Saturday, 18 June 2011

[Big Brothers & Sisters] New link

Lu Cifer 18 June 19:37


 
ဒေါ်လာဈေး ကျဆင်းမှု နောက်ကွယ် (သို့မဟုတ်) ကြံ့ဖွတ်အစိုးရရဲ့ သွပ်မိုးခွာ အိမ်တိုင်ချွတ် စီးပွားရေးစနစ်ရဲ့ သေပန်းပွင့်ချိန်
 
ဘင်လာဒင်ကို အမေရိကန် နေဗီဆီးလ်တွေ သုတ်သင်ပြီးနောက်တနေ့မှာ နယူးယောက် စတော့ဈေးကွက်မှာ အမေ ရိကန်ဒေါ်လာတန်ဖိုးတက်လာတယ်။ ထိုင်းနဲ့ အမေရိကန် ငွေလဲနှုန်းမှာ အမေရိကန်ဖက်က ပြန်ပြီးအသာစီးရနေ တယ်။ ၂၀၁၀ ခုနစ်များဆီက တဒေါ်လာကို ၂၈ ဘတ်ဖြစ်နေတဲ့ ဒေါ်လာက ၂၀၁၁ မှာ ၂၉ ဒသမ ၅ ဖြစ်လာတယ်။ ထိုင်းတွေပျော်တယ်။ ရင်းနှီးမှုတွေ ပိုလာလို့တဲ့။
 
အမေရိကန်-ဒေါ်လာက တကမ္ဘာလုံးမှာ ပြန်တက်လာတယ်။ သူများမတူဘဲ တမူထူးခြားနေတာက
- ကျနော်တို့ မြန်မာပြည်။ မြန်မာပြည်မှာ ဒေါ်လာဈေး ကျသတဲ့။ မြန်မာလူမျိုးတွေရဲ့ စီးပွားရေးက ချဲထီ၊ နှစ်လုံးတိုက်၊ ဘောပွဲနဲ့ နိုင်ငံခြားရောက် အလုပ်သမားတွေကို မှီခိုနေရတဲ့ဘ၀ဆိုတော့ နိုင်ငံခြားမှာ ကျွန်လိုအလုပ်လုပ်နေရတဲ့ မြန်မာတယောက်ရဲ့ ဘ၀ဟာ ဒေါ်လာဈေးကျတယ်ဆိုတဲ့ စကားကို မပျော်နိုင်ပေဘူး။ ဟုတ်ပ။
 
 
ဒေါ်လာဈေးက ကျပြီးရင်း ကျနေတယ်။ တဒေါ်လာကို ကျပ်ငွေ ၇၆၀ ကျပ်အထိ ထိုးကျလာပါတယ်။ အခြေအနေက ၆၀၀ ဝန်းကျင်အထိ ထိုးကျသွားတော့မယ့် လက္ခဏာ ရှိနေပါတယ်။ ဘာကြောင့် ဒေါ်လာဈေးကျတာလဲ ဈေးကွက်သီ အိုရီဖြစ်တဲ့ ထုတ်လှုပ်မှု (Supply) နဲ့ စားသုံးမှု (Demand) အရ ကြည့်ရင် မြန်မာ့ ငွေကြေးဈေးကွက် (Financial Market) ထဲကို
 
၁ – ဒေါ်လာတွေ အ၀င်များနေတယ်ဆိုတဲ့သဘော – More Supply
 
၂ – ဒါမှမဟုတ် လူတွေက ဒေါ်လာဝယ်ယူမှု နည်းလာတဲ့သဘော။  Less Demand
 
၃ – မြန်မာ ငွေစက္ကူတွေ ဈေးကွက်မှာ တဖြေးဖြေးနည်းလာတဲ့သဘော  – Less Burmese Currency Note
လားလို့ စဉ်းစားရမှာ တွေရှိနေပါတယ်။
 
 
၁ – ဈေးကွက်ထဲကို ဒေါ်လာဝင်နေတဲ့ လမ်းကြောင်းတွေကို ကြည့်ရင် စစ်အစိုးရက နိုင်ငံခြားကရတဲ့ ကူညီငွေတွေ ရှိနေတယ်။ အန်ဂျီအိုတွေကတဆင့် ဒေါ်လာတွေ ၀င်နေတယ်။ နိုင်ငံခြားရောက် မြန်မာတွေက မိသားစုတွေ ငွေလဲပြီး ပို့နေကြတယ်။ လူမှုရေးလုပ်ငန်းလုပ်သူတွေကို ထောက်ပံကြတယ်။ မြန်မာအလုပ်သမားတွေက နိုင်ငံခြားငွေကို ကျပ် ငွေတွေနဲ့ လဲပြီးပို့နေကြတယ်။ ဒီတော့ ဒေါ်လာက အ၀င်များလာပြီး အထွက်ပြန်နည်းလာတယ်။ မြန်မာ ငွေကြေးဈေး ကွက်ထဲကို ဒေါ်လာအ၀င်နဲ့ပတ်သက်လို့ ကျနော်တို့ ရထားတဲ့ သတင်းတချို့အရ
 
(က) ၂၀၁၀ နဲ့ ၂၀၁၁ အတွင်း ကျောက်မျက်ရတနာတွေ (ကျောက်စိမ်း)  ၅ ဘီလီယံ ဒေါ်လာဘိုးခန့် ရောင်းထားတဲ့ ဒေါ်လာငွေတွေ ရှိနေတယ်။ မြန်မာပြည်က ပို့ကုန်က ကျောက်စိမ်းတမျိုးတည်းလို ဖြစ်နေတာ သတိပြုသင့်တယ်။
 
(ခ) တရုပ်ပြည်ကလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဒါကလဲ ၈ ဘီလီယံ ဒေါ်လာ လောက်ရှိတယ်။ (တရုပ်ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသလုပ်ငန်းရှင် (Local Business ) တွေ အားလုံးနီးပါး ရပ်ခဲ့ကြရတယ်လို့ သိရ တယ်။
 
(ဂ) အခု ကြံ့ဖွတ်စစ်အစိုးရ က သွင်းကုန် စီးပွားရေးသမား (သူတို့ သားသမီးတွေပဲ) တွေ ဒေါ်လာတွေ ရောင်းချပေး နေတယ်။ လက်နက်တွေ၊ စက်မှုလုပ်ငန်းသုံးစက်ကြီးတွေ ၀ယ်ယူဖို့အတွက်လို့ သိရတယ်။
 
(ဃ) မနှစ်က ဘိန်းအထွက်ကောင်းတယ်လို့ သိရတယ်။ ဘိန်းကနေ ဒေါ်လာ တော်တော်ရတယ်။
 
၂ – စီးပွားရေးက တစတစ ကြပ်လာတယ်။ အရောင်းအ၀ယ်တွေ မကောင်းဘူး။ ရင်းနှီးမြှုပ်နံမှုအသစ်တွေ ထပ်မလာ ဘူး။ ထုတ်လုပ်မှုတွေ ကျဆင်းလာတယ်။ နောက်ပြီးတော့ လူတွေ နိုင်ငံခြားထွက်တာ များလာတယ်။ ဒါကြောင့် စား သုံးမှု ကျဆင်းလာနိုင်တယ်။ ဒါမဟုတ် စီးပွားရေးကျပ်တည်းမှုကြောင့် ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေထပ်ပြီး မတိုးလာတာတွေ၊ ဒါမဟုတ် နိုင်ငံခြားကို ကုန်ပစ္စည်းမှာယူမှုတွေ ကျဆင်းလာတာတွေကြောင့် ဖြစ်နိုင်တယ်။ ဒီတော့ ဒေါ်လာကို တောင်းဆိုမှု ကျဆင်းလာတယ်။ ဒီတော့ ဒေါ်လာဈေးဟာ မြန်မာ့ ငွေကြေးဈေးကွက်မှာ ကျဆင်းလာ တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတဲ့သဘော ဖြစ်တဲ့အတွက် အလုပ်လက် မဲ့ ပိုများမယ်။ ၀င်ငွေနည်းလာမယ်။ ဒီတော့ စားသုံးမှုကျဆင်းမယ်။ စီးပွားရေး ကပ်ဆိုက်မယ်။
 

 
၃ – မြန်မာ့ ငွေစက္ကူတွေက တဖြေးဖြေးစုတ်ပြတ်လာတယ်။ ဘဏ်တွေက ငွေစက္ကူအသစ်နဲ့ အဟောင်းကို ပုံမှန်လဲမ ပေးနိုင်တဲ့အတွက် တချို့ငွေစက္ကူတွေက သုံးမရပဲ ပျက်ဆီးကုန်တာတွေလည်း ရှိနိုင်တယ်။  နောက်တခုကတော့ မြေဈေး။ ကုန်သည်ကြီးတွေက စစ်အစိုးရ စီးပွားရေးစနစ်ကို မယုံကြည်ကြဘူး။ ငွေစက္ကူတွေကို အယုံကြည်မရှိဘူး။ ဒီတော့ မြေဈေးတွေကို အဆမတန်တင်ထားတယ်။ ရန်ကုန်မြို့ဝင်ဒါမီယာက မြေတကွက်တန်ဖိုးက နယူးယောက် ပြည်၊ မက်ဟက်တန်က တိုက်ခန်းတခုထက် ဈေးပိုများနေတာတွေ တွေ့ရတယ်။ ကုန်သည်တွေကြားမှာ စတော့ဈေး ကွက်တခုလိုသဘောထားပြီး မြေအရောင်းအ၀ယ် လုပ်နေကြတယ်။
 
ဥပမာ ထွန်းမြင့်နိုင် က သိမ်ဖြူလမ်းက မြေနှစ် ကွက်ကို ၀ယ်တယ်။ ဒေါ်လာ ၅၆ သန်းခန့် တန်တယ်။ ဒီငွေက မက်ဟက်တန်မှာ နေရာကောင်းကောင်းတခု ရနိုင် တယ်။
 
ဒီတော့ အဆမတန်များလှတဲ့ မြန်မာငွေစက္ကူတွေဟာ ဈေးကွက်ထဲမှာ မရှိဘဲ ကုန်သည်ကြီးတွေ လေးငါးဆယ် ယောက်လောက် လက်ထဲမှာစုပုံနေရာက မြန်မာငွေစက္ကူတွေက ဈေးကွက်ကနေ နည်းလာတာမျိုး ဖြစ်လာနိုင်ပါ တယ်။
 
ဒီတော့ ငွေကြေးဈေးကွက်မှာ မြန်မာငွေစက္ကူက နည်းလာတဲ့အတွက် ဒေါ်လာတန်ဖိုး ကျဆင်းသလိုလဲ ဖြစ် လာနိုင်တယ်။
ယေဘူယျအားဖြင့် ပြည်တွင်း ငွေစက္ကူတန်ဖိုးတက်ပြီ။ ကမ္ဘာ့ငွေကြေးစနစ်တခုက တန်ဖိုးကျဆင်းလာတာဟာ ၀မ်းသာ ရမယ့် ကိစ္စပါ။ ဒါပေမယ့် ပုံမှန် တခါးဖွင့်စီးပွားရေး စနစ်တခုရဲ့ ထုတ်လှုမှု (Supply) နဲ့ စားသုံးမှု (Demand) မျှခြေ -(Equilibrium) မရှိဘဲ၊ ငွေတန်ဖိုး ကျတာပဲဖြစ်ဖြစ်၊ တက်တာပဲဖြစ်ဖြစ် စီးပွားရေးကို ဒုက္ခပေးတော့မယ်ဆိုတဲ့ လက္ခ ဏာပဲ ဖြစ်ပါတယ်။ ဒေါ်လာဈေးကျလာရင် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေထဲမှာ ဘဏ်အတိုးနှုန်းနဲ့ ငွေကြေး ဖေါင်းပွမှု ၊ ငွေလဲနှုန်းတွေဟာလဲ သက်ရောက်နိုင်တဲ့အချက်တွေ ဖြစ်နေပါတယ်။
 
ဒေါ်လာတန်ဖိုးဟာ ဒီထက် ဆက်ပြီးကျဆင်းလာပြီဆိုရင်တော့ နာတာရှည်ဖြစ်နေတဲ့  မြန်မာစီးပွားရေးဟာ မကြာခင် မှာ မဟာတုန်လှုပ်မှုကြီး (Major Shock) တခု ဖြစ်လာတော့မယ်လို့ ယူဆနိုင်ပါတယ်။ ကျနော့် ယူဆချက်တခုက တော့ စားရေးရိက္ခာ ပြတ်လပ်မှုကြီး Food Crisis  ဖြစ်လာနိုင်တယ်။ ဒါကတော့ ရာသီဥတုဖေါက်၊ သီးနှံထွက်ကျဆင်း၊ လယ်တွေအများစု အသိမ်းခံရ၊ လူဦးရေတိုး၊ မြေအောက်ရေ ရှားပါ။ ရလဒ်က စားနပ်ရိက္ခာ ပြတ်တောက်သွားနိုင်တဲ့ အနေထားမှာ ရှိနေတယ်။
 
သိန်းစိန်အစိုးရသစ်အနေတဲ့ ဒေါ်လာဈေး ကျဆင်းနေတာကို ဘယ်လို မန်းမှုတ်ပြီး ကုစားမလဲ။ သမတအကြံပေးအဖွဲ့  က လူကြီးမင်းတွေက ဒီပြသနာဟာ ဘာကြောင့်ဖြစ်တယ်။ ဘယ်လို ကျားကန်ကာကွယ်ကြမယ်ဆိုတာ ဘာမှကိုမ ပြောသေးဘူး။ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ နည်းလမ်းတွေ ရှိပုံမရဘူး။
 
မြန်မာ့စီးပွားရေးက သွပ်မိုးခွာ အိမ်တိုင်ချွတ် စီးပွားရေးစနစ်မျှသာ ဖြစ်တယ်။ မြေပေါ်မှာရှိတာတွေ ခုတ်ပြီးရောင်းလို့ ကုန်ပြီ။ အခုမြေအောက်က သယံဇာတတွေကို တူးဖေါ်ရောင်းနေတယ်။ ဘာထုတ်ကုန်မှ မရှိဘူး။ ဘာဆက်လုပ်မလဲ။ ဘယ်သူတွေက အကြံပေးဦးမယ်လဲ။
 
မိုးသီးဇွန်
June 18, 2011
http://www.naytthit.net/?p=14302

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment