Tuesday, 28 June 2011

[Freedom Burma] အုပ်ချုပ်ရန် အခွင့်အရေး ပေးသည် နှင့် တော်လှန်ရန်...

အုပ်ချုပ်ရန် အခွင့်အရေး ပေးသည် နှင့် တော်လှန်ရန် အခွင့်အရေး
Lovely Man 28 June 19:05
အုပ်ချုပ်ရန် အခွင့်အရေး ပေးသည် နှင့် တော်လှန်ရန် အခွင့်အရေး

"အုပ်ချုပ်ရန် အခွင့်အရေး ပေးသည်။" (Consent of the Governed) ဒီစကားစုကို သဘောကျ နေခဲ့မိပါတယ်။

အုပ်ချုပ်သူ လူတန်းစားက ပြည်သူလူထုကို သူတို့ သဘောအတိုင်း အုပ်ချုပ်နိုင်တာ မဟုတ်ဘဲ၊ ပြည်သူလူထုက အခွင့်အရေးပေးမှ အုပ်ချုပ်နိုင်သည်။ လိုအပ်လျှင် အဲဒီ အခွင့်အာဏာကို ပြည်သူလူထုက အချိန်မရွေး ပြန်လည်ရုတ်သိမ်းနိုင်ခွင့် (သို့) တော်လှန်ရန် အခွင့်အရေး (Right to Rebel) ရှိတယ်။

ဒီစကားလုံးတွေကတော့ နိုင်ငံရေး သဘောတရားတွေကို ရေးသားခဲ့တဲ့ ဂျွန်လော့ခ် (John Locke -1632 – 1704) ရဲ့ စကားစုတွေ ဖြစ်ပါတယ်။ သူဟာ ထင်ရှားတဲ့ နိုင်ငံရေး တွေးခေါ်ပညာရှင် ဖြစ်သလို အခုလက်ရှိ နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂလန် စတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်ပုံ စနစ်တွေမှာ သူ့ရဲ့ အတွေးအခေါ်တချို့က အဓိက နေရာမှာ ရှိပါတယ်။

အမေရိကန်နိုင်ငံ လွတ်လပ်ရေး ကြေငြာစာတမ်းရဲ့ ထင်ရှားတဲ့ စကားစု တစ်ခု ဖြစ်တဲ့ "Life, Liberty and the pursuit of Happiness" ဆိုတဲ့ စကားစုဟာ ဂျွန်လော့ခ်ရဲ့ စကားစု တစ်ခုပါပဲ။ ဒီလို နိုင်ငံကြီးတွေက လက်ဆွဲပြုလုပ် ကျင့်သုံးရတဲ့ နိုင်ငံရေး သဘောတရား တွေးခေါ် ယူဆ ချက်တွေကို သိရှိထားဖို့ လိုအပ်တယ် ထင်ပါတယ်။

"အုပ်ချုပ်ရန် အခွင့်အရေး ပေးသည်။" (Consent of the Governed) ဆိုတဲ့ သဘောတရားကတော့ လူသားတွေရဲ့ သဘာဝ ဖြစ်တဲ့ အပြည့်အဝ လွတ်လပ်ခွင့်ကနေ တိုင်းပြည်၊ နိုင်ငံတွေကို တည်ထောင်ရတဲ့ မူလ ရည်ရွယ်ချက်ကို ပြန်လည် ရည်ညွန်းတာပါပဲ။

တိုင်းပြည်၊ နိုင်ငံတွေ မဖြစ်ပေါ်ခင် "လူသား သဘာဝ အခြေအနေ (State of Nature)" ဆိုတာကို အရင် ကြည့်ကြရအောင်။

လူသားတိုင်းမှာ လွတ်လပ်ခွင့် အပြည့်အဝ ရှိတယ်။ ကိုယ်လုပ်ချင်ရာကို လုပ်လို့ရတယ်။ ကိုယ့်ပိုင်ဆိုင်ခွင့်ကို ကိုယ့်ဘာသာ ကာကွယ်လို့ရတယ်။ လွတ်လပ်စွာ စိုက်ပျိုး၊ ထုတ်လုပ်၊ စားသောက်၊ နေထိုင်ခွင့် အပြည့်အဝ ရှိတယ်။ ပြောရရင် လွတ်လပ်ခွင့် ၁၀၀ % ပေါ့။

ဒါပေမယ့် တဖြည်းဖြည်းကြာလာတော့ ၁၀၀ % လွတ်လပ်ခွင့် အခွင့်အရေးအရ "အဆင်မပြေမှု (inconvenience)" တွေလည်း ဖြစ်လာတော့တယ်။ ဥပမာ လူတစ်ယောက်ကနေ အခြားလူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု တစ်ခုခုကို အနိုင်ကျင့် ရယူမူဖြစ်လာနိုင်တယ်။ အဲဒီလို အနိုင်ကျင့်ခံရတဲ့ ကိစ္စအတွက် လွတ်လပ်စွာ ပြန်လည်တရားစီရင်ခွင့် ရှိပေမယ့် .. မတရားမူကို ဘယ်သူက အရေးယူပေးနိုင်မလဲ။ အနိုင်ကျင့်ခံရသူဘက်က အားနည်းနေလို့ နောက်တစ်ယောက်က ဝင်ရောက် အရေးယူပေးမလား။ ဒါဆိုရင် ဘယ်သူမှားလို့ ဘယ်သူ မှန်တယ် ဆိုတာကို ဘယ်လို ဆုံးဖြတ်မလဲ။ နောက်ဆုံးတော့ မတရားမူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိဘဲ "လူသား သဘာဝ အခြေအနေ (State Of Nature)" ဟာ "အဆင်မပြေမှု (inconvenience)" တွေ များလာပါတော့တယ်။

အဲဒီ အခါမှာ လူသားတွေဟာ "လူသား သဘာဝအခြေအနေ (State Of Nature)" ကနေ "နိုင်ငံရေး လူ့အဖွဲ့အစည်း (Political Society)" အဖြစ်ကို ပြောင်းလဲလာပါတော့တယ်။

ဒီအပြောင်းအလဲ အတွက် "လူထု သဘောတူညီချက် (Social Contrast)" ဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ လူထုသဘောတူညီချက်ဟာ လူသားတစ်ဦးခြင်းစီနဲ့ သူနေထိုင်ရာ နိုင်ငံရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းကြားက ဆက်ဆံမှုအတွက် ထားရှိတဲ့ သဘောတူညီချက်ပါ။

"လူထု သဘောတူညီချက် (Social Contrast)" ထဲမှာ ပါရှိတာတွေကတော့ ပြည်သူလူထုဟာ သူတို့ရဲ့ ၁၀၀ % ရှိတဲ့ လွတ်လပ်ခွင့်တွေကို တရားမျှတမှု ဥပဒေအတွက် လူ့အဖွဲ့အစည်းရဲ့ လက်ထဲမှာ လဲလှယ်လိုက်တာဖြစ်ပေမယ့် .. အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရန် အခွင့်အရေးကိုတော့ ပြည်သူလူထုက ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်း တစ်ခုလုံးဟာ အများသဘောတူညီချက်အရသာ ပြုမူနေထိုင်ရမှာ ဖြစ်တယ်။

အစိုးရရဲ့ အဓိက တာဝန်က လူသားတွေကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ အများစုရဲ့ အကျိုးကို ဆောင်ရွက်ဖို့ အဓိက ရည်ရွယ်ရပါတယ်။ ဒါကြောင့် အုပ်ချုပ်သူ အစိုးရက ကိုယ်တိုင်က မတရားမှုတွေကို ကျူးလွန်လာရင် (ဒါမှ မဟုတ်) အများပြည်သူရဲ့သဘောထားကို ဆန့်ကျင်လာရင် ဖြုတ်ချပိုင်ခွင့် ရှိသလို၊ အဲဒီလို ဖြုတ်ချတာကို အင်အားသုံး နှိမ်နှင်းတာတွေ ပြုလုပ်လာရင်တော့ ပြည်သူလူထုက တော်လှန်ပိုင်ခွင့် (Right To Rebel) ရှိပါတယ်။ အဲဒီ အချက်အတွက် ထင်ရှားတဲ့ ဥပမာ တစ်ခုကတော့ အမေရိကန် နိုင်ငံမှာ လူတိုင်း တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပေးထားရတာပါပဲ။ ဘာလို့လဲဆိုတော့ အစိုးရက မတရားဖိနှိပ် အုပ်ချုပ်မှု ရှိလာရင် ပြည်သူထူထုက ပြန်လည် ကာကွယ်နိုင်အောင် လက်နက်ကိုင်ဆောင်ခွင့် အခွင့်အရေးကို အခြေခံဥပဒေကနေ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်

ကိုထိုက်

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment