Friday, 24 June 2011

[Information & Technology Network] New doc: အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန်

created the doc: "အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန်"
Aung Htun created the doc: "အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန်"

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၁)

 

 

 

နိဒါန်း

 

 

ပြည်ထောင်စု မပြိုကွဲရေး.............................................................ဒို့အရေး

တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး.....................................ဒို့အရေး

အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး …........................................ဒို့အရေး

 

 

ဆိုတဲ့ စာတမ်းတွေကို မြို့အနှံ့၊ နယ်အနှံ့မှာ ဆိုင်းဘုတ်တင်ထားတာတွေ၊ တိုင်း၊ တပ်မ၊ တပ်ရင်းနဲ့ အစိုးရဌာနဆိုင်ရာ အသီးသီးမှာ ဆိုင်းဘုတ်တင် ချိတ်ဆွဲထားတာတွေ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဖျော်ဖြေရေး မီဒီယာတွေမှာ ထည့်သွင်းထားတာတွေကို ကျွန်ုပ်တို့ အားလုံး တွေ့မြင်နေကြရပါတယ်။ နိုင်ငံတော်မူဝါဒဖြစ်တဲ့ ဒီစကားလုံးတွေဟာ အနှစ်သာရ အနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းမွန်ပါတယ်။ သို့ပေမယ့် ဒီမူဝါဒတွေဟာ နိုင်ငံတော်အာဏာ သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ အမှန်တကယ် ကျင့်သုံးနေတဲ့ မူဝါဒတွေ ဖြစ်ပါရဲ့လား။ အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့တွေဟာ ဒို့တာဝန်အရေးသုံးပါး ဆိုတာကို ဦးထိပ်ထားပြီး အမှန်တကယ် ဆောင်ရွက်နေတာ ဖြစ်ပါရဲ့လား။

 

 

မြန်မာနိုင်ငံနှင့် အာဏာရှင်စနစ်

 

 

ဒီမိုကရေစီ သဘောတရားများအရ အာဏာဟာ ပြည်သူထံမှ သက်ဆင်းရပါတယ်။ ပြည်သူထံမှ မသက်ဆင်းတဲ့ အာဏာဟာ သက်ဆင်းလာတဲ့ အရင်းခံနေရာကိုပဲ အကျိုးပြုပြီး၊ ပြည်သူကို အကျိုး မပြုနိုင်ပါဘူး။ စစ်အာဏာဟာ အာဏာသိမ်းယူထားတဲ့ စစ်အုပ်စုကိုပဲ အကျိုးပြုပါတယ်။ လူတစုကနေ ဆင်းသက်လာတဲ့ အာဏာဟာ လူတစုကိုပဲ အကျိုးပြုပါတယ်။ ဒါကြောင့်လဲ သက်ဦးဆံပိုင်ဘုရင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် ( လွတ်လပ်မှုနှင့် တရားမျှတမှု မရှိသော အာဏာရှင် ရွေးကောက်ပွဲများ ကျင်းပပြီး အာဏာယူထားသော စနစ်) စတဲ့ စနစ်ဆိုးတွေကို ကမ္ဘာတ၀ှမ်းမှာ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

 

နိုင်ငံတော်အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ သိသာထင်ရှားသော အာဏာအပိုင်းအခြား (separation of powers) ရှိခြင်းဟာ ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကွန်စတီးကျူးရှင်းဆိုင်ရာ စည်းမျဉ်း တရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အာဏာကို တဦးတယောက်၊ တစု၊ တဖွဲ့က ထိန်းချုပ်ထားခြင်း မရှိစေရေးအတွက် အာဏာအပိုင်းအခြား ဆိုတဲ့ စည်းမျဉ်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံအများစုများ ကျင့်သုံးနေကြပါတယ်။

 

 

အုပ်ချုပ်ရေးအာဏာဟာ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ စတာတွေနဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း ရမှာ ဖြစ်ပြီး၊ အစိုးရအဖွဲ့ဟာ အစိုးရမူဝါဒများ ချမှတ် အကောင်အထည် ဖော်ဆောင်ရပါတယ်။ တပ်မတော်ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ရဲတပ်ဖွဲ့ကတော့ တရားဥပဒေ စိုးမိုးရေး တာဝန်တွေကို ထမ်းဆောင်ပြီး အုပ်ချုပ်ရေးအာဏာကို ကာကွယ်စောင့်ရှောက် ရပါတယ်။ အစိုးရအဖွဲ့ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်များ ပါဝင်တဲ့ ပါလီမန် (လွှတ်တော်) ကို တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်။

 

 

နိုင်ငံများရဲ့ သက်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ မူတည်ပြီး ပါလီမန် ပါဝင်မှုနှင့် ဖွဲ့စည်းမှု သဏ္ဍာန်တွေ ကွဲပြားပါတယ်။ ဥပဒေပြုအာဏာဟာ ပါလီမန်အမတ်များနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်လဲ ပါလီမန် အမတ်များကို တရားဥပဒေပြုသူများ (law-makers) တွေလို့ သတ်မှတ်ကြ ပါတယ်။ တရားစီရင်ရေးအာဏာကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးများနဲ့ သက်ဆိုင်ပါတယ်။ တရားသူကြီးများဟာ ပါလီမန်က ချမှတ်လိုက်တဲ့ အက်ဥပဒေများအတိုင်း တရားစီရင်ရေးမှာ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေးအာဏာနဲ့ ရောထွေးခြင်း မရှိရပါဘူး။ တရားသူကြီးများဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဖွဲ့အစည်းရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဂတိ လိုက်စားမှုတွေက ကင်းဝေးရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရယူထားတဲ့ အစိုးရအဖွဲ့က တရားသူကြီးများကို အသုံးပြုပြီး နိုင်ငံရေးယုံကြည်ချက်၊ အတွေးအခေါ် မတူသူများကို ပြစ်ဒဏ်ပေးဖို့ အသုံးချခွင့် မရှိပါဘူး။

 

 

မြန်မာနိုင်ငံမှာ တိုင်းတပါးသားတွေ အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီနယ်ချဲ့စနစ်နဲ့ ဖက်ဆစ် စနစ်တွေကို ဖယ်ရှားလိုက်ရင် သက်ဦးဆံပိုင် ဘုရင်စနစ် နဲ့ စစ်အာဏာရှင်စနစ် တွေကသာ ကာလအတန်ကြာ ကြီးစိုးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးစ ပါလီမန်စနစ်ကျင့်သုံးတဲ့ ကာလမှာကလဲ အာဏာ လုပွဲတွေနဲ့ စစ်မက်တွေ ဖြစ်နေခဲ့တာကြောင့် အာဏာအပိုင်းအခြား တိတိပပ မရှိခဲ့ပါဘူး။ အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ တို့အကြားမှာ ရောထွေးမှုတွေ၊ တရားစီရင်ရေးမှာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ၊ အဂတိလိုက်စားမှုတွေ ရှိခဲ့ပါတယ်။

 

 

သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အာဏာက ပြည်သူက သက်ဆင်းတာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး အာဏာဟာ မင်းရိုးမင်းနွယ်က ဆင်းသက်မှု၊ စစ်ပွဲမှာ အနိုင်ရသူ စစ်ဘုရင်က တိုင်းပြည်အုပ်ချုပ်မှု စတာတွေကနေ သက်ဆင်းလာပါတယ်။ ဥပဒေပြု အာဏာကလဲ ဘုရင်က ခန့်အပ်မှုပေါ်မှာပဲ မူတည်ပြီး၊ ပြည်သူကို ကိုယ်စားပြုခြင်း မရှိခဲ့ပါ။ တရားစီရင်ရေး အာဏာကလဲ အုပ်ချုပ်ရေးအာဏာကနေ ထပ်မံသက်ဆင်းလာပါတယ်။

 

 

(၁၉၆၂) ခုနှစ်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါ စစ်အုပ်စုကနေပဲ သက်ဆင်းလာပါတော့တယ်။ မဆလ ပါတီ လက်ထက်မှာလဲ အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်း စစ်အုပ်စုက ဦးစီးတဲ့ တပါတီအာဏာရှင်စနစ် ကနေပဲ သက်ဆင်းလာခဲ့ပါတယ်။ (၁၉၈၈) စစ်အာဏာသိမ်းပွဲ အပြီးမှာလဲ အာဏာသုံးရပ်ဟာ စစ်အာဏာရှင်တွေရဲ့ န၀တ၊ နအဖ အဖွဲ့အစည်းတွေ ကနေပဲ သက်ဆင်းလာပါတယ်။

 

 

ဒီလိုနဲ့ နအဖက အမျိုးသားညီလာခံ ခေါ်ယူပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့ပါတယ်။ ဒီမူကြမ်းကို (၂၀၀၈) ခုနှစ်မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး၊ အတည်ပြုခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်မှာတော့ ရွေးကောက်ပွဲကျင်းပပြီး၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကြံ့ဖွတ်ပါတီက အစိုးရ ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီအစိုးရအဖွဲ့ကို နအဖ စစ်အာဏာရှင် ဟောင်း ဗိုလ်သိန်းစိန်ကဦးဆောင်ပြီး အရပ်သား အစိုးရလို့ ကြေငြာခဲ့ပါတယ်။ ဒီင်္မိုကရေစီ စနစ် အသွင်ကူးပြောင်းမှုလို့ ဆိုခဲ့ပါတယ်။

 

 

သို့ပေမယ့် ဒီမိုကရေစနစ်မှာ အရေးပါတဲ့ အာဏာအပိုင်းအခြား (separation of powers) ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ constitutional principle မဖြစ်ခဲ့သလို၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးစနစ်မှာလဲ အာဏာအပိုင်းအခြား အသွင်သဏ္ဍာန်တွေ မရှိနေပါဘူး။ ဗိုလ်သိန်းစိန် ဦးဆောင် ကြံ့ဖွတ်ပါတီကို အနိုင်ရရှိစေခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကလဲ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ခဲ့ပါဘူး။

 

 

လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ (Representative Democracy) စနစ် အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့အခြေအနေ (necessary condition) တခုဖြစ်ပါတယ်။ စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲတွေဟာ စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်ဖို့လိုအပ်ပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံ ပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာကြပါတယ်။

 

 

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတာမှာ electoral process ကို တန်းတူညီမျှ အားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှု နဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့် မရှိအောင် အာဏာရှင် ဘက်တော်သားတွေက ခြိမ်းချောက် နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ် လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ (၂၀၁၀) ရွေးကောက်ပွဲမှာ ဒီလို အတုအယောင် ရွေးကောက်ပွဲရဲ့ သွင်ပြင်၊ လက္ခဏာတွေ ရှိနေခဲ့တယ်ဆိုတာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အားလုံးက သိပြီး၊ မြင်ပြီးသား ဖြစ်ပါတယ်။ ရာထူး၊ အာဏာ၊ အကြောက်တရား၊ ရှင်သန်ရပ်တည်မှု၊ အချိန်အခါ စတာတွေကို ထောက်ထားပြီး နှုတ်ဆိတ်နေကြခြင်းသာ ဖြစ်ပါမယ်။

 

 

ဒီအချက်တွေကို ထောက်မယ်ဆိုရင် အာဏာဆိုတာ ပြည်သူဆီက အပြည့်အ၀ သက်ဆင်းခဲ့ခြင်း မရှိဘူးဆိုတာ အသေအချာပါပဲ။ တရားဥပဒေပြုရေး အာဏာ ရရှိထားတဲ့ ပါလီမန်ရဲ့ ၇၅ ရာခိုင်နှုန်းမှာ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့သလို၊ ၂၅ ရာခိုင်နှုန်းကတော့ အုပ်ချုပ်ရေး အာဏာကို စောင့်ရှောက်ရမယ့် တပ်မတော်ကနေ အော်တိုမက်တစ် သက်ဆင်းလာတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရရှိထားတဲ့ အစိုးရအဖွဲ့မှာကလဲ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့ပါဘူး။

 

 

တရားစီရင်ရေးအာဏာမှာလဲ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ ဖြစ်စေတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်သတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်း မပြုလုပ်ထားပါဘူး။ စစ်အာဏာသိမ်း အစိုးရ လက်ထက်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ဆက်လက် ကျင့်သုံးဆဲ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီအာဏာ သုံးရပ်လုံးကို နိုင်ငံတော်လုံခြုံရေးကောင်စီက ပြန်လည် ထိန်းချုပ်ထားပါတယ်။ ဒီလို သွင်ပြင်လက္ခဏာ တွေဟာ ဒီမိုကရေစီစနစ် ရဲ့ သွင်ပြင်လက္ခဏာတွေမဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (Electoral authoritarianism) ရဲ့ သွင်ပြင်လက္ခဏာတွေသာ ဖြစ်ပါတယ်။

 

 

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီ စနစ် မဟုတ်ပဲ အာဏာရှင်စနစ် အမျိုးအစား တမျိုး ဖြစ်တဲ့ ရွေးကောက်ခံ အာဏာရှင် စနစ်ပဲ ဖြစ်ပါတယ်။

(အပိုင်း - ၂)

 

ဒို့တာဝန် အရေးသုံးပါး

 

 

စစ်အာဏာရှင်စနစ်နဲ့ ယနေ့ လက်ရှိ ရွေးကောက်ခံ အာဏာရှင်စနစ်ကို အကောင်အထည်ဖော် နေကြသူများဟာ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် လက်တွေ့မှာ အမှန်တကယ် ဒီ မူဝါဒတွေကို ကျင့်သုံးပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။

 

 

(၁) ပြည်ထောင်စု မပြိုကွဲရေး

ပြည်ထောင်စု ဆိုတဲ့ စကားလုံးဟာ နိုင်ငံတော် တည်ထောင်မှု (state - formation) ဆိုင်ရာ နိုင်ငံရေး အစီအမံများ (political arrangements) တွေနဲ့ ဆက်နွယ်ပါတယ်။ လူတဦးချင်းဆီမှာ နိုင်ငံရေးတန်ဖိုး (political values) တွေ တူတိုင်း၊ နိုင်ငံရေး အစီအမံ (political arrangements) တွေ မတူညီပါဘူး။ နိုင်ငံရေး တန်ဖိုးတွေ မတူပေမယ့်လဲ နိုင်ငံရေး အစီအမံမှာ ကျတော့ တူသွားတတ်ပါတယ်။ နိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ ဆိုတာ မရှိဘူး ဆိုတဲ့ အတွေးအခေါ်ဟာ ဒီအချက်တွေကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

 

 

နိုင်ငံတော်တည်ထောင်မှု မှာ ပြည်ထောင်စု အသွင်သဏ္ဍာန်နဲ့ တည်ထောင်မှု ဆိုရင် နိုင်ငံရေးအရ တန်းတူညီမျှမှု (political equality) နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) တွေက အလွန်အရေးကြီးပါတယ်။ ဒါတွေ မရှိရင် နိုင်ငံတော်တည်ထောင်မှု ဆိုင်ရာ ပဋိပက္ခ (state – formation conflicts) ဖြစ်ပြီး ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ နိုင်ငံတော်တည်ထောင်မှုမှာ တပြည်ထောင်စနစ် (unitary state system)၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ် (federal state system)၊ သီးခြားခွဲထွက်၍ တိုင်းပြည်တည်ထောင်ရေးစနစ် (separate state system) စသည်ဖြင့် ကွဲပြားပါတယ်။ အခြားသဏ္ဍာန်မူကွဲတွေလဲ ရှိပါသေးတယ်။

 

 

unitary state system မှာ နိုင်ငံရေး အစီအမံတွေအားလုံးဟာ ဗဟိုမှာပဲ ချုပ်ကိုင်ထားပါတယ်။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ ရှိပြီး၊ ဒေါင်လိုက် သဏ္ဍာန် မရှိပါဘူး။ အစိုးရတရပ်ပဲ ရှိပါတယ်။ လွှတ်တော် တရပ်ပဲ ရှိပြီး၊ တရားစီရင်ရေး စနစ် ကွဲပြားမှုတွေ မရှိပါဘူး။ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံ တည်ထောင်ထားမှု စနစ်က unitary state system ဖြစ်ပါတယ်။ federal state system မှာ နိုင်ငံရေး အစီအမံတွေက ဗဟိုမှာပဲ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ရော၊ ဒေါင်လိုက် သဏ္ဍာန်ပါ ရှိပါတယ်။ ဖယ်ဒရယ် အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ ရှိပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုလွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်များ ရှိပါတယ်။ တရားစီရင်ရေး စနစ်တွေ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဖဒရယ်ပြည်ထောင်စု ဆိုင်ရာ နိုင်ငံရေး အစီအမံများမှာ အိန္ဒိယနိုင်ငံကဲ့သို့ quasi- federal arrangements၊ ဂျာမဏီနိုင်ငံကဲ့သို့သော unitarian federal arrangements စတာတွေကနေ အမေရိကန် ပြည်ထောင်စုရဲ့ constitutional federal arrangements တွေအထိ သဏ္ဍာန် အမျိုးမျိုး၊ အာဏာ ခွဲဝေမှု (division of powers) အမျိုးမျိုး ကွဲပြားကြပါတယ်။

 

 

အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုမှာတော့ ဖဒရယ် အစိုးရအတွက် သတ်မှတ်ထားတဲ့ delegated powers (ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို regulate လုပ်ရန်၊ ငွေ စက္ကူ ထုတ်လုပ်မှု စစ်ကြေငြာမှု၊ လက်နက်ကိုင်တပ်များ ထားရှိမှု၊ စာပို့စနစ်၊ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးမှု)၊ ပြည်နယ်အစိုးရများအတွက် သတ်မှတ်ထားတဲ့ reserved powers (ပြည်တွင်းကုန်သွယ်ရေးကို regulate လုပ်ရေး၊ ကျောင်းများ တည်ထောင်ရေး၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် ဥပဒေများ ပြဌာန်းရေးနဲ့ ရွေးကောက်ပွဲများ ကျင်းပရေး)၊ ဖဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရများက ရှယ်ယာလုပ်ရန် သတ်မှတ်ထားတဲ့ concurrent powers (အခွန်ကောက်ရေး၊ တရားရုံးများ တည်ထောင်ရေးနဲ့ ချေးငွေ ရယူရေး) စတာတွေ ပါဝင်ပါတယ်။

 

 

separate state system ဆိုတာကတော့ လူမျိုးရေး၊ ၀ါဒရေး၊ ဘာသာရေး စတာပေါ်မှာ အခြေခံပြီး သီးခြားနိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- အိန္ဒိယ နိုင်ငံမှ လွတ်လပ်သော သီးခြား နိုင်ငံအဖြစ် ပါကစ္စတန် နိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း စတာမျိုး ဖြစ်ပါတယ်။ ဒီလို ကွဲပြားသွားတဲ့ နိုင်ငံတွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ခွဲထွက်ပြီး နိုင်ငံ တည်ထောင်မှု သဏ္ဍာန် ဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ အသွင်ကူးပြောင်းကာလတွေ ဖြစ်တဲ့ တိုင်းတပါး လက်အောက်ခံကနေ လွတ်လပ်ရေးရစ ကာလ (ဥပမာ- ကိုလိုနီ နိုင်ငံများ) တွေနဲ့ အင်အားကြီး အာဏာထိန်းချုပ်မှု တစုံတရာ ပျောက်ကွယ်သွားသော ကာလ (ဥပမာ- ဆိုဗီယက်ယူနီယံ၊ ယူဂိုစလားဗီးလား) စတာတွေမှာ ဒီလို separate state ဆိုင်ရာ အရေးတွေ ပေါ်ထွက်တတ်ပါတယ်။

 

 

သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာ အသွင်ကူးပြောင်းကာလ ဆိုတာ နိုင်ငံတော် တည်ထောင်မှု (state- formation) လို့ သတ်မှတ်လေ့ရှိကြ ပါတယ်။ ဒီလို အခြေအနေ၊ အချိန်အခါတွေမှာ တန်းတူညီမျှမှု ဆိုင်ရာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အရေးတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှု၊ ကတိတည်မှု၊ အပြန်အလှန် လေးစားမှု၊ ပဋိပက္ခရေးရာ ကျွမ်းကျင်သူများရှိမှု၊ confidence-building measures များ ဖော်ဆောင်ထားမှု စတာတွေကို ကြိုတင်ပြင်ဆင် တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။

 

 

နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို တဦး၊ တဖွဲ့၊ တပါတီ တည်းပေါ်မှာ အလုံးစုံ ပုံအပ်ပြီး၊ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှုတွေ အားနည်းခဲ့ရင်၊ အာဏာရ အစိုးရဘက်က တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို မလေးစားပဲ အာဏာအလွဲသုံးစားလုပ်ပြီး ဖိအားပေးမှုတွေ ဖြစ်ရင် ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရကာစ အခြေအနေဟာ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှု အားနည်းချက်တွေရဲ့ ရလဒ်တွေပါပဲ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ရရှိရေးအတွက် တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေး ၀ါဒပေါင်းစုံရှိတဲ့ အဖွဲ့အစည်းပေါင်းစုံက လက်တွဲခဲ့ကြပါတယ်။ ဒီနေရာမှာ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တွေ တူညီခဲ့ကြပါတယ်။

 

 

သို့ပေမယ့် နယ်ချဲ့လက်အောက် မရောက်ခင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစီအမံတွေမှာ စစ်အနိုင်တိုက်ပြီး စုစည်းသိမ်းသွင်းမှုပေါ်မှာ အခြေခံတဲ့ state formation သဏ္ဍာန် ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ နိုင်ငံရေးဝါဒပေါင်းစုံ လက်ကိုင်စွဲထားတဲ့ အဖွဲ့အစည်းပေါင်းစုံမှာလဲ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ အချို့က unitary state၊ အချို့က federal state၊ အချို့ကတော့ separate state အထိ စဉ်းစားထားမှုတွေ ရှိကြပါတယ်။

 

 

ဒီလို မတူညီမှုတွေကို ပင်လုံစာချုပ်နဲ့ ညှိနှိုင်းယူခဲ့ကြပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ပင်လုံစာချုပ် နိဒါန်းမှာ "ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို လျင်မြန်စွာ ရလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ကန့်ကွက်သူမရှိဘဲ - - - သဘောတူညီ ကြလေသည်˝ လို့ ပါရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပင်လုံညီလာခံဟာ all inclusive dialogue လုပ်ပေးနိုင်ခဲ့တဲ့ ညီလာခံ မဟုတ်ပါဘူး။ ကရင်နီ၊ မွန်၊ ကရင်၊ ရခိုင် အပါအ၀င် မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို ကိုယ်စားပြုခြင်း မရှိနိုင်ခဲ့ပါဘူး။

 

 

အဆိုးဆုံးကတော့ ယုံကြည်မှု တည်ဆောက်ထားမှု အခြေအနေပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ဖြစ်ပေါ်လာခြင်း အစမှာကတည်းက အပြန်အလှန်ယုံကြည်မှုဟာ အင်စတီကျူးရှင်းပေါ်မှာ အခြေခံ တာထက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင် များရဲ့ ယုံကြည်လေးစားမှု အပေါ်မှာ အခြေခံထားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုဟာ တိုင်းပြည်အတွက် အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုကြီး တခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ပဋိပက္ခများ ကြီးထွားလာစေခဲ့တဲ့ ကံဆိုးမိုးမှောင်ကျစေသော အကြောင်း တရားကြီး တခုဆိုရင်လဲ မမှားပါဘူး။ ဗိုလ်ချုပ်တို့သာ ရှိခဲ့မယ်ဆိုရင် လွတ်လပ်ရေး မရခင် အချိန်ကာလတိုလေး အတွင်းမှာ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့မှာ ဖြစ်သလို၊ ပြည်တွင်းစစ်ကို တားဆီးနိုင်မယ့် အသွင်ကူးပြောင်းကာလဆိုင်ရာ ကြိုတင်ပြင်ဆင် တည်ဆောက်မှုတွေလဲ လုပ်ထားနိုင်ခဲ့မှာပါ။

 

 

သို့ပေမယ့် မြန်မာတို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုလို့ပဲ ဆိုရလေမလား၊ ခေါင်းဆောင်တဦးတည်းကိုပဲ အားကိုးကြပြီး၊ အင်စတီကျူးရှင်း တည်ဆောက်မှု အားနည်းခြင်းရဲ့ အကျိုးဆက်လို့ပဲ ဆိုရလေမလား မသိ။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးသည်နှင့် ပြည်ထောင်စုပုံသဏ္ဍာန် အစိုးရနှင့် အာဏာခွဲဝေမှု၊ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူညီမျှခွင့်၊ ပင်လုံစိတ်ဓာတ် စတာတွေက တစထက်တစ လျော့ပါးပျောက်ကွယ်လာခဲ့ပါတော့တယ်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးစဉ်က ဗိုလ်ချုပ်ကိုယ်စားပြုခဲ့တဲ့ ဖဆပလ အစိုးရမှာလဲ တပြည်ထောင်စနစ် (unitary system) ကို နိုင်ငံတည်ထောင်မှုဆိုင်ရာ နိုင်ငံရေးအစီအမံအဖြစ် လက်ခံယုံကြည်သူများက ကြီးစိုးခဲ့ပါတယ်။

 

 

အသွင်ကူးပြောင်းကာလတိုင်းမှာ အာဏာရအစိုးရရဲ့ အတွေးအခေါ်၊ အယူအဆတွေဟာ အခရာကျပါတယ်။ ငြိမ်းချမ်းစွာနှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ဖော်ဆောင်မှု၊ အာဏာကို အသုံးပြု၍ အင်အားသုံးဖြေရှင်းမှု ဆိုတဲ့ နည်းလမ်းတွေအနက် လွတ်လပ်ရေးရကာစ ဖဆပလ အစိုးရက အများဆုံးအသုံးပြုခဲ့တဲ့ နည်းလမ်းကတော့ အုပ်ချုပ်ရေးအာဏာနဲ့ စစ်တပ်ကို အသုံးပြုပြီး အင်အားသုံးဖြေရှင်းမှုတွေပဲ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ထားတာ အားနည်းနေတဲ့ အချိန်ကာလ၊ သံသယများ ကြီးထွားနေသောကာလ၊ ညီညွတ်ရေးဆိုရာမှာလဲ လူမျိုးစုအားလုံးကို ကိုယ်စားပြုထားခြင်း မရှိသေးသော ပင်လုံစာချုပ်တခုသာ ရှိနေသော ကာလ၊ တနည်းဆိုရင် နိုင်ငံရေးအရ political sensitivity အမြင့်မားဆုံး ဖြစ်နေသော ကာလတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေကို လက်နက်နဲ့ ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။ အတင်းအကြပ် လက်နက်သိမ်းမှုတွေ ရှိလာခဲ့ပါတယ်။

 

 

လက်နက်နဲ့အင်အားသုံးဖြေရှင်းမှုဆိုတာ အခြေအနေ၊ အချိန်အခါပေါ်မှာ မူတည်ပြီးမှ ထိရောက်မှု ရှိပါတယ်။ အခြေအနေ၊ အချိန်အခါနဲ့ မလျော်ညီရင် ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရောက်သွားစေ တတ်ပါတယ်။ ဥပမာ- လူနှစ်ဦးမှာ တဦးနဲ့ တဦး မယုံကြည်မှုတွေ၊ သံသယတွေ ရှိနေချိန်မှာ တဦးက လူသူစုဆောင်းပြီး တုတ်၊ ဓား တွေနဲ့ အခြားလူတဦးထံကို ရှေ့ရှုသွားမယ်ဆိုရင် သွားသူများက တိုက်ခိုက်ဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တဘက်နဲ့ တဘက် တိုက်ခိုက်မှု ဖြစ်ကို ဖြစ်ပါတယ်။

 

 

ဖဆပလ အစိုးရ လက်ထက်မှာ ပြည်တွင်းစစ်မီးတွေ တောက်လောက်လာခြင်းဟာ နဂိုရှိရင်းစွဲ နိုင်ငံတော် တည်ထောင်မှု (state formation) ဆိုင်ရာ အားနည်းချက်တွေပေါ်မှာ လက်နက်နဲ့ ဖိအားပေးမှုတွေ၊ လက်နက်အတင်းအကြပ် လိုက်လံ သိမ်းဆည်းမှုတွေက ထပ်ဆောင်းသွားခဲ့ခြင်း ဖြစ်ပါတယ်။ confidence-building measures တွေ အားနည်းခဲ့ကြပါတယ်။ ၀ါဒရေးရာ ပဋိပက္ခတွေအပြင် ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပဋိပက္ခတွေကလဲ စတင်ပေါ်ထွက်ခဲ့ပါတယ်။ ဒါက ပင်လုံစာချုပ်တခုတည်းဟာ ပြည်ထောင်စုအရေးအတွက် လုံလောက်သော ပြင်ဆင်မှု မဟုတ်ခဲ့ဘူးဆိုတာ ပြသတဲ့ လက္ခဏာ တရပ်ပါပဲ။

 

 

ဖဆပလ အစိုးရလက်ထက်မှာ ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ အခြေခံ အကြောင်းတရားဖြစ်တဲ့ ပြည်ထောင်စုအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းမှုထက် တပြည်ထောင်စနစ်နဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုကို ပိုပြီး ဇောင်းပေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးထက် စစ်ဆင်ရေးကြီးများနဲ့ ချေမှုန်းနိုင်ရေးကို ဦးစားပေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက်ခုပ် နှစ်ဘက်တီးမှ မြည်တဲ့ အရာ ဖြစ်ပါတယ်။ အာဏာရသူများနဲ့ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရ ဖြစ်စေ အတိုက်အခံ ပြုနေသူများဘက်က ငြိမ်းချမ်းရေးရဖို့ မည်မျှပဲ ပြင်ဆင်နေသည်ဖြစ်စေ၊ တောင်းဆိုနေသည် ဖြစ်စေ၊ အာဏာလက်ဝယ် ရထားတဲ့ အစိုးရဘက်က ငြိမ်းချမ်းရေးဆိုတာကို လက်နက်ဖြုတ်သိမ်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ နိုင်ငံရေးအရ အပြီးတိုင် ချေမှုန်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ အာဏာရသူများရဲ့ သတ်မှတ်ချက်များအတိုင်း အတိုက်အခံများဘက်မှ လိုက်နာဆောင်ရွက်ရမည့် အရာလို့ သတ်မှတ်နေသမျှ ကာလပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါ။ ငြိမ်းချမ်းရေးဆိုတာ ဒူးထောက်အညံ့ခံရေး မဟုတ်ပါ။

 

 

နောက်ဆုံးမှာတော့ ဖဆပလရဲ့ တပြည်ထောင်စနစ်ကို တိုင်းရင်းသားများက ပြည်ထောင်စုသဏ္ဍာန် တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတော့တယ်။ ဒီအခါမှာ ဖဆပလ ၀န်ကြီးချုပ်က ပြည်ထောင်စုအရေးကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုပဲ နိုင်ငံတော်အာဏာကို ဗိုလ်နေ၀င်းဆီ ထိုးအပ်လိုက်ပါတော့တယ်။ ဗိုလ်နေ၀င်းက အရပ်သားအစိုးရကို အာဏာပြန်လွှဲ ပေးထားစဉ်ကာလမှလဲ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီးစွာနဲ့ (၁၉၆၁) ခုနှစ်မှာ တောင်ကြီးမြို့မှာ ညီလာခံတရပ် ကျင်းပပြီး၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ကိုတောင်းဆိုခဲ့ကြပါတယ်။ ၀န်ကြီးချုပ် ဦးနုက ရွေးကောက်ပွဲဝင်စဉ်က ကတိအတိုင်း အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပ ပေးခဲ့ပါတယ်။ ဆယ်စုနှစ်ကျော် ကာလတလျှောက် ပြည်ထောင်စုသဏ္ဍာန် အကောင်အထည်ဖို့ အားနည်းခဲ့ရာက ပြည်ထောင်စုသဏ္ဍာန် အခင်းအကျင်းအတွက် ပထမဆုံး ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။ federal arrangements မဖြစ်သွားရင်တောင် အနည်းဆုံး quasi- federal arrangements ဖြစ်သွားစေနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ရှိခဲ့ပါတယ်။ Unitary state ကနေ Federal State အနေနဲ့ တစတစ အသွင်ကူးသွားစေနိုင်တဲ့ local autonomy, provincial autonomy စနစ်တွေကိုလဲ နှီးနှောဖလှယ်ပွဲတွေက တဆင့် အမြင်တွေ ချပြဆွေးနွေးနိုင်ခဲ့ကြမှာပါ။ (၁၉၆၂) ခုနှစ်၊ ဖေဖော်ဝါရီလဟာ နိုင်ငံတော်ကြီးက ပြည်ထောင်စုသဏ္ဍာန်ကို ပထမဆုံးခြေလှမ်း စလှမ်းစ ကာလပါ။

 

 

သို့ပေမယ့် ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ စစ်အုပ်စုက (၁၉၆၂) ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတော့တယ်။ ပြည်ထောင်စု မပြိုကွဲရေးလို့ ဆိုပါတယ်။ လက်တွေ့မှာကျတော့ တပြည်ထောင်စနစ် မပြိုကွဲရေး၊ ဗဟိုအစိုးရမှ အာဏာကို အပြည့်အ၀ ချုပ်ကိုင်ထားနိုင်ရေး ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသဏ္ဍာန် ဖော်ဆောင်ရေး ခြေလှမ်းကို ရိုက်ချိုးခြင်း ဖြစ်တဲ့အတွက် ပြည်ထောင်စု ပြိုကွဲရေးပဲ ဖြစ်ပါတော့တယ်။

 

 

ဒီလို ပြည်ထောင်စု မပြိုကွဲရေး လို့ အမည်ခံတဲ့ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းဆောင်တာတွေကို တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖ ခေတ် ကာလတလျှောက်လုံးမှာ စစ်အာဏာရှင် အဆက်ဆက်က အမွေခံ ကျင့်သုံးခဲ့ကြပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စု စနစ် ဆိုတာကို ပြည်ထောင်စု ပြိုကွဲစေတဲ့ စနစ်လို့ သတ်မှတ် ပြောဆိုပါတယ်။ စစ်အာဏာသိမ်းယူမှုတွေကို ပြည်ထောင်စု မပြိုကွဲရေးအတွက် ကာကွယ်စောင့်ရှောက်ရခြင်း၊ တိုင်းပြည် ချောက်ထဲကျမည့် အရေးကို ကာကွယ်စောင့်ရှောက်ရခြင်း လို့ ၀ါဒဖြန့်ချိရေးတွေ လုပ်ခဲ့ပါတယ်။ ကျောင်းသင်ခန်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားများမှာ ထည့်သွင်းခဲ့ပါတယ်။ အတွေးအမြင်၊ အသိဥာဏ် ပိတ်ပင်မှုတွေ လုပ်ပါတယ်။

 

 

ဦးနှောက်ဆေးခြင်း၊ ၀ါဒဖြန့်ချိခြင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တွေ ဆိုတာက စစ်မြေပြင်မှာ လက်နက်ကြီး မိုးရွာခံရတာထက် ပိုပြီး ကြောက်စရာကောင်းတဲ့ လက်နက်တွေဖြစ်ပါတယ်။ လူတယောက်ကို ခြောက်လခန့် စနစ်တကျ ဦးနှောက်ဆေးပြီး၊ အယူအဆအမှားတွေကို ရိုက်သွင်းလို့ ရပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စုစည်းခိုင်မာနေတဲ့ အင်အားစုကြီးကို နှစ်အနည်းငယ်အတွင်း ဖရိုဖရဲ တစစီ ပြန့်ကျဲအောင် လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ၀ါဒဖြန့်ချိရေး လက်နက်နဲ့ အမှန်တွေအမှားဖြစ်၊ အမှားတွေ အမှန်ဖြစ်ပြီး၊ အမှန်နဲ့ အမှား မသဲကွဲတော့တာတွေ ပြုလုပ်လို့ ရပါတယ်။ စစ်အာဏာရှင် အဆက်ဆက်ဟာ ဒီလက်နက်တွေကို စနစ်တကျ အသုံးချခဲ့ကြပါတယ်။

 

 

သူရဲကောင်းဝါဒ၊ စစ်ဘုရင်ဝါဒ၊ ဗမာဘုရင်များက အစိတ်စိတ်အမြွာမြွာ ကွဲပြားနေတဲ့ နိုင်ငံကို စစ်ရေး အင်အားသုံးပြီး ပြန်လည်စုစည်းယူထားတဲ့ သမိုင်းကြောင်း၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး သမိုင်းကြောင်းနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ရန်ကုန်အစိုးရလို့ အခေါ်ခံခဲ့ရရာကနေ ခဲရာခဲဆစ် အသက်၊ သွေး၊ ချွေး စတေးပြီး နိုင်ငံတော်ကြီးကို ကာကွယ်ထားရတဲ့ သမိုင်း၊ တိုင်းရင်းသားတွေက ဖယ်ဒရယ်စနစ်ကို တောင်းဆိုပြီး ပြည်ထောင်စုပြိုကွဲရေး ပြုလုပ်လာတဲ့ အန္တရာယ်ကို တပ်မတော်မှ ကာကွယ်လိုက်ရခြင်း၊ လူသတ်ခေါင်းဖြတ်ပြီး မင်းမဲ့စရိုက်များ စိုးမိုးနေချိန်မှာ ချောက်ထဲကျမည့် အရေးမှ တိုင်းပြည်ကို ကယ်တင်ထားရခြင်း စတဲ့ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းများကို အာဂုံဆောင်ကျက်မှတ်ပြီး ကြီးပြင်းလာရတဲ့ လူငယ်များကို တပ်သားသစ်သင်တန်းများမှာ ခြောက်လခန့်၊ ဗိုလ်သင်တန်းများမှာ သုံးနှစ်ခန့် သင်တန်းပေးမှု၊ ရဲတပ်ဖွဲ့ဝင်များကို သင်တန်းပေးမှု၊ အရပ်သားများကို ၀န်ထမ်း သင်တန်းများမှာ သင်တန်းပေးမှု၊ ကြံ့ဖွတ်အဖွဲ့ဝင်များကို စီမံခန့်ခွဲရေးသင်တန်းတွေမှာ သင်တန်းပေးမှု စတဲ့ အချိန်ကာလတွေဟာ လူတယောက်ကို ဦးနှောက်ဆေးဖို့ လုံလောက်တဲ့ အချိန်ကာလ တခု ဖြစ်ပါတယ်။

 

 

ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ လက်ဆင့်ကမ်းအမွေတွေကို ထိန်းသိမ်းကြရင်း ဖယ်ဒရယ်မူ ဆိုတာကို ပြည်ထောင်စု ပြိုကွဲရေး မူလို့ လက်ခံထားကြသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ လက်နက်ကိုင် အင်အားစုများကို သောင်းကျန်းသူများဟု အမှန်တကယ် ယုံကြည်လက်ခံနေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ တိုင်းရင်းသားများကို ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးပမ်းနေကြတယ်လို့ ထင်မှတ်နေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ အဖိနှိပ်ခံ ပြည်သူတို့ရဲ့ တိတ်တဆိတ် ရင်ထဲက ငိုကြွေးသံတွေ စုပြုံထွက်လာတဲ့ လူထုအရေးတော်ပုံများကို သူပုန်များ မြို့ထဲ ၀င်စီးနေပြီဟု အမိန့်ပေးခံရ၍ မောင်းပြန် သေနတ်များဖြင့် ပစ်ခတ်ခဲ့သူ တပ်မတော်သားများ မည်၍မည်မျှ ရှိခဲ့ပါသလဲ။ သံဃာတော်များ မေတ္တာပို့ ဆုတောင်းခြင်းကို သံဃာတုများဖြင့် ပြည်ထောင်စု ပြိုကွဲရေး လာလုပ်နေပြီဟု တပ်လှန့်ပစ်ခတ်သတ်ဖြတ်ခိုင်းမှုများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။

 

 

မည်သို့ဆိုစေ၊ သေချာသည်ကတော့ ပြည်ထောင်စု မပြိုကွဲရေးဆိုသော ခေါင်းစဉ်အောက်မှ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းစဉ်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများမှ မိမိတို့လုပ်လိုက်တဲ့ အလုပ်ရဲ့ အတိုင်းအဆ ပမာဏကို မသိပဲ စစ်အာဏာရှင်တို့ အလိုကျ လိုက်လံလုပ်ဆောင်ပေးနေကြပြီး၊ ပြည်ထောင်စု မပြိုကွဲရန် ကာကွယ်နေတယ်လို့ ထင်မှတ်မှားမှုတွေ ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

 

 

ယနေ့ လက်ရှိ ဗိုလ်သိန်းစိန် အစိုးရ လက်ထက်မှာလဲ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ လက်ဆင့်ကမ်းအမွေတွေကို ဆက်လက် စောင့်ထိန်းနေကြဆဲပါ။ လူမျိုးစုဒေသတွေမှာ သက်ဆိုင်ရာ လွှတ်တော်တွေ ရှိပြီး၊ ပြည်နယ် အစိုးရအဖွဲ့တွေ ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာ ကျင့်သုံးမှုဆိုင်ရာ အာဏာအပိုင်းအခြားတွေကလဲ စာရွက်ပေါ်မှာသာ ရှိပြီး၊ ဗဟို အစိုးရရဲ့ ချုပ်ကိုင်မှုအောက်မှာပဲ ရှိနေပါတယ်။ အာဏာခွဲဝေမှု (Division of Power) ကိုလဲ ကျင့်သုံးနိုင်မှု မရှိပါ။

 

 

ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်တို့မှာ အစိုးရစစ်တပ် ထိုးစစ်ဆင်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခုခံနေရမှုများ၊ ဒေသတွင်း စစ်ပြေးဒုက္ခသည်များရဲ့ အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ လွှတ်တော်တွင်းမှာ ဆွေးနွေးပြီး၊ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက စစ်တပ်အကြီးအကဲတွေထံ တောင်းဆိုရမယ့် တာဝန်တွေကိုလဲ ထမ်းဆောင်နိုင်ခြင်း မရှိကြသေးပါဘူး။ သေနတ်ပြောင်းတွေနဲ့ ဓားမိုးထားမှုတွေ အောက်မှာ နှုတ်ဆိတ်နေကြရပါတယ်။ အစိုးရအဖွဲ့ဆိုတာ လွှတ်တော်ကို တာဝန်ခံရမှာ ဖြစ်တဲ့အတွက် လွှတ်တော်အမတ်များ စုစည်းပြီး ကာကွယ်ရေးဝန်ကြီးကို ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်မှု၊ ထိုးစစ်များ ရပ်ဆိုင်းရန် တောင်းဆိုမှုတွေကိုလဲ လွှတ်တော်အမတ်များ ပြုလုပ်နိုင်ခြင်း မရှိကြသေးပါဘူး။ နှုတ်ဆိတ်နေကြရပါတယ်။

 

 

ငြိမ်းအဖွဲ့များလို့ အများခေါ်ဝေါ် သုံးစွဲထားတဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနဲ့ စစ်အာဏာရှင်တို့ အကြားမှာ ၁၉၉၀ အလွန်ကာလတွေက ဖြစ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာလဲ စစ်မှန်သော ငြိမ်းချမ်းရေး အသွင်မဆောင်ခဲ့ပါဘူး။ အပစ်အခတ်ရပ်စဲရေး၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုပ်ဆောင်နိုင်မှု အတိုင်းအတာ အထိသာ ရှိခဲ့ပြီး၊ စစ်အာဏာရှင်တို့ဘက်မှ နယ်မြေ စိုးမိုးရေး၊ ရင်ဆိုင်ထိန်းချုပ်ရေး၊ ဖိအားပေးရေး၊ သပ်လျှိုဖြိုခွဲရေး စတာတွေကို ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။

 

 

၁၉၉၀ အလွန်ကာလတွေနဲ့ ၂၁ ရာစု ကနဦးပိုင်းတွေမှာ ဖိအားပေးမှုများ အသွင်သဏ္ဍာန် အမျိုးမျိုးနှင့် ရှိခဲ့ရာက ၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးချိန်နောက်ပိုင်းမှာ အာဏာရှင်တို့ဘက်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အစဉ်တစိုက် ဖိအားပေးပြီး၊ ခြေကုပ်ယူတပ်စွဲမှုတွေ၊ ရင်ဆိုင်ထိန်းချုပ်မှုတွေ၊ ကြိုကြား ထိတွေ့မှုတွေ၊ အင်အားအလုံးအရင်းဖြင့် နယ်မြေအနီးသို့ ချဉ်းကပ်ဝန်းရံမှုတွေ၊ အင်အားပြခြိမ်းချောက်မှုတွေ၊ တိုင်းရင်းသားခေါင်းဆောင်များအား မောက်မောက် မာမာ ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တပ်မတော်ဘက်က အလုံးစုံချေမှုန်းရေးနဲ့ စစ်ဆင်ရေးကြီးများ ဆင်နွှဲခြင်း မရှိလာရင်တောင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ အကြားမှာ နယ်ခြားစောင့်တပ်လုပ်ဖို့၊ လက်နက်ချဖို့ ဖိအားပေးလိုက်၊ စစ်ရေးအင်အားပြလိုက်၊ ထိတွေ့မှုဖြစ်လိုက်၊ mediator များက ကြားဝင်လာပြီး အပစ်အခတ် ရပ်စဲလိုက်နဲ့ သံသရာလည်နေမှုဟာ ပြည်ထောင်စုသဏ္ဍာန် တည်ဆောက်မှု နိုင်ငံရေး အခင်းအကျင်းတွေ မဖြစ်ပေါ်လာသေးသမျှ ကာလပတ်လုံး ဖြစ်နေမှာတော့ အသေအချာပါပဲ။ စစ်မှန်သော ရေရှည်ခံ ငြိမ်းချမ်းရေးကတော့ ပေါ်ထွက်လာခြင်း ရှိမှာ မဟုတ်ပါ။

 

 

ဗိုလ်သိန်းစိန် အစိုးရရဲ့ အခုလို ပြည်ထောင်စုသဏ္ဍာန်၊ ဒီမိုကရေစီ အသွင်သဏ္ဍာန် မရှိတဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုများဟာ ပြည်တွင်းစစ်မီးကို မွှေးနေတာနဲ့ အတူတူပါပဲ။ တချိန်ချိန်မှာ ပြည်တွင်းစစ်မီးတောက်ကြီး အချိန်မရွေး ထတောက်သွားနိုင်ပါတယ်။ ပြည်ထောင်စုကြီး အစိတ်စိတ်အမြွာမြွာ ပြိုကွဲရေးကို ဦးတည်သွားနိုင်ပါတယ်။ ပြည်ထောင်စု မပြိုကွဲရေးကို ဦးထိပ်ထားသည်ဟု အမည်ခံပြီး၊ ပြည်ထောင်စုစနစ်ကို တောင်းဆိုနေကြတဲ့ တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းဟာ ပြည်ထောင်စုကို ဖြိုခွဲနေတာနဲ့ အတူတူပါပဲ။ ပြည်ထောင်စု သဏ္ဍာန် တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး အခင်းအကျင်းများကို ဖျက်ဆီးနှောင့်ယှက်ခြင်းဟာ ပြည်ထောင်စု ပြိုကွဲရေးလုပ်တာပဲ ဖြစ်ပါတယ်။

 

 

(အပိုင်း - ၃)

 

(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး

တိုင်းရင်းသားလူမျိုးစုတွေ စုဝေးနေထိုင်တဲ့ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှု ရှိရေးက အလွန်အရေးကြီးပါတယ်။ နိုင်ငံရေး လေ့လာသူတွေက တိုင်းရင်းသားလူမျိုးအရေးနဲ့ ပတ်သက်ပြီး ကဏ္ဍနှစ်ခု ခွဲခြားလေ့လာကြပါတယ်။ ပထမကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများနဲ့ ပဋိပက္ခဖြေရှင်းနည်းများကို လေ့လာခြင်းဖြစ်ပြီး၊ ဒုတိယကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတွေမှာ တရားမျှတတဲ့ နိုင်ငံရေးစနစ်တွေကို ဖော်ဆောင်မှုတွေကို လေ့လာဖြင်းဖြစ်ပါတယ်။ ပထမကဏ္ဍဟာ နိုင်ငံရေးအဆောက်အုံ (political institutions) ဆိုင်ရာ နိုင်ငံရေးသိပ္ပံပညာက မြစ်ဖျားခံလာပြီး၊ ဒုတိယကဏ္ဍကတော့ လူမျိုးစု၊ တရားမျှတမှုနှင့် ဒီမိုကရေစီ ရေးရာ နိုင်ငံရေး သီအိုရီများ၊ နိုင်ငံရေးဒဿနိက အတွေးအခေါ်များကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

 

 

တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများမှာ ရှေးပဝေသဏီ အစဉ်အဆက်ကနေ အမြစ်တွယ် နေခဲ့တဲ့ ဘိုးစဉ်ဘောင်ဆက်အမုန်းတရားတွေ ပါဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီ ကိုလိုနီနယ်ချဲ့ ၀ါဒတွေ မကြီးစိုးခဲ့စဉ်က အင်အားကြီး စစ်ဘုရင်များရဲ့ စစ်အင်အားသုံးပြီး နယ်မြေဒေသ သိမ်းသွင်းမှုတွေ၊ တိုင်းနိုင်ငံ တည်ထောင်ရန် ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ နယ်မြေဒေသ နီးစပ်ရာမှာ အခြေချနေထိုင်ကြတဲ့ လူမျိုးစုတွေအကြား စစ်ပွဲတွေ ရှိခဲ့ပါတယ်။ ဒီစစ်ပွဲတွေကနေ အမုန်းတရားတွေ၊ မယုံကြည်မှုတွေနဲ့ အာဃာတ တရားတွေ ပေါ်ထွက်ခဲ့ပါတယ်။

 

 

ဒီလို ဘိုးစဉ်ဘောင်ဆက် အမုန်းတရားတွေဟာ ဖိနှိပ်မှု တစုံတရာအောက်မှာ ခေတ္တပျောက်ကွယ်နေပြီး၊ ဖိနှိပ်မှုကနေ လွတ်လပ်လာစဉ်မှာ အသွင်တမျိုးနဲ့ ပြန်လည်ပေါ်ထွက်လာတတ်ပါတယ်။ ဒါတွေကို အသွင်ကူးပြောင်းကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပဋိပက္ခရေးရာ လေ့လာသူတွေက သေချာ နားလည်သိရှိထားဖို့ လိုပါတယ်။ ဒီလိုနားလည်သိရှိမှလဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို အင်အားသုံးဖြေရှင်းမှု နည်းလမ်းတွေထက် ပိုပြီး အလေးထားစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

 

 

တိုင်းရင်းသားလူမျိုးစုများအကြား သွေးစည်းမှုမှာ သယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအား အရင်းအမြစ်များနဲ့ ပတ်သက်ပြီး ရိုးသားပွင့်လင်းစွာ သတင်းအချက်အလက် ဖလှယ်မှု၊ စီးပွားရေးပြိုင်ဆိုင်မှုများ အကြားမှာ တရားမျှတစွာ ပြိုင်ဆိုင်မှု စတာတွေကလဲ အရေးကြီးပါတယ်။ လူမျိုးစုပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ လူမျိုးစုတွေအကြား ဆက်ဆံရေး အားနည်းမှုနဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ စီးပွားရေးအရ အင်အားကြီးပြီး၊ သယံဇာတ အမြောက်အမြားကို နယ်မြေထဲမှာ ပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေက စီးပွားရေးအရ အင်အားနည်းပြီး၊ သယံဇာတ ပိုင်ဆိုင်မှုနည်းတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဖြင့် ဘဏ္ဍာရေးအရ ခွဲဝေသုံးစွဲရတာကြောင့် နစ်နာတယ်လို့ ယူဆတာတွေ ရှိတတ်ပါတယ်။ စီးပွားရေးအရ ဈေးကွက်ကို အပြိုင်အဆိုင်လုကြရင်း၊ သယံဇာတတွေ ရှိတဲ့ နယ်မြေတွေကို လုကြရင်း ဖြစ်လာတဲ့ ပဋိပက္ခတွေလဲ ရှိပါတယ်။

 

 

ဒီလို စီးပွားရေးအကြောင်းအရာတွေအပြင် လုံခြုံရေးအကြောင်းအရာတွေလဲ ရှိပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတဲ့အခါ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်အချို့က သူတို့ရဲ့ဒေသ လုံခြုံရေးအတွက် လက်နက်ကိုင်ထားဖို့ လိုအပ်တယ်လို့ ယူဆလာပြီး လက်ကိုင်ကိုင်အင်အားစုတွေ ဖွဲ့စည်းလာကြပါတယ်။ ဒီအခါမှာ လက်နက်ကိုင်အင်အားစု မရှိတဲ့ တခြားလူမျိုးစုတွေကလဲ လက်နက်ကိုင်အင်အားစုတွေ ထပ်မံ ဖွဲ့စည်းလာကြပါတယ်။ နိုင်ငံအစိုးရကလဲ ဒီလို လက်နက်ကိုင်အင်အားစုတွေ စုဖွဲ့လာမှုအပေါ်တွေမှာ ပုန်ကန်ထကြွဖို့ ပြင်ဆင်တယ်လို့ ယူဆပြီး စစ်အင်အားသုံး နှိမ်နင်းဖို့ ကြိုးပမ်းပြန်ပါတယ်။

 

 

ဒီလိုအခြေအနေကို နိုင်ငံရေးလေ့လာသူတွေကတော့ တိုင်းပြည်ရဲ့ security dilemma လို့ သတ်မှတ်ပါတယ်။ တခါတရံမှာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ တပ်မတော်ကိုယ်တိုင်က လူတစုရဲ့ ခြယ်လှယ်မှုကို ခံနေရပြီး တိုင်းရင်းသားလူမျိုးစုများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးကို ခြိမ်းချောက်နေသလို ပြန်ဖြစ်နေတာတွေလဲ ရှိပါတယ်။ ဒီလိုတိုင်းပြည်တွေဟာ ပြည်တွင်းစစ်ပြဿနာ၊ ဆင်းရဲနွမ်းပါးမှု ပြဿနာနဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေအကြားမှာ နွံနစ်နေတတ်ပါတယ်။

 

 

နောက်ထပ်အကြောင်းရင်းတခုကတော့ multi-ethnic societies တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခကတော့ ဘိုးဘွားအမွေ နယ်မြေပိုင်ဆိုင်မှု ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေမှာ သူတို့ရဲ့ ethno-symbolism ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် ရှေးအစဉ်အဆက်ကနေ သူတို့ရဲ့ နယ်မြေလို့ သတ်မှတ်ထားတဲ့ နယ်မြေဒေသတွေ ရှိပါတယ်။ ဒါတွေကို ဘိုးဘွားအမွေ နယ်မြေတွေလို့ သတ်မှတ်ယူဆကြပါတယ်။ ဒီနယ်မြေတွေဟာ တခါတရံမှာ အခြားလူမျိုးစုတွေက ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားကြတဲ့ နယ်မြေတွေလဲ ဖြစ်နေတတ်ပြန်ပါတယ်။ ဒီလို နယ်မြေတွေ သီးခြားသတ်မှတ် ထားနိုင်ခြင်း မရှိတဲ့အခါ နယ်မြေလုရာကနေ ဖြစ်ပွားလာတတ်တဲ့ လူမျိုးစုပဋိပက္ခတွေလဲ ရှိတတ်ပါတယ်။

 

 

အချို့သော နိုင်ငံရေးပညာရှင်တွေကတော့ လူမျိုးစုပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်၊ အယူအဆတွေကလဲ အကြောင်းရင်းတရပ်အနေနဲက ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။ သူတို့ရဲ့အယူအဆ အရ ethnic identity တွေဟာ သူ့ဘာသာသူ ရှိနေပြီးသား ဖြစ်နေတဲ့ အပေါ်မှာ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သမိုင်းဆရာတွေက အမျိုးသားရေးအမြင်တွေနဲ့ ထပ်လောင်းပုံဖော်ပြီး မျက်ကန်းမျိုးချစ်စိတ်တွေ၊ လူမျိုးကြီးဝါဒတွေ၊ လူနည်းစု သိမ်ငယ်စိတ် တွေကို ရိုက်သွင်းရာကနေ လူမျိုးစုပဋိပက္ခတွေ ပေါ်ထွက်လာတာလို့ ရှုမြင်ကြပါတယ်။

 

 

ethnic identity တွေကို လိုသလို ဖြည့်ဆည်းထည့်သွင်းသတ်မှတ်လို့တော့ မရနိုင်ပါဘူး။ နိုင်ငံသား (citizenship) နဲ့ လူမျိုးဆိုတာ ကွဲပြားခြားနားပါတယ်။ သို့ပေမယ့် ရှိပြီးသား ethnic identity ကို ထပ်လောင်းပုံဖော်ပြီး နိုင်ငံရေးအရ manipulate လုပ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ- အသွင်ကူးပြောင်းကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရခေါင်းဆောင်တွေက သူတို့ရဲ့ အာဏာ တည်မြဲရေးအတွက် လူမျိုးစုတခုရဲ့ အတိတ်သမိုင်းတွေကို အသုံးချပြီး လူမျိုးကြီးဝါဒကို ရိုက်သွင်းလာတဲ့အခါ၊ အခြားလူမျိုးစုတွေကို အနှိမ်ခံရတယ်ဆိုတဲ့ သိမ်ငယ်စိတ်တွေ ၀င်လာအောင် ပြုလုပ်လိုက်သလို ဖြစ်နိုင်ပါတယ်။

 

 

လူမျိုးရေးမှာမှ ဘာသာရေးအရပါ ကွဲပြားမှုတွေ ဖြစ်နေရင် အခြေအနေတွေက ပိုပြီး ဆိုးဝါးသွားတတ်ပါတယ်။ မျိုးချစ်စိတ်ဟာ ကောင်းမွန်ပါတယ်။ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တာကလဲ ကောင်းမွန်ပါတယ်။ သို့ပေမယ့် လွန်ကဲသွားပြီး မျိုးချစ်စိတ်ကနေ မျက်ကန်းမျိုးချစ်ဝါဒကို ကိုင်စွဲလာတဲ့ အခါ၊ ဒါမှ မဟုတ် ကိုးကွယ်ရာဘာသာ၊ သာသနာကိုပဲ ဦးထိပ်တင်ပြီး အခြား ဘာသာ၊ သာသနာကို ခွဲခြားမှု ရှိလာတဲ့အခါ တိုင်းရင်းသားလူမျိုးစု အများအပြား နေထိုင်ရာ တိုင်းပြည်တခုမှာ ပဋိပက္ခနဲ့ စစ်ပွဲတွေကို ဦးတည်သွားစေတော့တာပါပဲ။ ဒီအချက်ဟာ အသွင်ကူးပြောင်းကာလတွေမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာရယူထားသူများရဲ့ အမြော်အမြင်နဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာ မူတည်တတ်ပါတယ်။

 

 

ဒီလို အကြောင်းရင်းတွေကြောင့် လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ ကိုင်တွယ် ဖြေရှင်းပုံတွေပေါ် မူတည်ပြီး ပြည်တွင်းစစ်မီးတောက်တွေ ကြီးထွားလာခြင်း၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်းဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ တိုင်းရင်းသား လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ Hegemonic Control နည်းလမ်းကို သုံးပြီး၊လူမျိုးစုများ နေထိုင်ရာ ဒေသတွေကို အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာမှုကင်းသော လုပ်ရပ်များဖြင့် ခြိမ်းချောက်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊နယ်မြေသိမ်းပိုက်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ကျေးရွာများနဲ့ မြို့များကို ပြောင်းရွှေ့ နေရာချထားခြင်း၊ အတင်းအဓမ္မ လက်နက်ချခိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း စတာတွေကို အချို့အစိုးရတွေက ကျင့်သုံးလေ့ရှိကြပါတယ်။

 

 

ဒီနည်းလမ်းဟာ လူမျိုးစု ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပဲ လူမျိုးစုများအကြား အာဃာတ တရားတွေ၊ အမုန်းတရားတွေ ကိုသာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် လူမျိုးကြီးဝါဒကို ကျင့်သုံးသူများက စစ်တပ်ကို ကြိုးကိုင်ခြယ်လှယ်ထားခဲ့ရင် စစ်တပ်ထဲမှာ ပါဝင်တာကလဲ လူမျိုးစု မျိုးစုံ ဖြစ်ပေမယ့် လူမျိုးကြီး တခုရဲ့ လုပ်ရပ်လို့ပဲ ထင်သွားတတ်ပါတယ်။ ဥပမာ- ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ တပ်မတော်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ ကရင်ဒေသကို ထိုးစစ်ဆင်နေတဲ့ တပ်ရင်းရဲ့ တပ်ရင်းမှူးဟာလဲ ချင်းအမျိုးသား ဖြစ်နေနိုင်ပါတယ်။

 

 

ကချင်ဒေသကို ထိုးစစ်ဆင်တဲ့ တပ်များရဲ့ အကြီးအကဲဟာလဲ မွန်အမျိုးသား ဖြစ်နေနိုင်ပါတယ်။ ရှမ်းဒေသကို ထိုးစစ်ဆင်တဲ့ တပ်များရဲ့ အကြီးအကဲဟာလဲ ရခိုင်အမျိုးသား ဖြစ်နေနိုင်ပါတယ်။ ဗဟိုအစိုးရထဲမှာလဲ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်နိုင်ပါတယ်။ သို့ပေမယ့်လဲ ပဋိပက္ခတွေကို စစ်အင်အားသုံး ဖြေရှင်းနေတဲ့ ဗဟိုအစိုးရဟာ ဗမာနယ်မြေထဲမှာ အခြေစိုက်ထားတာကြောင့် ဗမာစစ်တပ်၊ ဗမာနဲ့ တိုင်းရင်းသားများ အကြားက ပဋိပက္ခ အနေနဲ့ ထင်မြင်ယူဆသွားမှု ဆိုတဲ့ အထင်အမြင် လွဲမှုတွေ၊ သံသယဖြစ်ထွန်းမှုတွေ၊ မုန်းတီးမှုတွေ ဖြစ်သွားစေတတ်ပါတယ်။

 

 

အင်အားသုံး ဖြေရှင်းမှုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မည်သည့်အခါမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ညီအစ်ကိုချင်းမှာတောင် အင်အားသုံးပြီး ပြဿနာဖြေရှင်းမှုတွေ ရှိလာတဲ့အခါ သွေးကွဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ တဘက်ကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားမှုကြောင့် ပြဿနာဖြေရှင်းနိုင်မယ်လို့ ယူဆမှုတွေဟာ မှားယွင်းတဲ့ အယူအဆတွေပါပဲ။ ဖိနှိပ်လေ၊ ပြဿနာ ပိုပြီး ကြီးထွားလေ ဖြစ်လာတတ်ပါတယ်။ (၁၉၉၄) ခုနှစ်တုန်းက ကမ္ဘာတ၀ှမ်းလုံးကို တုန်လှုပ်ချောက်ချား စေခဲ့တဲ့ ရ၀မ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။

 

 

လူသန်းပေါင်းများစွာ အချိန်အနည်းငယ်အတွင်းမှာလဲ တဦးနဲ့ တဦးသတ်ဖြတ်မှုတွေ ဖြစ်ပွားစေအောင် ဘာတွေက လှုံ့ဆော်ပေးခဲ့ပါသလဲ။ အဓိကကတော့ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ Tutsi ဆိုရင် ပါဝါပိုရှိပြီး၊ Hutu ဆိုပြီး ဖိနှိပ်ခံ လို့ သတ်မှတ်ပြီး အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုဟာ ကြောက်မက်ဖွယ်ရာ လူသတ်ပွဲကြီးကို ဖြစ်ပွားစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ပြန်ပြောင်းပြောမိကြတဲ့အခါတိုင်း အချို့ပညာရှင်တွေက When Victims become Killers လို့ စိတ်မကောင်စွာ မှတ်ချက်ပြုကြပါတယ်။ အင်အားသုံးမှု၊ အကြောက်တရားနဲ့ ဖိနှိပ်မှုတွေဟာ ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပါဘူး။ ပဋိပက္ခတွေကိုသာ ပိုပြီး ကြီးထွားစေတတ်ပါတယ်။ Hegemonic Control ဟာ ရေရှည်နိုင်ငံရေးတည်ငြိမ်မှုကို ဘယ်လိုမှ ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။

 

 

နောက်ထပ် အင်အားသုံး ဖြေရှင်းမှုတခုကတော့ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ တိုင်းပြည်ရဲ့ နယ်နိမိတ်အတွင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်တွေကို ပိတ်ပင်တားဆီးတာပဲ ဖြစ်ပါတယ်။ လူမျိုးစုတွေကို သူတို့ရဲ့ သက်ဆိုင်ရာ နယ်မြေဒေသတွေမှာ နေထိုင်ဖို့ အတင်းအကြပ် ရွှေ့ပြောင်းခိုင်းတာတွေ၊ အခြားဒေသမှာ ရောက်ရှိနေထိုင်သူတွေကို သက်ဆိုင်ရာ ဒေသတွေကို အတင်းအကြပ် ပြန်ခိုင်းတာတွေ၊ သက်ဆိုင်ရာ ဒေသမဟုတ်ပဲ ရောက်နေတဲ့ လူမျိုးတွေ အချင်းအချင်း အလဲအလှယ်ပြုပြီး ရွှေ့ပြောင်းနေရာချထားတာတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေတဲ့ အင်အားသုံးမှုတွေပဲ ဖြစ်ပါတယ်။

 

 

လူမျိုးရေးပဋိပက္ခတွေကို transcendent identity တခုကို သတ်မှတ်ပြီး ဖြေရှင်းကြတာတွေလဲ ရှိပါတယ်။ ဒီလို သတ်မှတ်ရာမှာ သက်ဆိုင်ရာ နိုင်ငံတွင်းမှာ ရှိတဲ့ လူမျိုးစုများ တွေ့ဆုံဆွေးနွေးပြီး၊ အားလုံးရဲ့ ethnic identity ကို ရှေ့တန်းမတင်တော့ပဲ နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတရပ်လုံးဟာ လူမျိုး တခုတည်းအဖြစ် လက်ခံ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရာမှာ လူမျိုးစုများ အားလုံးက တွေ့ဆုံဆွေးနွေးပြီးမှ ညီညီညွတ်ညွတ် စုပေါင်းသတ်မှတ်ကြဖို့ လိုအပ်ပါတယ်။ အစိုးရတရပ်တည်းကပဲ အတင်းအကြပ် အမည်နာမပေး သတ်မှတ်လို့ မရနိုင်ပါဘူး။

 

 

ဒီနည်းလမ်းဟာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ဆင်တူတဲ့ လူမျိုးစုများ ရှိနေတဲ့ နိုင်ငံ (သို့မဟုတ်) နေရာဒေသတခုမှာ နိုင်ငံပေါင်းစုံက လူများ အခြေချနေထိုင်လာကြပြီး နိုင်ငံတည်ထောင်မှု ပြုလုပ်တဲ့ အခြေအနေမျိုးတွေ အတွက်သာ ပိုမိုသင့်လျော်ပြီး စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်စာ ကွဲပြားတဲ့ လူမျိုးစုများ ရှိနေတဲ့ နိုင်ငံတွေမှာတော့ အလွန်သတိထားပြီး စဉ်းစားပြုလုပ်ကြရမယ့် နည်းလမ်းတခု ဖြစ်ပါတယ်။ အတင်းအကြပ်ပြုလုပ်မှုတွေ ရှိလာခဲ့ရင် ပဋိပက္ခကို ပိုမိုကြီးသွားစေတတ်ပါတယ်။

 

 

လူမျိုးစု ပဋိပက္ခတွေကို နိုင်ငံတကာအဖွဲ့အစည်းများ (သို့မဟုတ်) အင်အားကြီးနိုင်ငံများက ၀င်ရောက်ပြီး ထိန်းချုပ်ဖြေရှင်းရန် ကြိုးပမ်းမှုတွေလဲ ရှိပါတယ်။ ဒီလို ထိန်းချုပ်ဖြေရှင်းရန် ကြိုးပမ်းမှုတွေမှာ third party ဖြစ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း (သို့မဟုတ်) ဒေသတွင်းအင်အားကြီးနိုင်ငံများဟာ လူမျိုးစုအားလုံးက ယုံကြည်လက်ခံပေးနိုင်တဲ့ အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံ ဖြစ်ဖို့ အရေးကြီးသလို သက်ဆိုင်ရာ အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံကလဲ လူမျိုးစုတွေအကြားမှာ neutral ဖြစ်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ပဲ အကျိုးစီးပွားတွေပါ ပါဝင်လာပြီး ပါဝါဂိမ်းတွေ ကစားလာခဲ့ရင် လူမျိုးစုပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံအတွက် ပိုပြီး ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

 

 

လူမျိုးစုပဋိပက္ခနဲ့ ပတ်သက်ပြီး နောက်ထပ်ဖြေရှင်းနည်းတခုကတော့ federal arrangements ပဲ ဖြစ်ပါတယ်။ federal arrangements ဆိုရာမှာ quasi-federal arrangements, constitutional federal arrangements စတာတွေအပြင် autonomy နဲ့ cantonisation စတာတွေပါ ပါဝင်ပါတယ်။ cantonisation ဆိုတာကတော့ အာဏာခွဲဝေမှုကို လူမျိုးစု၊ လူမျိုးစုကနေ မျိုးနွယ်စုလေးတွေအထိ အဆင့်ဆင့် ခွဲခြားပြီး homogeneous units လေးတွေအထိ ခွဲခြမ်းစိတ်ဖြာပြီးမှာ အာဏာခွဲဝေတာ ဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ ဒါဟာ လက်တွေ့မှာ ဖြစ်နိုင်ချေနည်းပါးတဲ့ နိုင်ငံရေး အစီအမံလို့ သတ်မှတ်ထားကြပါတယ်။

 

 

constitutional federal arrangements မှာ ဖယ်ဒရယ် ယူနစ်တွေ အားလုံးဆီမှာ တူညီတဲ့ အာဏာတွေ ရှိပြီး၊ ဖယ်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာ အာဏာခွဲဝေမှုသဏ္ဍန်တွေ စနစ်တကျ ရှိပါတယ်။ အာဏာကို အလွဲသုံးစား ပြုလို့ မရပါဘူး။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) နဲ့ တန်းတူညီမျှခွင့် ရှိတဲ့အတွက် ရေရှည်နိုင်ငံရေး တည်ငြိမ်မှုအတွက် သင့်လျော်တဲ့ နိုင်ငံရေးအစီအမံ တခုအဖြစ် ပညာရှင်များက သတ်မှတ်ကြပါတယ်။

 

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) ဆိုတာမှာကျတော့ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (territorial autonomy)နဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (cultural autonomy) ဆိုပြီး ရှိပါတယ်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ တိုင်းရင်းသားလူမျိုးတွေကို သူ့သက်ဆိုင်ရာ ဒေသအလိုက် နယ်မြေခွဲဝေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ခြင်း ဖြစ်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာကတော့ သက်ဆိုင်ရာ ဒေသအလိုက် cultural institutions များကို ကိုယ်ပိုင်ဖန်တီးစီမံခွင့်ပေးအပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လူနည်းစု အခွင့်အရေးပေးတာနဲ့ မတူပါဘူး။ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုများက သူတို့ဘာသာ cultural institutions များကို တည်ဆောက်ယူခြင်းဖြစ်ပြီး၊ လူနည်းစုအခွင့်အရေး (minority rights) ကို ပေးတာမှာကျတော့ နိုင်ငံတော်က cultural institutions များကို တည်ဆောက်ပေးတာ ဖြစ်ပါတယ်။

 

 

လူမျိုးစု ပဋိပက္ခများကို ဖြေရှင်းတဲ့ နောက်ထပ် နည်းလမ်းတခုကတော့ consociationalism ဖြစ်ပါတယ်။ consociationalism ဆိုတာကို ပါဝါရှယ်ယာပြုလုပ်ခြင်းလို့ ဆိုကြပါတယ်။ consociationalism နည်းလမ်းကို အသုံးပြုပြီး ပဋိပက္ခတွေကို ဖြေရှင်းခြင်းမှာ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များအားလုံး ပူးပေါင်းပြီး အာဏာခွဲဝေခြင်း ဖြစ်ပါတယ်။ federalism မှာ အာဏာခွဲဝေမှုက (vertical division between different levels) ဖြစ်ပြီး၊ consociationalism မှာ အာဏာခွဲဝေမှုက (horizontal division between different pillars) ဖြစ်ပါတယ်။

 

 

consociationalism နိုင်ငံရေး အစီအမံမှာ ထင်ရှားတဲ့ နိုင်ငံရေး သွင်ပြင်လက္ခဏာ လေးမျိုး ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ ခေါင်းဆောင်များ အားလုံးဟာ အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။ အစိုးရအဖွဲ့ဟာ ညွန့်ပေါင်းအစိုးရဖြစ်ပြီး၊ လူမျိုးစု ခေါင်းဆောင်များ (သို့မဟုတ်) ကိုယ်စားလှယ်များအားလုံးက အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။ ဒုတိယ သွင်ပြင်လက္ခဏာ ကတော့ လူမျိုးစုအားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိခြင်းဖြစ်ပါတယ်။ တတိယ သွင်ပြင်လက္ခဏာကတော့ နိုင်ငံရေးကိုယ်စားပြုမှုဟာ proportionality ပေါ်မှာ မူတည်ပါတယ်။ စတုတ္ထ သွင်ပြင်လက္ခဏာကတော့ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ အခြေခံ အကျိုးစီးပွားတွေကို ထိခိုက်လာခဲ့ရင် ဗီတိုအာဏာ အသုံးပြုခွင့် ရှိပါတယ်။ ဒီ နည်းလမ်းဟာ လူမျိုးစုအရေအတွက် နည်းပါးတဲ့ နိုင်ငံတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။

 

 

တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာမှာ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီလို ရှာဖွေရာမှာလဲ ပိုမိုဆိုးဝါးသွားစေနိုင်တဲ့ Hegemonic Control လို နည်းလမ်းတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပြီး၊ transcendent identity, federal arrangements (including autonomy), consociationalism နည်းလမ်းတွေထဲက အသင့်လျော်ဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ငြင်းခုန်မှု၊ အပြန်အလှန် စွပ်စွဲမှု မဟုတ်သော အဖြေရှာခြင်း အသွင်နဲ့ ငြိမ်းချမ်းစွာ ၀ိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ ဒါမှလဲ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ လူမျိုးစု ပဋိပက္ခများ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ နိုင်ငံတွေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ဆိုတာ မလွဲမသွေ အကောင်အထည်ဖော်ကြရမယ့် ဖြစ်စဉ်တခုပါ။

 

 

ဒီလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရာမှာ တရားမျှတမှု ရှိရေးဟာ စံထားကြရမယ့် တန်ဖိုးတခု ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်းကာလတွေမှာ ကမ္ဘာတ၀ှမ်းမှာ ကြီးထွားလာခဲ့တဲ့ လူမျိုးရေး အခြေခံ ပဋိပက္ခတွေကြောင့် ethno-cultural justice ဆိုတဲ့ သဘောတရား ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားကို ဖော်ထုတ်ခဲ့တဲ့ Kymlicka ဆိုသူက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဟာ လူမျိုးနဲ့ ယဉ်ကျေးမှုရေးရာ ကွဲပြားမှုတွေကို မျက်ကွယ်ပြုထားလို့ မရနိုင်ကြောင်း၊ ယဉ်ကျေးမှုဆိုတာ လူတဦးချင်းစီ ရှင်သန်နေထိုင်တဲ့ လူမှုဘ၀ (social life) တွေပေါ်မှာ သက်ရောက်မှုရှိတဲ့ framework တခု ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး civic republicanism နဲ့ liberal multi-culturalism ကို လက်ခံသူ တို့အကြားမှာ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ civic republicanism ကို လက်ခံသူများက နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ လူ့အဖွဲ့အစည်းရေးရာ အကန့်အသတ်တွေကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ ဆိုကြပြီး၊ liberal multi-culturalism ကို လက်ခံသူများကတော့ နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ ရှိနေပြီးသား လူ့အဖွဲ့အစည်း အပေါ်မှာ အခြေခံတယ်လို့ ဆိုခဲ့ကြပါတယ်။

 

 

တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးမှာ ဘာသာစကားဆိုင်ရာ အခွင့်အရေးအရေးများ (language rights) ကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုတွေကို ပြည်သူတွေက အပြည့်အ၀ အသုံးပြုနိုင်ရေးအတွက် သင့်လျော်တဲ့ ဘာသာစကားဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာသာစကားဆိုင်ရာ မူဝါဒတွေမှာ linguistic affairs နဲ့ ပတ်သက်ပြီး နိုင်ငံတော်က လုံးဝ ၀င်ရောက်စွက်ဖက်ခြင်း မရှိတဲ့ benign- neglect policy၊ လူအများသုံးတဲ့ ဘာသာစကားကို official language အဖြစ်သတ်မှတ်တဲ့ nation-building policy စသည်ဖြင့် မူဝါဒများစွာ ရှိပြီး၊ ဒီအရေးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများမှာ ထည့်သွင်းဆွေးနွေးဖို့ လိုအပ်တဲ့ အရေးတခု ဖြစ်ပါတယ်။ multi-bilingualism ကို အသုံးပြုခြင်းဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာမှာ မည်သို့ အသုံးပြုမည်နည်း စတဲ့ procedures တွေဟာ ညီညွတ်မှု တည်ဆောက်ရေးအတွက် အရေးကြီးပါတယ်။

 

 

ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရတွေက တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးလို့ အစဉ်အဆက် ကြွေးကြော်ခဲ့ကြပါတယ်။ သို့ပေမယ့်လဲ လူမျိုးစု ပဋိပက္ခဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ ဘိုးစဉ်ဘောင်ဆက် အမုန်းတရား၊ အာဃာတ တရားတွေကို မရှိရင်တောင် ရှိလာအောင် လုပ်ပြီး သွေးခွဲမှုတွေ ရှိခဲ့ပါတယ်။ သမိုင်းထဲက ဗမာသူရဲကောင်းတွေရဲ့ အခန်းကဏ္ဍတွေကို အလွန်အမင်း မြှင့်တင်မှုဟာ ရှေးက ဖြစ်ပွားခဲ့တဲ့ အခြားလူမျိုးစုများနဲ့ စစ်ပွဲတွေကို ပြန်ပြောင်းသတိရစရာတွေ ဖြစ်စေပါတယ်။ အစိုးရတရပ်အနေနဲ့ conflict accommodation လုပ်နိုင်ပါရက် ကြီးထွားလာအောင် လုပ်နေတာတွေနဲ့ အတူတူပါပဲ။ ဥပမာ- မွန်-မြန်မာ စစ်ပွဲ စတာတွေဟာ သမိုင်းသင်ရိုးညွှန်းတန်းမှာ အသေးစိတ် ထည့်သွင်းရေးဆွဲဖို့ မသင့်လျော်တဲ့အရာ တွေဖြစ်ပါတယ်။

 

 

ဒါ့အပြင် အစိုးရအဆက်ဆက်ရဲ့ လူမျိုးကြီးဝါဒ ဆန်ဆန် ပြုမူမှုတွေဟာလဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေခဲ့ပါတယ်။ တော်လှန်ရေး စစ်မျက်နှာတွေမှာ လူမျိုးစုတွေ နေထိုင်တဲ့ ရွာတွေကို မီးရှို့ပြီး " ဒါ- ဗမာကွ" လို့ ကြွေးကြော်ခဲ့မှုတွေ အမြောက်အမြား ရှိခဲ့ဖူးပါတယ်။ တပ်မတော်မှာ တိုင်းရင်းသားလူမျိုးစုံ ပါဝင်နေပါရက်နဲ့ ဗမာစစ်တပ်လာပြီ ဆိုတာနဲ့ ရွာသားတွေ ပုန်းကြရှောင်ကြ ဖြစ်ရတဲ့ အခြေအနေတွေ၊ ဗမာစစ်သားဆိုတာနဲ့ ကလေးအငိုတိတ်သွားတဲ့ အဖြစ်အပျက်တွေ မြန်မာပြည်က စစ်မျက်နှာတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ စစ်တပ်တွင်းနဲ့ ၀န်ထမ်းတာဝန် ထမ်းဆောင်မှုတွေမှာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို ရာထူးတိုးတက်ခွင့် နှောင့်နှေးစေတာတွေ၊ နှိမ့်ချဆက်ဆံတာတွေ မြန်မာပြည်ရဲ့ ၀န်ထမ်းလောကမှာ ရှိနေခဲ့ပါတယ်။ ဘာသာတရား ကိုးကွယ်မှုပေါ်မှာ မူတည်ပြီး ခွဲခြား ဆက်ဆံမှုတွေဟာလဲ မြန်မာပြည်မှာ ဖြစ်ပွားနေခဲ့ပါတယ်။

 

 

လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှုတွေကို ထိန်းချုပ်ရာမှာလဲ Hegemonic Control ကို အသုံးပြုပြီး စစ်အင်အားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာမှုကင်းသော လုပ်ရပ်များဖြင့် ခြိမ်းချောက်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊နယ်မြေသိမ်းပိုက်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ကျေးရွာများနဲ့ မြို့များကို ပြောင်းရွှေ့ နေရာချထားခြင်း၊ အတင်းအဓမ္မ လက်နက်ချခိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း၊ လူမျိုးစု ခေါင်းဆောင်များအား သတ်ဖြတ်ခြင်း၊ အဖွဲ့အစည်းများ ပြိုကွဲစေရန် သွေးထိုးလှုံဆော်ခြင်း စတဲ့ ဖိနှိပ်မှု နည်းပေါင်းစုံကို အသုံးပြုခဲ့ကြပါတယ်။ ယနေ့လက်ရှိ အရပ်သားအစိုးရလို့ ကြေညာတဲ့ ဗိုလ်သိန်းစိန် အစိုးရလက်ထက်မှာ အစိုးရအာဏာလွှဲပြောင်းရယူထားတဲ့ လ အနည်းငယ်အတွင်းမှာတင် ရှမ်း၊ ကချင်၊ ကရင် စတဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ပါတော့တယ်။

 

 

တိုင်းရင်းသား လူမျိုးများ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတွေအတွက် ကြိုးပမ်းဆောင်ရွက်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို အသိအမှတ်မပြုပဲ ဖျက်ဆီးနှောင့်ယှက်မှုတွေကို ၁၉၆၂ ခုနှစ်ကတည်းက တစိုက်မိုက်မိုက် ပြုလုပ်လာခဲ့တာဟာ နောက်ဆုံး သမိုင်းက တောင်းဆိုထားတဲ့ ၂၁ ရာစု ပင်လုံ နိုင်ငံရေး ပလက်ဖောင်း အထိ အသိအမှတ်ပြုပြီး ပူးပေါင်းပါဝင်မှု မရှိခဲ့ပါဘူး။ ၁၉၉၀ အလွန်ကာလတွေမှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ရယူထားသော်လည်း ရေရှည်ခံ ငြိမ်းချမ်းရေး တည်ဆောက်ရန် အားထုတ်ကြိုးပမ်းမှု မရှိပဲ နယ်မြေစိုးမိုးရေး၊ ရင်ဆိုင်ထိန်းချုပ်ရေး၊ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး၊ လက်နက်ဖြုတ်သိမ်းရေး၊ တပ်များဖြင့် ပိတ်ဆို့ဝန်းရံခြိမ်းချောက်ရေး၊ ထိုးစစ်ဆင်ရေး စတာတွေကိုပဲ ကြိုးပမ်းမှုတွေ ရှိလာပါတယ်။

 

 

ဒီလို Hegemonic Control နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ပါဘူး။ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုပေါ်မှာ အခြေခံတဲ့ စစ်မှန်သော အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သော ညီလာခံကြီး ကျင်းပရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်အတွက် ဆွေးနွေးပွဲများ ကျင်းပရေး စတာတွေနဲ့သာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

 

 

တော်လှန်ရေးကောင်စီ၊ မလဆ၊ န၀တ၊ နအဖ၊ ဗိုလ်သိန်းစိန် ကြံ့ဖွတ် အစိုးရ လက်ထက်တွေမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မပြိုကွဲရေးကို ဦးထိပ်ထားတယ်လို့ ဘယ်လိုပဲ ဆိုဆို လက်တွေ့လုပ်ရပ်များကတော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပြိုကွဲစေမယ့် လုပ်ရပ်များသာ ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ပြဿနာတွေဟာ ရေရှည်ဖြစ်ပွားနေခြင်းဟာ နောင်မျိုးဆက်တွေ လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်တံ့ခိုင်မြဲရေးအတွက် ဆိုးကျိုးများစွာ ပေါ်ထွန်း စေနိုင်ပါတယ်။ ရေရှည်ပြည်တွင်းစစ် ပြဿနာဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမွန်သော လက္ခဏာ မဟုတ်ပါ။

 

ဆက်လက်ဖော်ပြပါမည်။

 

ခင်မမမျိုး


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment