Saturday, 11 June 2011

[Big Brothers & Sisters] New doc: ဗုဒ္ဓဘာသာက လူတွေကို ငိုခွင့်မပြုဘူးလား

created the doc: "ဗုဒ္ဓဘာသာက လူတွေကို ငိုခွင့်မပြုဘူးလား"
Rozoner King created the doc: "ဗုဒ္ဓဘာသာက လူတွေကို ငိုခွင့်မပြုဘူးလား"

[By Ramanya Ravika]

 

ပြီးခဲ့တဲ့တနင်္လာနေ့က ခရစ်ယာန်ဆရာတစ်ယောက် ရောက်လာပါတယ်။ သူက ဗုဒ္ဓဘာသာမှာ မလွတ်လပ်ပုံကို ပြောလိုရင်းနဲ့ ဗုဒ္ဓဘာသာမှာ လူတွေ ငိုတာ မကြိုက်ဘူးမဟုတ်လား၊ သွေးသားမတော်စပ်ပေမယ့် အားငယ်နေတဲ့လူတွေကို ဖက်ရမ်းပြီး အားပေးတာကို ဗုဒ္ဓဘာသာနဲ့ဆန့်ကျင်သလား မေးလာပါတယ်။

 

ဗုဒ္ဓဘာသာမှာ ငိုတာကို မတားပါဘူး။ ငိုတာကို ပရိဒေဝလို့ ခေါ်ပါတယ်။ ဇာတိရယ်လို့ မွေးလာယင် သောက ပူဆွေးခြင်း၊ ပရိဒေဝ ငိုကြွေးခြင်းဆိုတာ ရှောင်လွှဲလို့ မရပါ။

 

ဗုဒ္ဓဘာသာမှာ ငိုကြွေးခြင်းကို အားမပေးတာလည်း မဟုတ်၊ အားပေးတာလည်း မဟုတ်ပါ။ ငိုကြွေးခြင်းဟာ သဘာဝတရားတစ်ခုပါ။ အပြုသဘောမဆောင်တဲ့ တုန့်ပြန်မှုတစ်ခုလို့ ပြောချင်ပြောလို့ ရပါတယ်။

 

ငိုချင်ယင် ငိုလိုက်ပါ လို့ စိုင်းထီဆိုင်ကိုယ်တိုင် ဆိုထားပါတယ်။ ငိုချင်ယင် ငိုလို့ ရပါတယ်။ အဲဒီလို ငိုလို့ ငရဲမကျပါဘူး။ ကိုယ်ခံစွမ်းရည်တွေ ကျဆင်းရုံပဲ ရှိမှာပါ။ ငိုကြွေးခြင်းဟာ ပဋိသန္ဓေအကျိုးမပေးပါဘူး။ ပဝတ္တိအကျိုးပဲ ပေးပါတယ်။

 

မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော့ ပုထုဇဉ်ရဟန်းတွေ၊ သောတာပန်ရဟန်းတွေ၊ သကဒါမ်ရဟန်းတွေ ငိုကြွေးကြပါတယ်။ ပထမနဲ့ဒုတိယအဆင့်အရိယာပုဂ္ဂိုလ်တွေတောင် ငိုကြပါတယ်။ ဒေါသကင်းစင်တဲ့ပုဂ္ဂိုလ်တွေမှာပဲ မငိုကြတာပါ။

 

ဒီတော့ ငိုကြွေးခြင်းဟာ အလိုမကျခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ အလိုဆန္ဒမပြည့်ဝခြင်း၊ ဆုံးရှုံးနစ်နာခြင်းစတဲ့ ဒေါသ၊ ပဋိဃတရားတွေ အခြေခံတဲ့ ခံစားချက်တွေမျှသာ ဖြစ်တယ်။ စိတ်အားငယ်လို့ ငိုတယ်ပြောလို့ ရပေမယ့် ငိုကြွေးခြင်းမှာ နူးညံ့သိမ်မွေ့မှု မရှိပါဘူး။

 

အညာဒေသမှာ အသုဘရှိယင် အငှားနဲ့ ငိုပေးတဲ့လူတောင် ရှိပါတယ်။ မြန်မာနဲ့အမေရိကန် အငိုပြိုင်ပွဲ ကျင်းပယင် မြန်မာကို အမေရိကန်နိုင်ဖို့ လမ်းမမြင်ပါဘူး။ မြန်မာတွေငိုတာက ကာရန်နဲ့၊ နဘေနဲ့၊ ဇာတ်အကိုးအကားနဲ့တောင် ငိုတတ်ကြပါတယ်။ ဒါကို အမေရိကန်ကြီးက မသိလို့ ထင်ပါတယ်။

 

အားနွဲ့သူကို ဖက်ရမ်းပြီး အားပေးခြင်းဟာ ယဉ်ကျေးမှုအပေါ်မှာ မူတည်ပါတယ်။ ဖက်ပေးမှ အားရမယ်ဆိုယင် အဖက်ခံရသူကလည်း ကြည်ဖြူတယ်ဆိုယင်၊ ဖက်တဲ့လူကလည်း တကယ်ဖြူစင်တယ်ဆိုယင် ဖက်လို့ ကောင်းပါတယ်။ အချို့ယဉ်ကျေးမှုတွေမှာ ဖက်တာကို မကြိုက်ကြပါဘူး။ ဘာဖြစ်လဲဆိုတော့ အဲဒီလိုပဲ အားနွဲ့သူကို အားပေးရင်း အားတွေက အတိုင်းအတာထက် ကျော်ကုန်တော့ နောက်ဖေးမှာ မီးလင်းရတဲ့အဖြစ်တွေ ရှိနေပါတယ်။

 

သနားတာနဲ့ ရာဂတရား မတူပါ။ သနားသလိုနဲ့ တဏှာရဲ့ စေခိုင်းရာကို လိုက်မိတဲ့အဖြစ်မျိုး ရှိတတ်ပါတယ်။ လူတွေ အတော်များများက ရုပ်ဆိုးတဲ့ မိန်းကလေးတွေကို သနားဖို့ စိတ်ကို မနည်းမောင်းရပေမယ့် ရုပ်ရည်အသင့်အတင့် ရှိတဲ့မိန်းကလေးမျိးဆိုယင် လွယ်လွယ်နဲ့ သနားနိုင်ပါတယ်။ ဒါက ကရုဏာမဟုတ်ဘဲ တဏှာပါ။ အချို့က ကရုဏာဒေါသောလည်း ပြောတတ်ကြပါတယ်။ ဒေါသနဲ့ ကရုဏာလည်း မတူညီပါ။ ဒီလူကို သနားတာနဲ့ ဟိုလူကို ဒေါသထွက်ရယင် အဲဒါလည်း အစစ်အမှန် မဟုတ်ပြန်ဘူး။

 

ဒီတော့ ဒီမေတ္တာ ဒီကရုဏာတွေက သဲအရောရော အုတ်အရောရောတွေ ဖြစ်ကုန်တယ်။

 

ဒီတော့ အဲဒီဆရာကို ပြောခဲ့မိပါတယ်။ ငိုခြင်းဟာ အင်အားကို ကုန်စေပါတယ်။ ငိုခြင်းဟာ မကောင်းဘူးလို့ သူနားလည်အောင် သင်ပေးသင့်တယ်။ ဘာသာရေးဆရာတွေက လူတွေကို အမြဲတမ်း ဖက်မပေးနိုင်ပါ။ ကိုယ့်မိသားစုအတွက်လည်း အချိန်ပေးရဦးမယ် (သူတို့က လက်ထပ်လို့ ရတယ်)။ ကိုယ့်မှာ ငိုခြင်းတရားရှိနေယင် ဟိုလူ့မှာ ငိုခြင်းတရားမရှိအောင် လုပ်လို့ မရပါ။ အခြားတစ်ယောက်ကို ခွန်အားပေးချင်ယင် ကိုယ့်မှာ ခွန်အားရှိနေဖို့ လိုပါတယ်။ ကိုယ့်မှာ ငြိမ်းချမ်းမှုမရှိယင် သူတစ်ပါးငြိမ်းချမ်းအောင်လည်း ကူညီပေးလို့မရပါ။

 

ငိုခြင်းရဲ့အကြောင်းတရားကို ဖက်ရမ်းပြရုံနဲ့ မရပါဘူး။ စိတ်ထဲမှာ ဖြစ်တဲ့အနာကို ပြင်ပကနေ ကုလို့ မရပါဘူး။ လက်ပေယင် လက်နဲ့ဆေးရသလို စိတ်မကျန်းမာယင် စိတ်နဲ့ပဲ ကုစားရပါတယ်။ ပြင်ပပယောဂတွေက ခဏပဲ သက်သာခွင့်ပြုပေးနိုင်ပါတယ်။ ရေရှည် မရပါဘူး။ ရေရှည်ငြိမ်းချမ်းဖို့ဆိုယင် အကြောင်းနဲ့အကျိုးတရားတွေကို နားလည်သဘောပေါက်ထားမှပဲ ဖြစ်နိုင်ပါတယ်။

 

အဲဒီအကြောင်းနဲ့အကျိုးတရားကို နားလည်ဖို့ ဝိပဿနာတရားကလွဲပြီး ဘာအရာကမှ မစွမ်းဆောင်နိုင်ပါဘူး။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment