Thursday, 30 June 2011

[Big Brothers & Sisters] “ကြည်

Myint Naing 30 June 19:11
"ကြည်
ပဲပြုတ်နဲ့ နံပြား စားချင်တယ်
အောင်ဆန်း"

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး
အောက်တွင်လည်း "အောင်ဆန်း" ဟု သူ၏နာမည်လက်မှတ် ရေးထိုးထားသော
စာတိုကလေးပင်ဖြစ်သည်။
တစ်ခါက ဗိုလ်ချုပ်က သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်အား သူကြိုက်သော
ပဲပြုတ် နံပြား စားချင်ကြောင်း ပူစာလိုက်သည့် စာပင်ဖြစ်သည်။
" ပူဆာ " သည်ဟု ဆိုရခြင်းမှာ ' ဟေ့ ငါ ပဲပြုတ်နဲ့နံပြား
စားချင်တယ်၊မနက်စောစော အသင့်ဝယ်ထားလိုက် ' ဟု စစ်သူကြီး တစ်ဦးက စစ်သည်
ရဲဘော်ကလေး
အား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သှူု့ကို အလွန်
ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုး
ဖြစ်နေသောကြောင့် ပင်တည်း။
အထက်ဖော်ပြပါ စာတိုကလေးအကြောင်းကို
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စိတ်ဝင်စားသူ၊ လေ့လာသူ၊သူ့အကြောင်း
ဟောပြောရေးသားသူမှန်သမျှ ကောင်းစွာ
သိကြပါသည်။

သို့သော် ယင်းစာတိုကလေးနှင့် ပတ်သက်၍
သဘောထားကွဲလွဲမှု၊အငြင်းပွားမှုများလည်း ရှိခဲ့ပါသည်။
သဘောထားကွဲလွဲမှု၊အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် စာတိုကလေးသည်ယနေ့တိုင်အောင်
တက္ကသိုလ်သမိုင်းသုတေသန
ဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။

ယင်းစာတိုကလေးနှင့် ပတ်သက်၍ အငြင်းပွားမှု အကြောင်း
အနည်းငယ်မျှ ရှင်းပြလိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသော စာတိုကလေးတွင်
ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည် မှန်သော်လည်းစာပါအကြောင်းအရာက
နိုင်ငံရေး၊စစ်ရေး
နှင့် ဘာမှမဆိုင်။သူ၏တွေးခေါ်မျှော်မြင်ရေး ဒဿနဆိုင်ရာ
သုံးသပ်ချက်လည်းမဟုတ်။ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ထို့ကြောင့်
သည်လိုကိုယ်ရေးကိုယ်တာ ကိစ္စမျိုး
တွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
ရေးသားပြုစုခြင်း၊ဟောပြောခြင်းများမလုပ်သင့်၊နိုင်ငံရေး၊စစ်ရေး သို့မဟုတ်
အတွေးအခေါ်ပိုင်းဆိုင်ရာသဘောတရားမျိုးသာလျှင်
မှတ်တမ်းတင် ရေးသားသင့်သည်။ဟောပြောသင့်သည်။

ဥပမာ ဇူလိုင်၊၉၄ထုတ် နွယ်နီမဂ္ဂဇင်းမှ ကျွန်တော်၏ "
ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း"
ဆောင်းပါးဆိုလျှင်လည်း အထက်ပါယူဆချက်အရ
ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသား
ဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ် သက်ရောက်နေပါသည်။
ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။
" ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ၊ကိုယ်ရေးကိုယ်တာကိစ္စ
အကေးအဖွဲလေးတွေဆိုပြီး ပစ်ပယ်လို့ မရဘူး။ဒါမျိုးတွေက ကာယကံရှင်
ပုဂ္ဂိုလ်ရဲ့ ပင်ကိုယ်သဘာဝ စရိုက်
Character ကိုပေါ်လွင်စေတယ်။သူ့ရဲ့စိတ်ဓာတ်
အတွေးအခေါ်တွေအမြှော်အမြင်၊အယူအဆတွေကို ခန့်မှန်းလို့ရတယ်။သူဟာ
ဘယ်လိုလူစားမျိုးလည်းဆိုတာ ရုပ်လုံးဖော်ရာမှာ
အထောက်အကူဖြစ်စေနိုင်တယ်။ကျုပ်သဘောထားကိုပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့
ပတ်သက်လို့ နောင်လာနောက်သားတွေ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သား
နိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေကအစ
မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်"
ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော် ပြောခဲ့ပုံကို
ကြားနာမှတ်သားရဖူးပါသည်။
ထို့ကြောင့် ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏
သဘာဝစရိုက်ကို ခန့်မှန်း၍ရနိုင်မည့် ကျွန်တော်၏ကိုယ်တွေ့
ဖြစ်ရပ်အချို့ကို ဖော်ထုတ်တင်ပြလိုက်ရပါ
သည်။
ဥပမာဆိုလျှင်-
*
………….*…………….*…………….*
၁၉၄၆ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည်
ဗြိတိသျှ ဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွဲပြောင်းလက်ခံယူပြီးနောက်
ရန်ကုန်မြို့ ဗိုလ်အောင်
ကျော်လမ်းရှိအတွင်းဝန်ရုံး(ယခု ၀န်ကြီးများရုံး)သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
သူ၏ရာထူး (တရားဝင်အခေါ်အဝေါ်)မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ
ဒုတိယဥက္ကဌ ဖြစ်ပါသည်။( ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင်
ဘုရင်ခံမ
တက်ပါ။ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ
ဦးဆောင်စည်းဝေးရပါသည်။လွတ်လပ်ရေးမရသေးမီကာလဖြစ်၍ " ဘုရင်ခံ၏
အမှုဆောင်ကောင်စီ"ဟုခေါ်သော်လည်း
စင်စစ်အားဖြင့် အစိုးရအဖွဲ့(ကတ်ဘိနက်)ပင်ဖြစ်ပါသည်။ဗိုလ်ချုပ်၏တာဝန်က
ဝန်ကြီးချုပ်၊ကာကွယ်ရေးဝန်ကြီး၊နိုင်ငံခြားရေး ၀န်ကြီးအဖြစ်
ဝန်ကြီးဌာနသုံးခုကို တာဝန်ယူရ
သဖြင့် အလွန်အလုပ်များလှပါသည်။
တစ်နေ့သ၌ဗိုလ်ချုပ်သည် မွန်းလွဲသုံးနာရီခန့်တွင် ကျွန်တော့်အား
လျှပ်စစ် ခေါင်းလောင်းတီး၍ ခေါ်သဖြင့် ကျွန်တော်လည်း ချက်ခြင်းပင်
သူ၏ရုံးခန်းတွင်းသို့
လျင်မြန်သွက်လက်စွာ ၀င်သွေးလိုက်ပါသည်။
ထိုနေ့အဖို့ မျက်နှာဖြူအတွင်းဝန်က သူ့ထံတင်ပြဆုံးဖြတ်ချက်
ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင်
စာရွက်စာတမ်းများ
ဖိုင်တွဲများရှင်းနေပြီ ဖြစ်သည်။
" ဘာများလဲ ဗိုလ်ချုပ် "
ကျွန်တော်က ထုံးစံအတိုင်း သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည်
ဝန်ကြီးတစ်ဦးက သူ့ပီအေ(အပါးတော်မြဲ)ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ
ရင်းနှီးသော ကျောင်းနေ
ဘက်သူငယ်ချင်းကို ရင်ဖွင့်ပြောသလို ဟန်မျိုးဖြင့်
" ငါအခုဗိုက်ဆာလို့ တစ်ခုခု စားချင်တယ်ကွာ "ဟုပြောပါသည်။
ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်
ချက်ချင်းရိပ်မိလိုက်ပါပြီ။
ထိုနေ့နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ဆရာတပည့်
နှစ်ဦးအား နံနက်စာထမင်းကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က
(ထိုအချိန်ကဈေးအပေါဆုံး ဟင်း
လျာတစ်ခုဖြစ်သည့်)ဘဲဥ ဟင်းနှင့် ကျွေးခဲ့ပါသည်။ဗိုလ်ချုပ်သည် ဘဲဥဟင်းကို
မကြိုက်၍ဘဲလားမသိ။ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာ စားပြီး စားပွဲမှ
ထလိုက်သဖြင့်
ကျွန်တော်လည်း ကဗျာကယာ လက်ဆေး၍ ရုံးသွားရန်ပြင်ဆင်ခဲ့ရပါသည်။နံနက် ၁၀
နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည်
တစ်နေကုန်နီးပါး ဆက်တိုက်
အလုပ်လုပ်နေရချိန်တွင် ဘာမျှမစားမသောက်ရသောကြောင့် ဆာလောင်ပြီး
ကျွန်တော့်အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။
{မှတ်ချက်……ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ၀န်ကြီးလစာရသည် မှန်သော်လည်း
ယင်းလစာငွေကိုကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် ဘတ်ဂျက်
မအောက်အောင်
စိစစ်သုံးစွဲရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်ကူပါ။နေ့စဉ်နဲ့အမျှ လာရောက်သော
ဧည့်သည်များ၊ရဲဘော်များအားလည်း ဧည်ံခံကျွေးမွေးရသောကြောင့်
လကုန်ခါနီးရက်များ
ဆိုလျှင် အထူးခြိုးခြံ ချွေတာရသောကြောင့် လကုန်ခါနီးရက်များဆိုလျှင်
အထူးခြိုးခြံချွေတာရပါသည်။ထို့ကြောင့် ကျွန်တော်တို့အား
ဘဲဥဟင်းတစ်မယ်တည်း ချက်ကျွေးသည်
ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။စာရေးသူ )
ကျွန်တော်သည် ဗိုလ်ချုပ်ကို ကြည့်ပြီး စိတ်ထဲမှ
သနားသွားမိပါသည်။သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု
ဝယ်ကျွေးချင်စိတ် ဖြစ်ပေါ်လာမိပါ
သည်။
" ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ"
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို
ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်သည်။
"ဘာလဲ ၊မင်းကငါ့ကို ၀ယ်ကျွေးမလို့လား၊၀ယ်ကျွေးရအောင် မင်းမှာ
ပိုက်ဆံကောရှိလို့လား "
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား
လိမ်ပြောလေ့မရှိပါ။သူသည် လိမ်ပြောခြင်းကို လုံးဝမကြိုက်။မှန်ရာကိုသာ
ပြောမှ သဘောကျသူဖြစ်၍ ကျွန်တော်တို့
လူငယ်တွေကလည်း သူ့အားလိမ်မပြောဝံ့ကြပါ။သို့ရာတွင် ထိုနေ့ကတော့ သူဗိုက်ဆာ၍
တစ်ခုခုစားချင်ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်သည်
ဘာဘဲဖြစ်ဖြစ် သည်တစ်ခါတော့ အမှန်ကို မပြောမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
"ကျွန်တော့်မှာ ပိုက်ဆံပါ ပါတယ်၊ ဗိုလ်ချုပ်ဘာစားချင်တယ်ဆိုတာသာ ပြောပါ "
ကျွန်တော်က ခပ်တည်တည်နှင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ရင်း
ပြောလိုက်ပါသည်။အမှန်က ကျွန်တော်၏ အကျ င်္ီအိတ်ထဲတွင် ငွေ ၅ ကျပ်တန်
တစ်ရွက်နှင့်
ကျပ်တန်နှစ်ရွက် စုစုပေါင်း ငွေ ၇ ကျပ်သာ ရှိပါသည်။သို့သော် ကျွန်တော်က
မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်လည်း ယုံကြည်သွားပုံရပါသည်။
" ဟုတ်လား ၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း( ရွှေဘုံသာလမ်း)က
ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ "
" ဟုတ်ကဲ့၊ ဒါဆိုရင် ရပါတယ် ၊ကျွန်တော့်မှာ
ပါတဲ့ငွေနဲ့လုံလောက်ပါတယ်၊ရုံးကနေ မဂိုလမ်း (ရွှေဘုံသာလမ်း)သွားစားပြီးမှ
အိမ်ပြန်ကြတာပေါ့၊ကိုင်း လာပါ ဗိုလ်ချုပ် "
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ
ရုံးလုလင်အား
" ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ ၄ နာရီထိုးရင်
တံခါးတွေပိတ်လိုက်တော့" ဟု ညွန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံး
အောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကား မောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့်
အိမ်မှရုံးသို့အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ထို့ကြောင့်
အပြန်လည်း
ကျွန်တော်ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း(
ရွှေဘုံသာလမ်း)၊ဒါလဟိုဇီလမ်း(မဟာဗန္ဒုလလမ်းထိပ်)အနီး ဗလီကြီးအောက်ရှိ
ပလာတာဆိုင်သို့ တိုက်ရိုက် မောင်းသွား
လိုက်ပါသည်။
ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှ ဗိုလ်ချုပ်အား
သူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန်မည်သို့မည်ပုံ ပရိယာယ်ဆင်ရမည်ကို
ကြိုတင် အကွက်ချပြီး
ဖြစ်သည်။
မဂိုလမ်း (ရွှေဘုံသာလမ်း)ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ
ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က မကြာခဏ၀င်စားလေ့ရှိသော
ဆိုင်ဖြစ်ပြီး ဆိုင်
ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ယင်းအချက်ကို အားကိုးပြီး
ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာဖြင့် လာခဲ့ခြင်း ဖြစ်ပါသည်။
ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည်
အလွန်ဖော်ရွေစွာဖြင့် ခရီးဦး ကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ
ကျွန်တော်တို့လည်း စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်
ယောက်လျင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီနှစ်ယောက်အတွက်
နှစ်ပွဲမှာလိုက်ပါသည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့်
ငွေသိမ်းကောင်တာ
တွင် ထိုင်နေသူ ဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုး ပြောလိုက်ပါသည်။
" ဒီမယ် ခင်ဗျား ကျုပ်ကို သိတယ်မဟုတ်လား၊ဒီဆိုင်မှာ စားနေကျ
ဖောက်သည်တစ်ယောက်ပဲ၊ဟိုမှာထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ
ခင်ဗျားသိမှာပေါ့၊အခု
သူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်၊ခက်တာက ကျုပ်မှာ
ပိုက်ဆံအလုံအလောက် မပါဘူး။ဒါကြောင့် ကျုပ်တို့အခုစားလို့ ကျသင့်တဲ့ငွေကို
နက်ဖြန်ကျ
မှ ကျုပ်လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင်
ပိုက်ဆံရှင်းပြီးပါပြီလို့လည်း ပြောပေးပါ၊ကျုပ်မှာ ပိုက်ဆံမပါတာကို
သူမသိစေချင်ဘူး "
ကျွန်တော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလားသည်
ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့်
ခေါင်းညိတ်ပြပါသည်။
" စိတ်ချပါ ဆပ်၊ကျသင့်တဲ့ငွေကို ဆပ်တို့ကြုံတော့မှ
ဝင်ပေးပါ၊ရပါတယ်၊ ဗိုလ်ချုပ်မေးရင်လည်း ငွေရှင်းပြီးပြီလို့ ဖြေပါ့မယ်"
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး
ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
ပလာတာနှင့်ခပတ် နှစ်ပွဲ ရောက်လာသောအခါ ဗိုလ်ချုပ်သည်
ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ
စားပါတော့သည်။ကျွန်တော်လည်း ကိုယ့်
ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ
မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့်
ဆုံးဖြတ်ထားသူ ကျွန်တော်တို့
၏ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက် အနေဖြင့် သနားစရာ
ကောင်းလှပါသည်တကားဟု စိတ်ထဲမှ ကျိတ်၍မှတ်ချက်ချမိပါသည်။
သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။
ကျွန်တော်စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
"ဟေ့ကောင် ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်" ဟု
ပြောရာ ကျွန်တော်လည်း
ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း
တစ်ခါတည်း ငွေရှင်းပေးခဲ့ပါတယ် " ဟုပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့်
စီစဉ်ထားသည့်အတိုင်း အချက်ပြ
ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက် လျှောက်လာပြီး ဗိုလ်ချုပ်အား
ရိုသေစွာဆလံပေး အလေးပြုရင်း
"ပိုက်ဆံရှင်းပြီးပါပြီ" ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး
ထိုင်ရာမှ ထလိုက်ပါသည်။
"ဘယ့်နှယ့်လဲ ဗိုလ်ချုပ် စားလို့ ကောင်းပါရဲ့လား "
ကျွန်တော်က ဆိုင်ရှင်ရှေ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်လည်း
" အေးကွ၊ မစားရတာကြာလို့လားမသိဘူး၊အလွန်စားလို့ကောင်းတယ် " ဟု
ပြုံး၍ပြောသည်ကို ဆိုင်ရှင်ကုလားသည် သဘောကျသွားပုံရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး
ကျွန်တော်သည် ဗဟန်း တာဝါလိန်းလမ်း(နတ်မောက်လမ်း) နေအိမ်သို့
မောင်းပြန်လာခဲ့ပါသည်။
နောက်တစ်နေ့နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ
မဂိုလမ်း ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့
စားခဲ့သော ပလာတာနှင့်ခပတ်ဖိုး
ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။

*………………..* ………………………*
၁၉၄၆ခုနှစ်၊မတ်လက ဗိုလ်ချုပ် အောင်ဆန်းသည် သခင်မြ၊ဟင်္သာတ
ဦးမြ၊ ဦးအောင်ဇံဝေစသော ဖဆပလအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ
စည်းရုံးရေးခရီး
ထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍ ပြန်လည် ဖော်ထုတ်တင်ပြလိုပါသည်။
ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့ အာဏာမရရှိသေးဘဲ
ဆင်းရဲနွမ်းပါးသော အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ
အစိုးရအဖွဲ့ဝင် ၀န်ကြီးများ
တိုင်းခန်းလှည့်လည်သလို လေယာဉ်၊ မော်တော်ယာဉ်၊မီးရထား၊ မီးသဘောင်္ စသည့်
အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ
သွားခဲ့ရပါသည်။သို့
သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းဆင်းရဲစွာ ခရီးသွားရသည်ကို လုံးဝမညီးညူဘဲ
ရွှင်လန်းတက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျုးဖွယ်
ကောင်းလှပါသည်။စစ်အတွင်းဂပန်
ခေတ်က သူသည် တပ်မတော် သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် မောရစ် ၂၅ အမျိုးအစား
အနက်ရောင် ဆလွန်းကားကြီးကို အလံ ၃ ခု ဆင့်လွှင့်လျက် ဒီးနင်းသွားလာခဲ့ရသည်
ကိုလည်း ပြန်လည်သတိမရ၊မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား
ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း၊ရခိုင်ဘက်တွင်လည်း
နွားလှည်းတစ်လှည့်၊ခြေကျင်
တစ်ခါသွားလာပြီး စည်းရုံး ဟောပြောရခြင်းကို လုံးဝ စိတ်ဓာတ်မကျဘဲ
ပျော်ရွှင် ကြည်လင်စွာပင် သွားလာဟောပြောစည်းရုံးခဲ့ပါသည်။
( မှတ်ချက်…အလံ၃ ဆင့် ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏
မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့
ဗိုလ်ချုပ်အောင်ဆန်း၏ ကားတွင်လည်း စစ်ဖက်ရာထူး
မေဂျာဂျင်နရယ်(ဗိုလ်ချုပ်)အလံ၊တပ်မတော်သေနာပတိ အလံနှင့် အစိုးရအဖွဲ့ဝင်
စစ်ဝန်ကြီးအလံဟူ၍ အလံ ၃ခု ဆင့်၍
လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည်။စာရေးသူ)
ရခိုင်ပြည်မြောက်ပိုင်း စစ်တွေမြို့ ပတ်ဝန်းကျင်တစ်ဝိုက်
နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့
မပြန်မီ တောင်ဘက်သံတွဲ
တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ၌
ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ
ပါမောက္ခ
ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ်၊သံတွဲဒေသတွင်
ရေလမ်းမှ ခရီးသွားခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ
ဦးကျော်ရင်
က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့် လှည့်လည်ဟောပြောရန်
သဘောတူလိုက်ပါသည်။
သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြသည့်နေ့ နံနက်ပိုင်းတွင်
ဒေသခံ ပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများ
ပြင်ဆင်နေကြစဉ် ဗိုလ်ချုပ်သည်
ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ ခေါ်၍ ခပ်တိုးတိုးမေးပါသည်။
"ဟေ့ကောင် ငါတို့အခုသွားရမယ့် ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား"
ဟုတ်ကဲ့ဗိုလ်ချုပ်၊ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံး ရေတိမ်ပြီး
ကမ်းနဲ့နီးနီးနေရာက သွားမှာပါ၊ဒါပေမယ့် ခရီးတစ်ထောက်မှာတော့ ပင်လယ်ကို
ဖြတ်သွားရပါ
မယ်၊ဘေးအန္တရာယ်တော့မရှိပါဘူး၊ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့
ရာသီမို့ အဆင်ပြေမှာပါ
ကျွန်တော်ကခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကို ပြောလိုက်ပါသည်။
"ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆိုရင် မဖြစ်ဘူး ထင်တယ်ကွ "
"ဘာဖြစ်လို့လဲ ဗိုလ်ချုပ် "
"ဘာဖြစ်ရမှာလဲ၊ ငါက ရေမကူးတတ်ဘူးကွ၊ မတော်တဆ လှေမှောက်ရင် ဘယ်နှယ့်လုပ်မလဲ "
ဗိုလ်ချုပ်က ခပ်တိုးတိုး ပြောလိုက်သဖြင့် ကျွန်တော်သည်
သူ့အားကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသည်။
ရေမကူးတတ်သူများအနေဖြင့် ရေလမ်းခရီးသွားရမှာ ကြောက်ခြင်းသည်
မဆန်းပါ။အထူးသဖြင့် ကမ်းနှင့်ဝေးဝေး ပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို
စိုးရိမ်မည်
ဆိုရင်လည်း စိုးရိမ်မိသည်မှာ သဘာဝကျပါသည်။
သို့သော် ခရီးက မသွား၍မဖြစ်။ဦးကျော်ရင်နှင့်
ဒေသခံပုဂ္ဂိုလ်များက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု
ကြေငြာထားပြီးနေပြီ။ ကျွန်တော်
လည်း စဉ်းစားရင်း အကြံတစ်ခု ရမိသဖြင့်
" ဗိုလ်ချုပ် ဒီမှာဘဲ ခဏစောင့်ပါ၊
ခရီးစဉ်ပြောင်းလို့ရရင် ပြောင်းပြီးသွားဖို့ ကိုကျော်ရင်တို့နဲ့
တိုင်ပင်ကြည့်ပါဦးမယ် " ဟု ပြောပြီး ကျွန်တော်သည် တော်လှန်
ရေး ရဲဘော်ကြီး ဥိးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။
အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ကျွန်တော်ကသာ စိတ်ကူးရသည့် အကြံကို
ခပ်တိုးတိုး
ပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံး၍ ခေါင်းညိတ်ပြပါသည်။
ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ်
ပြန်လျှောက်သွားလိုက်သည်။
" ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာမရှိဘူး။
ကိုကျော်ရင်တို့အဖွဲ့နဲ့ တိုင်ပင်ပြီးပါပြီ၊ သွားမယ့်ခရီးစဉ်ကို
လမ်းပြောင်းပြီး သွားကြမယ်။အတွင်းဘက် ချောင်းငယ်တစ်ခုက
တဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်။ဒါပေမယ့်
ပင်လယ်ပြင် ဖြတ်စရာ မလိုတော့ဘူး ကျွန်တော်တို့ စိတ်ချလက်ချ
သွားနိုင်ကြပါမယ်၊ကဲ လှေ
တွေလည်း အသင့်ဖြစ်နေပြီ၊ သွားကြရအောင် "
ဤသို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့
ခေါ်သွားလိုက်ပါသည်။ လှေဟာ တံငါလှေဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက
ဗိုလ်ချုပ်စီးသည့်အခါ
နေပူသက်သာအောင်ဆိုပြီး " ပေါင်းမိုး" လှေဝမ်းအပေါ်တွင်
အမိုးတပ်ဆင်ထားပါသည်။ ယင်းအစီအစဉ်ကြောင့် ပင်လျှင် ကျွန်တော်၏ အကြံအစည်
ချောမော အစဉ်ပြေသွားပါ
သည်။
လှေ၏ အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာ များရှိရာ
ကျွန်တော်က လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင်
ချထား လိုက်ပါသည်။
လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည် ဗိုလ်ချုပ်အား
အမိုးအောက်သို့ ၀င်စေပြီးနောက်—-
' ဗိုလ်ချုပ် အခု သွားရမယ့် ရေလမ်းက နည်းနည်း ပိုဝေးလို့
အတော်ကြာကြာသွးရမယ်၊ ဒီအတိုင်း ထိုင်လိုက် သွားရင်လည်း ပျင်းစရာကောင်း
လိမ့်မယ်ဒီတော့
ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း၊ညတုန်းကလဲ စကားပြောနေကြတာ ညဉ့်နက်သွားလို့
အိပ်ရေးပျက်ခဲ့တယ် မဟုတ်လား၊ အခု အချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး
တစ်ရေးလောက် အိပ်လိုက်ပါ၊အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့
ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ် ' ဟု ပြောပြောဆိုဆို
ကျွန်တော်
ကိုယ်တိုင် ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။

ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ ချစ်စရာကောင်းသော
အချက်တစ်ခုမှာ နိုင်ငံရေး၊ စစ်ရေး ကိစ္စများတွင်သာ
သူကိုယ်တိုင်အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း
အခြားအသေးအဖွဲ လူမှုရေးကိစ္စများတွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ
ကျွန်တော်တို့ စီစဉ်ပေးသလိုသာ လုပ်လေ့ရှိ ခြင်းပင် ဖြစ်ပါသည်။
ပြည်တွင်းပြည်ပ ခရီးသွားလာရာ
တွင် ဆိုလျှင်လည်း ဘယ်အခန်းနားမျိုးကျလျှင် ဘယ်လို ၀တ်စားရမည်ကိုပင် သူမသိသဖြင့်-
" ဟေ့ကောင် လုပ်စမ်းပါဦးကွ၊ ငါဘယ်လိုဝတ်ရမှာလဲ " ဟုမေးလျင်
ကျွန်တော်က ၀တ်ရမည့် အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။

ဗိုလ်ချုပ်သည်
ဘာမျှမပြောဘဲ ကျွန်တော် ပေးသောအ၀တ်အစားများကိုသာ ၀တ်လေ့ရှိပါသည်။
တစ်ခါတစ်ရံ နက်ကတိုင် လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင်
ကျွန်တော်ကပင်
ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည်
နိုင်ငံရေးကိစ္စကလွဲလျင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။
ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေး
သည့်အတိုင်း လိုက်လုပ်တတ်ပါသည်။
ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမော
အိပ်ရင်းအနားယူပါဟု ပြောတော့လည်း သူသည်ဘာမှမပြောဘဲ လှအိပ်ချလိုက်ရာ
ပင်ပန်း၍လား
မပြောတတ်၊ ချက်ချင်းကိုပင် အိပ်ပျော်သွားရှာပါသည်။
သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ၊လှော်ခတ်သူ လူငယ်များအား
စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကို ဖြတ်၍ လှော်ခတ်သွားကြရပါတော့သည်။
ဗိုလ်ချုပ်ခမျာ ဘာမျှမသိ၊ ကျွန်တော်ပြောသလို
ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းလေးထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျက်
စိတ်ချလက်ချ အိပ်ပျော် သွားရှာပါ
သည်။
မြစ်ဝကျွန်းပေါ်လိုနေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင်
ရေထဲဆင်းဆော့ကစားရာမှ ရေကူးတတ်ရုံမက ကျင်လည်စွာ ကူးနိုင်ကြပါသည်။
သို့သော် မိုးခေါင်
ရေရှား၊အင်းအိုင် မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း
နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ
မဆန်းပါ။တက္ကသိုလ်ရောက်
တော့ ရေကူးကန်၊ရေကူးအသင်း (Swimming Club)လည်းရှိသဖြင့် အသင်းဝင်ပြီး
ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏ သို့ရာတွင် တက္ကသိုလ် သမဂ္ဂနှင့်
နိုင်ငံရေးကိုသာ စိတ်ဝင်
စားပြီး အချိန်ပြည့်လှုပ်ရှားနေသူ ကောလိပ်ကျောင်းသား ကိုအောင်ဆန်း
အနေဖြင့် ရေကူးအသင်းဝင်ပြီး ရေကူးရန် အချိန်မပေးနိုင်ခဲ့ပါချေ။
ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ်၍
ရေလမ်းခရီးသွားခြင်းမျိုးကို မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။
တပ်မတော်သေနာပတိ စစ်သူကြီးတစ်ဦး ဖြစ်ခြင်းကြောင့်
ရေမကူးးတတ်ဘဲ ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍
မရပါ။ယင်းကိစ္စနှင့်
ပတ်သက်၍ ကျွန်တော် သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည်
ကျွန်တော်တို့အား ထပ်တလဲလဲ ပြောလေ့ရှိသော…
" လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို
မြတ်နိုးမှုပဲဖြစ်တယ်၊အခြေအနေအချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ
ပြောဝံ့တဲ့သတ္တိ ရှိရမယ်"
ဟူသော သွန်သင်ဆုံးမချက်၊အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့်(
Character and Love of Truth) ဟု ပြောခဲ့သည့် အတိုင်း ယခုလည်း
သူသွန်သင်ဆုံးမသ
လို ကိုယ်တိုင် လက်တွေ့လုပ်ပြသွားခြင်း ဖြစ်သည်ပါတကား ဟူ၍ပင် ဖြစ်ပါသည်။

*……………………*…………………….*

ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီး ပြောသလို
အသေးအဖွဲကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာ
ဝစရိုက်ကို ပေါ်လွင်စေသည် ဟူသော အဆိုအမိန့်ကို ဤ ဆောင်းပါးဖြင့် အလေးအနက်
ထောက်ခံလိုက်ရပါသည်။

**တက္ကသိုလ်နေ၀င်း **
(နွယ်နီ၊၆/၉၅)
အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်းစာအုပ်မှ
ကူးယူဖော်ပြပါသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment