Saturday, 25 June 2011

[Big Brothers & Sisters] “သူရဿဝါနှင့် ဘီဂန်နာများ”

Htein Aung 25 June 19:32
"သူရဿဝါနှင့် ဘီဂန်နာများ"
by ThuRa ThaWah on Thursday, June 23, 2011 at 2:40pm
ဘယ်နယ်ပယ် ဘယ်လောက မှာမဆို ဘီဂန်နာ (Beginner) ဆိုတဲ့ အသုံးအနှုန်း ရှိတယ်ခင်ဗျ။ မြန်မာလို ဆိုရင်တော့ "အသစ်ကလေး" တွေပေါ့။ ဖဲသမား များဆိုရင် Beginner Luck ဆိုတဲ့ စကားလုံးကို သုံးကြတာပဲ။ ဖဲကို မရိုက်တတ် ရိုက်တတ် စရိုက်ကြသူများ နိုင်လေ့ နိုင်ထ ရှိတဲ့ ကံတရားကို ပြောချင်တာပါ။ စစချင်း နိုင်တယ် ဆိုတော့ နောက်ပိုင်းလည်း မစွန့်လွှတ် နိုင်တော့ဘူးပေါ့။ ထားပါလေ .. ပြောရင်း စိတ်ပါလာ မှာစိုးလို့ ဆက်မပြော တော့ပါဘူး။ အခု ပြောချင်တာက သူရဿဝါတို့ အိုင်တီလောကကြီးရဲ့ ဘီဂင်နာများ အကြောင်းပါ။ ကွန်ပျူတာ စသင်သင်ချင်း၊ အင်တာနက် စပြီး သုံးသုံးချင်း ယောင်နန ဖြစ်ခဲ့ကြ ဖူးတဲ့အကြောင်း ပြောချင်တာပါ။



ဒီအကြောင်း ရေးမယ်ဆိုတော့ သူရဿဝါတို့ အထွေအထူး ကုန်ကြမ်း ရှာစရာ မလိုပါဘူး။ ကိုယ့်အကြောင်း ကိုယ်ရေးပြလိုက် ပြီးတာပဲလေ။ ကျွန်တော်နဲ့ ပေါင်းဖူးသူများ သူရဿဝါ ဘယ်လောက် ထုံသလဲ ဆိုတာ အားလုံး အသိပါ။ စိုးရိမ်တတ်၊ တွေးပူတတ် တာကလည်း နှစ်ယောက်မရှိ။ ဒီတော့ ကွန်ပျူတာ စသင်သင်ချင်းမှာ အတော်လေး စိတ်ဒုက္ခ ရောက်ပါတယ်။ ကွန်ပျူတာ အခြေခံ သင်တန်းသား ဘီဂန်နာလေး ဘဝ .. ကွန်ပျူတာ စသင်တော့ Keyboard တွေ၊ Mouse တွေကို ထိလိုက်တာနဲ့ ထပြီး ပေါက်ကွဲမလို မရဲတရဲ ကိုင်ရတယ်။ ပညာလေး မတောက်တခေါက်နဲ့ Folder လေး တစ်ခုလောက်များ Double Click နှိပ်ဖွင့်တာ အောင်မြင်သွား ပြီလားဟေ့ ဆိုရင် ကိုယ့်မှာ မီးပျက်မယ့်ရက် မှားပြီး မီးလာ နေသလိုပဲ ပျော်လိုက်ရတာ။ အဲ .. Folder လေးကို ချုံ့ထားရာက ချဲ့ချင်လို့ Maximize နှိပ်တာကို မှားပြီး Minimize နှိပ်မိလို့ မျက်စိရှေ့က Folder လေး ဘယ်ပျောက် သွားမှန်း မသိဘဲ ပြန်ရှာ မရတော့မှာ စိုးလွန်းလို့ ဇောချွေးတွေ ပျံဖူးတာလည်း ခဏခဏပါ ခင်ဗျ။ သူရဿဝါ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘီဂန်နာ လယ်ဗယ်များ အားလုံးနီးပါး ဒီလိုမျိုး ဖြစ်ဖူး၊ ကြုံဖူး ကြမယ်လို့ ထင်ပါတယ်။



Desktop ပေါ်မှာ တွေ့ရတဲ့ Application Icon တွေကို စိတ်ထဲက စပ်စုချင်လို့ နှိပ်လည်း နှိပ်ကြည့်ချင်၊ နှိပ်ကြည့် လိုက်လို့ ကွန်ပျူတာ ပျက်သွားမယ့် ဟာကြီးများ ဖြစ်နေရင် ကိုယ့်အမှုပတ် ဦးမယ်ဆိုပြီး စိုးရိမ်လို့ မနှိပ်ရဲနဲ့ပေါ့။ ကိုယ့်မျက်စိ ရှေ့က ကွန်ပျူတာကို အသစ်စက်စက် ရထားတဲ့ ရည်းစားလေးလို သဘောထားပြီး မထိရက် မကိုင်ရက် တစ်မျိုး၊ ယောက္ခမကြီးလို သဘောထားပြီး ကြောက်ကြောက် ရွံ့ရွံ့တစ်မျိုး ဆက်ဆံ ခဲ့ရတာ ပေါ့လေ။ အခုများနဲ့တော့ ကွာချင်တိုင်း ကွာပါရဲ့ … Enter ဆိုရင် ခလုပ်ကြီးများ ကျွံဝင် သွားမလား အောင့်မေ့ရအောင် ဂလောက်ခနဲ ဂျောက်ခနဲကို နှိပ်တော့တာ … အရင်ကတော့ ဘီဂင်နာ ဘဝမို့ ဒီလောက်တော့ ရှိမှာပေါ့။ သူရဿဝါ ကသာ စိုးရိမ်တတ်တာ အချို့ ဘီဂင်နာ များကတော့ လက်ရဲဇက်ရဲ မြွေမကြောက် ကင်းမကြောက် အကုန်ကို လျှောက်နှိပ် တာပဲ ခင်ဗျ။ ကျွန်တော်နဲ့ ကွန်ပျူတာ အတူတူ သင်တဲ့ သူငယ်ချင်း တစ်ယောက် ဆိုရင် ကွန်ပျူတာထဲ တွေ့သမျှဖိုင် အကုန်ကို လျှောက်ဖွင့် တာပါပဲ။ Local Disk (C) ထဲက ဖိုင်တချို့ကို မျက်စိ နောက်တယ် ဆိုပြီး တတ်လည်း မတတ်၊ ဘယ်သူ့ ကိုမှလည်း မမေးဘဲနဲ့ ကိုင်ထည့်လိုက်တာ စက်လည်း ပိတ်ပြီးရော Window တောင် ပြန်တက် မလာတော့ဘူး .. ဒါမျိုး လက်သွက် ခြေသွက် ဘီဂန်နာ များကိုလည်း အရှင်လတ်လတ် တွေ့ဖူးပါတယ်။



ကွန်ပျူတာ အခြေခံ ဘီဂန်နာ ဘဝပြီးတော့ အင်တာနက် လမ်းကြောင်းပေါ် ဘယ်လိုမှန်း မသိဘဲ ရောက်သွား ပါတယ်။ အဲဒီမှာ အင်တာနက် အခြေခံ ဘီဂန်နာ ဘဝကို ထပ်ကြုံရ ပြန်ပါလေရော။ ကွန်ပျူတာ အခြေခံတောင် စသင်တဲ့ ကာလမှာ ကြောက်ကြောက် လန့်လန့် သင်လာရတာ၊ ဂလိုဘယ် ဆက်သွယ်ရေး ကွန်ယက်ကြီးထဲ ဝင်ပြီး တကမ္ဘာလုံးနဲ့ ဆက်ဆံ ရမယ့် ကိစ္စကျတော့ ပိုဆိုးသပေါ့ဗျာ။ အီးမေးလ်နဲ့ ဂျီမေးလ် မခွဲတတ်၊ ဂျီတော့နဲ့ ဂျီမေးလ် ဘာကွာမှန်း မသိနဲ့ ဟိုနှိပ်ရမလို ဒီနှိပ်ရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်က ဒီဘဝကို ကျော်လာလို့ အင်တာနက် ဆိုင်မှာ ဆိုင်အကူ လုပ်တဲ့ အချိန်ကျတော့ ကိုယ့်ထက် ပိုပြီး ဂန်လည်းဂန် နာလည်းနာတဲ့ ဘီဂန်နာ များနဲ့ ကြုံရ ပါတော့တယ်။



တစ်ခါသား သူရဿဝါ အလုပ်လုပ်တဲ့ အင်တာနက် ဆိုင်ထဲ ကောင်မလေး တစ်ယောက် ဝင်လာပြီး စက်တစ်လုံး ယူလို့ အင်တာနက် ထိုင်သုံး ပါတယ်။ ကျွန်တော်လ်း အမှုမဲ့ အမှတ်မဲ့ နေမိတာပေါ့။ နည်းနည်းကြာလို့ သူ့စက်ကို လှမ်းကြည့် မိတော့ ကောင်မလေးက ကွန်ပျူတာရှေ့ထိုင်၊ မျက်မှောင်ကြီး ကုပ်ပြီး ခေါင်းကို တဗြင်းဗြင်း ကုတ်နေလေရဲ့၊ ခဏနေတော့ ကျွန်တော့်ကို လှည့်ကြည့် လှည့်ကြည့်နဲ့ လုပ်နေပါတယ်။ ကိုယ်လည်း ဘီဂန်နာ ဘဝက လာတာဆိုတော့ သူတစ်ခုခု ပြဿနာ ရှိနေပြီ ဆိုတာ ခန့်မှန်းလိုက် မိပါတယ်။ နောက်ပြီး မိန်းကလေး အများစု အင်တာနက် ဆိုင်မှာ သုံးကြရင် တစ်ခုခု မလုပ်တတ်လည်း ဆိုင်အကူကို မခေါ်ဘဲ ကြိတ်ပြီး ဖြေရှင်းတတ် ကြတာကို အတွေ့အကြုံ အရ သိနေ ပါတယ်။ သူတို့ မတတ်ဘူး ဆိုတာကို လူသိမှာ ရှက်တာလည်း နေမှာပေါ့လေ။

ဒါနဲ့ ကိုယ်လည်း အလိုက်တသိ သူ့အနား သွားပြီး ညီမလေး ဘာဖြစ်လို့လဲ မေးပါတယ်။ ဒါနဲ့ သူက ကွန်ပျူတာ လက်ညှိုးထိုး ပြပါတယ်။ လှမ်းကြည့် လိုက်တော့ ဖွင့်ထားတာက http://www.facebook.com/l/4adddoVAMekr6pBLtyaOxfZPibQ/www.google.com ပါ။ ညီမလေး ဘာလုပ်ချင် လို့လဲလို့ မေးမိတော့မှ Google Search Box ကြီးကို လက်ညှိုး ထိုးပြပြီး "သမီး ဂျီမေးလ် ဖွင့်မလို့ဟာကို … username ရိုက်ဖို့ အပေါက်ပဲ တွေ့တယ် .. password ရိုက်ရမယ့် အပေါက် ပျောက်နေလို့ လုပ်ပါဦး" တဲ့ဗျား။ အောင်မာ … သူကတောင် ကိုယ့်ကို ပြန်စွပ်စွဲ လိုက်သေးတယ်။ "ကိုကြီးတို့ ကွန်ပျူတာ ဗိုင်းရပ်စ် ကိုက်နေလို့ password အပေါက် မပေါ်တာ ဖြစ်မယ်" တဲ့။ ကျွန်တော်လည်း ဘီဂန်နာမမကို ပြန်ခံငြင်း မနေတော့ပါဘူး။ ကိုယ်လည်း သူ့လို သုံးတတ်ခါစက ဒီလိုတွေ ကြုံခဲ့ဖူး တာပဲ မဟုတ်လား။



တကယ်တော့လည်း ဒါက ဘာမှ အားငယ်စရာ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့လို ပမွှားလေးတွေ မပြောနဲ့ အခု … မြန်မာပြည်တွင်းက နည်းပညာ ဝက်ဘ်ဆိုက် တွေထဲမှာ နာမည်ကြီး ဝက်ဘ်ဆိုက် တစ်ခုရဲ့ ဖန်တီးရှင် အစ်ကိုကြီး ကိုယ်တိုင်တောင် ဘီဂန်နာ ဘဝမှာ ပေါက်ကရတွေ လုပ်ခဲ့ဖူးတယ် ခင်ဗျ။ သူကတော့ http://www.facebook.com/l/4adddOWZD4Jan0WJE3bLT026RRw/www.m51a.com တည်ထောင်သူ အမည်မဖော်လိုသူ ကိုထွန်းပါ (သူပြောပြလို့ ဒီအကြောင်း ရေးပစ်မယ်လို့ ခြိမ်းခြောက်တော့ သူ့နာမည် ထည့်မရေး ပါနဲ့ဆိုလို့ နာမည်အရင်း ထည့်မရေးဘဲ လူသိများတဲ့ နာမည်လေးပဲ ဖော်ကောင် လုပ်လိုက်ပါတယ် ဟဲဟဲ)။ သူဆိုလည်း အင်တာနက် စသုံးတတ် ခါစက သူများတွေ ချက်တင် ထိုင်တာ၊ ဂျီတော့ သုံးတာတွေ အားကျပြီး ဂျီတော့ကြီး ခပ်တည်တည် ဖွင့်လို့ username တွေ password တွေနေရာမှာ သူ့နာမည်နဲ့ မှတ်ပုံတင် နံပါတ်တွေ ထည့်ရိုက်ခဲ့ ဖူးပါသတဲ့။ ဒါက အခု ကျွန်တော်တို့ အဖွဲ့ရဲ့ ဒိတ်ဒိတ်ကြဲ နည်းပညာ မွေးစားဖအေကြီး (အခုထိလည်း ကျွန်တော်တို့ သူ့ဆီမှာ မသိတာ မတတ်တာတွေ မေးနေရတုန်းပါ) တစ်ဦးရဲ့ ဘီဂန်နာ ဘဝတုန်းက အလွဲလေးပါ။



သူတို့လို လူတွေတောင် မှားဖူး သေးတာပဲ။ ကိုယ်တွေ ဘီဂန်နာ ဘဝမှာ လွဲခဲ့တာတွေက သေးသေးလေးရယ်။ အခုမှ အင်တာနက် ကွန်ပျူတာ စသုံးကြတဲ့ အားလုံးသော ဘီဂန်နာ များလည်း အားမငယ် ကြပါနဲ့။ ကွန်ပျူတာကို များများ ကလိပါ၊ အင်တာနက် ဆိုင်မှာ တစ်နေကုန် နှစ်လလောက် သွားသွား ထိုင်လိုက်ပါ။ ကွန်ပျူတာ နှစ်ခါလောက် ပျက်ပြီးရင်၊ အင်တာနက်ဖိုး သုံးလေးသောင်း ကုန်ဖူးသွားပြီ ဆိုရင် ဘီဂန်နာ ဘဝကုန်ဆုံးပြီး လည်လည်ဝယ်ဝယ် ဖြစ်လာမှာ သေချာ ပါတယ်လို့ ကျွန်တော် ဒီနေရာကနေ ချောက်တွန်း .. အဲ .. တိုက်တွန်း လိုက်ပါတယ် ခင်ဗျား။





သူရဿဝါ

ဇွန်လ ၂၃ ရက် ၊ ၂၀၁၀ ခုနှစ်

http://www.facebook.com/l/4addd-GQnOEOCbk8o7SHPYtagMQ/www.thurathawah.net

www.facebook.com/ThuraThawah

www.facebook.com/LiteraryArtBlog





(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 88 တွင် ပုံနှိပ်ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်)
Google
www.google.com
Search the world's information, including webpages, images, videos and more. Google has many special

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment