Monday, 27 June 2011

[လွပ်လပ်ခြင်း] - ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား-

- ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား- -မောင်သစ်ဆင်း- 20/,6, 2011  ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်း ကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရ နေမိပါတယ်။  မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက
De Nay 27 June 18:52
- ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား-
-မောင်သစ်ဆင်း- 20/,6, 2011

ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်း ကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရ နေမိပါတယ်။

မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက "မင်းတုန်းမင်းနှင့် ငါးခြောက်ပြား" ဆောင်းပါးကို သင်ပြီးစပေါ့။
မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြား ခဲ့ရတယ်။

တစ်နေ့ မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား လာပြီး လှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။

ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်း ထဲမှာ သေသေချာချာ သိမ်းခိုင်း လိုက်ပါတယ်။

နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့ တော့ဘူး။

ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာ မယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။

မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့ မရဘဲ ဗျာများနေခိုက် "ဟဲ့.. ငလွင် မရသေးဘူး လား"လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ ဘဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။
"ငလွင်.. လာခဲ့"လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့် အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန့် လန့် ဖြတ် ၀င်သွားပါသတဲ့။
"ဟဲ့.. ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့ မလဲ"လို့ မိန့် ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။
မေးခွန်းတစ်ခု က စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့ အဓိပ္ပာယ်မျိုးပေါက်တဲ့ မေးခွန်းပါ။

နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ဝင်လာပါတယ်။
အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီး တင်းလို့ ။

တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့ 
ဆရာ ဘာဖြစ်လာတာပါလိမ့်လို့  တွေးနေကြပုံဘဲ။

ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။
နောက်ဆုံး ခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။
ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ ကျောင်းသားကို ပေးလိုက်တယ်။

"ဒါ မင့်အဖြေလား"

"ဟုတ်ပါတယ် ဆရာ"

"အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း"

နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့ အဖြေကို ဖတ်ပါတယ်။
မှတ်မိသလောက်ဆိုရင်တော့ စံကျောင်းဆရာတော်ရဲ့ ဆုံမပုံကို သူ မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယ ဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင် စိတ်ထက် မိမိ အလွန်တရာ ကြိုက် နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေး ရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေ နိုင်ကြောင်း ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက်အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမ လျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယ ဖြစ်စရာ ရှိကြောင်း၊ ဘုရားသားတော်တို့ မည်သည် ရသ တဏှာဖြင့် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မည်လို့ ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေး လိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း.. အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးကတော့ တခိခိနဲ့ ရယ်ကြတယ်။
သူတစ်ကြောင်း ဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြ နဲ့ ။
ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါဘဲ။

ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ ကိုမေးတယ်။

"မင်း ငါ့ကို နောက်တာလား"

"ဟာ.. မဟုတ်ဘူးဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ။"

"ကဲ.. အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်ဆီ မေးမယ်၊ ကဲ.. မင်းကစ၊ သူဖြေတာ မှန်သလား မှာသလား"

ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့ ။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့ လို ခံစားမိတာဘဲ။ ဒါပေမယ့် သူ့ လို မဖြေတတ်ဘူး။ သူ့ လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့ လို မဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုဘဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။

"ဟေ့ကောင် ဖြေလေကွာ"

ရှေ့ ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင် ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေ တယ်လို့ ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့ အသက်တွေက "မှားတယ်လို့  ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး"လို့ ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါဘဲ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့ ။

သူဖြေတာ မှားပါတယ်"

" "ဟုတ်ပြီ၊ နောက်တစ်ယောက်"
"မှား.. အဲ.. မှားပါတယ်"

"နောက်တစ်ယောက်"
"မှားပါတယ်"

တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။
ကျွန်တော် ထ ရပ်လိုက်တယ်။
အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။

"မှားပါတယ်"

အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး။
ခေါင်းငုံ့ ပြီး ခုံပေါ်က စာအုပ်ကို စိုက်ကြည့်နေမိတယ်။

ထူးခြားတာက ကျောင်းသားအားလုံးလည်း အဲဒီလိုဘဲ။
လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့ မှာ ရိုက်ပါတယ်။

ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပါဘဲ။
ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေသလိုဘဲ။
တစ်တန်းလုံးလည်း ကျွန်တော့်လိုဘဲ ခံစားနေရမှာပါ။

အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံး လိုက်ပါတယ်။
ဆရာ့မှာ ဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
အဲဒီက ဆန့် တွေးလိုက်ရင်တော့ နိုင်ငံ ပေါ့ ခင်ဗျာ။
ဒါ ဆုံးရှုံးမှုပါ။

ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ သူ့ လို မဖြေရဲခဲ့ရတာလဲ။
ဖြေရဲသူ ရှိလာတာ တောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရ တာလဲ။

--(မောင်သစ်ဆင်း)
(သင့်ဘ၀ မျက်နှာဖုံးဆောင်းပါးများ "တုတ်တစ်ချောင်း၏ အတ္ထုပတ္တိ"မှ ထုတ်နုတ်ဖော်ပြပါသည်)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment