲ့ အကြောက်တရားကြောင့် မသင့်တော်ဘူးလို့ ပြောရမယ့် ကိစ္စကို မပြောရဲဘဲ ခေါင်းငုံ့ ခံနေကြရတာကို မြင်နိုင် ပါတယ်။

 

အကြောက်တရား တခုခု တမျိုးမျိုး အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာရတဲ့အတွက် ကိုယ်နဲ့ မဆိုင်ဘူး၊ မဆိုင်ဘဲနဲ့ ဝင် မပါနဲ့ ဆိုတဲ့ အမူအကျင့်က တဖြည်းဖြည်းနဲ့ အလေ့အထလို ဖြစ်လာခြင်းကို ဆိုလိုပါတယ်။ အင်္ဂလိပ် ဘာသာစကား မှာတော့ အဲသလို ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး လျစ်လျှူရှုတဲ့ ကိစ္စမျိုးကို indifference လို့ သုံးနှုန်းပါတယ်။ ကျနော်အနေနဲ့ လျစ်လျှူရှုတယ် ဆိုတဲ့ အသုံးအနှုံးအပြင် တခြားသော အလားတူ အသုံးအနှုန်း တွေကိုလည်း ထပ်တွေ့ပြန်ပါတယ်။ "ဂရုမစိုက်ဖူး၊ နေစိမ့်တယ်၊ ပေယျလကန် နိုင်တယ်၊ ဥပေက္ခာပြုတယ်၊ မျက်ကွယ်ပြုတယ်" စတဲ့ အသုံးအနှုံးတွေပါ။

 

နောက်ထပ် ဆီလျှော်တာတွေလည်း ရှိဦးမှာပါ။ ဒီစကားလုံး အသုံးအနှုံးတွေရဲ့ အဓိပ္ပါယ်ကို ပြန်ချုပ်လိုက်ရင်တော့ နောက်ဆုံးမှာ "စိတ်ဝင်စားမှု မရှိခြင်း" ဆိုတဲ့ လမ်းကိုဆိုက်ပါတယ်။

 

မြန်မာပြည်ထက် ဒီမိုကရေစီပိုရှိ ပိုလွတ်လပ်ပြီး၊ ချမ်းသာစပြုလာတဲ့ ထိုင်းနိုင်ငံမှာတောင် ထိုင်းပြည်သူတွေ အကြား မှာ ကိုယ့်လူ့အဖွဲ့အစည်းကို လျစ်လျှူရှုတဲ့ ပြဿနာမျိုးတွေ နေရာအနှံ့ ရှိနေသေးတယ်၊ အမြစ်တွယ် နေသေးတယ်လို့ ဆိုပါတယ်။ အဲတာနဲ့ ပတ်သက်လို့ ထိုင်းလူမျိုး ပညာရှင် တဦးဖြစ်တဲ့ "စာဝေဘွန်မ" က ထောက်ပြထားပါတယ်။ သူဟာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးပညာရှင် တဦးဖြစ်ပါတယ်။ ထိုင်းလူမျိုး တွေဟာ ချမ်းသာမှုဆိုတဲ့ ရုပ်ဝတ္ထု နောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ ကိုယ့်လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်နေတဲ့၊ မြင်နေရတဲ့ မတော်မတရား တာတွေ ကို ဂရုပြုမှု ဝေဖန်မှု နည်းပါးလာသလို လူ့အဖွဲ့အစည်းအတွင်း လိုအပ်နေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းကူညီတဲ့ အ လုပ်တွကိုလည်း မျက်ကွယ်ပြု လာတယ်လို့ ထောက်ပြပါတယ်။

 

ပေယျလကန် နိုင်လာတယ်လို့ ဆိုရင်လည်း ဆိုနိုင်ပါ တယ်။ ထိုင်းနိုင်ငံမှာ ဖြစ်နေတာက မလွတ်လပ်လို့ မဟုတ်ပါ။ ပြောခွင့်၊ ဆိုခွင့်၊ လုပ်ပိုင်ခွင့်၊ ဝေဖန်ခွင့်၊ ထောက်ပြခွင့် ရှိကြရဲ့သားနဲ့ အဲတာတွေ ကို လူ့အဖွဲ့အစည်းအတွက် အကျိုးရှိရှိ အသုံးမချဘဲ မေ့လျော့နေတယ်လို့ ဆိုခြင်းပါ။ တချိန် တုန်းက တည်ရှိခဲ့တဲ့ ထိုင်းလူမျိုးတွေရဲ့ တဖက်သားကို ကူညီလိုစိတ်၊ ဝိုင်းဝန်းလိုစိတ်ဟာ ရုပ်ပိုင်းဆိုင်ရာ စီးပွားရေး ကောင်းလာတာနဲ့ အမျှ တဖြည်းဖြည်း လျှော့နည်းလာတယ်လို့ သူကထောက်ပြပါတယ်။ ထိုင်းလူမျိုးတွေ တကိုယ်ရေ တိုးတက်ချမ်းသာမှုအတွက် အလုပ်လုပ်နေရင်း တဖက်ကလည်း ထိုင်းလူ့အဖွဲ့အစည်းကို လျစ်လျှူရှု မထားဘဲ ဆိုရေး ရှိက ဆိုကြဖို့၊ ကူညီရမယ့်နေရာ မှာ ကူညီကြဖို့ တိုက်တွန်းထားပါတယ်။

 

ဒီနေရာမှာ ထိုင်းနိုင်ငံကို ကြည့်ရင် ထိုင်းနိုင်ငံဟာ တိုးတက်ချမ်းသာလာပြီးမှ လူတွေဟာ ရုပ်ဝတ္ထုနောက် အလိုက်လွန် လို့ လူ့အဖွဲ့အစည်းကို လျစ်လျှူရှုသလိုမျိုး ဖြစ်လာတာကို တွေ့ရပါတယ်။ မြန်မာပြည်ကတော့ ချမ်းသာတိုးတက် ဖွံ့ဖြိုးဖို့ ကလည်း အဝေးကြီးမှာလည်း ရှိနေသလို ဒီမိုကရေစီထွန်းကားဖို့ ဆိုတာကလည်း ခရီးရှည် ချီတက်နေရသလိုမျိုးပါ။ ဘာမှ မတိုးတက်ရသေးတဲ့ အခြေအနေမှာ အကြောက်တရား တခုခုကြောင့် ကိုယ့်လူ့အဖွဲ့အစည်းကို လျစ်လျှူရှုတာ၊ မျက်ကွယ်ပြုတာ၊ ပေယျလကန်ပြုတာ များသထက် များလာနေရင်တော့ ပိုဆိုးလိမ့်မယ်လို့ သတိပေးလိုပါတယ်။

 

ဒီမို ကရေစီရေးအတွက် တိုက်ပွဲဝင်တာမျိုး၊လှုပ်ရှားတာမျိုး၊ နိုင်ငံရေး သက်သက်လုပ်တာမျိုးနဲ့တော့ လူ့အဖွဲ့အစည်း အ တွက် မပြည့်စုံသေးပါ။ လူ့အဖွဲ့အစည်းအတွင်းမှာ အကြောက်တရားနဲ့ စိုးရိမ်မှုကြောင့် မွေးဖွားလာရတဲ့ "ဂရုမစိုက်ဘူး၊ နေစိမ့်တယ်၊ ပေယျာလကန် နိုင်တယ်၊ ဥပေက္ခာပြုတယ်၊ မျက်ကွယ်ပြုတယ်" ဆိုတဲ့ အရာတွေကို လျှော့ကြအောင် လည်း ဆောင်ရွက်နိုင်မှသာ ပိုလို့အကျိုးများဖြစ်ကြောင်း ပြောလိုပါတယ်။ ကြောက်စိတ်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် မစုစုနွေး တခါက ပြောခဲ့ဖူးတဲ့ စကားလေးကို ကိုးကားပြီး ပြန်ပြောပါရစေ။

 

"ကြောက်တယ် ဆိုပြီး မျက်စေ့စုံ မှိတ်ပြီး မကြောက်ကြပါနဲ့ မျက်စေ့ဖွင့်ပြီး ကြောက်ကြပါလို့"

ပြောခဲ့တာလေး ဖြစ်ပါတယ်။

 

ဇော်မင်း

၈ ရက်၊ ဇွန်လ၊ ၂ဝ၁၁ ခုနှစ်

ရွက်မွန် … မှ

 

http://www.naytthit.net/?p=13931


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment