Thursday, 30 June 2011

[လွပ်လပ်ခြင်း] New doc: ဖိနပ်ပုံပြင်

created the doc: "ဖိနပ်ပုံပြင် "
Set Myo Oo created the doc: "ဖိနပ်ပုံပြင် "

ပုံပြင်ထဲက စင်ဒရဲလား မင်းသမီးလေးရဲ့ ဖိနပ်ကအစ ဖိလစ်ပိုင်ကတော်ဟောာင်း အီမယ်လ်ဒါမားကို့စ်ရဲ့ ဖိနပ်တွေအဆုံး စိတ်ဝင်စားစရာ ဖိနပ်တွေအကြောင်း တော်တော်များများ

ခင်ဗျားကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။

 

ခင်ဗျား စိတ်ဝင်စားမယ်ဆိုရင် လူမသိ၊ သူမသိ ဖိနပ်ကလေး တစ်ရန်အကြောင်း ကျွန်တော် ပြောပြချင်ပါတယ်။ ကျွန်တော်က ဆရာဝန်တစ်ယောက်ပါ။  ဆေးပညာ ဘွဲ့ရပြီးပြီးချင်း စလင်းမြို့နယ်ထဲက ဇီးဖြူပင်ဆိုတဲ့ ရွာရဲ့ သမ၀ါယမဆေးခန်းမှာ တာဝန်ခံ ဆရာဝန်အနေနဲ့ တာဝန်ထမ်းဆောင်ရတယ်။

 

ဇီးဖြူပင်ရွာက အုပ်စုရွာကြီးတစ်ရွာဖြစ်ပြီး ကုန်းခြောက်ရွာ၊ ကိုင်းခြောက်ရွာ ပါဝင်တယ်။ ကုန်းဘက်မှာ ငရုတ်၊ ပြောင်း၊ နှမ်း။ ကိုင်းဘက်မှာ မြေပဲ၊ ကြက်သွန်၊ အာလူး စတဲ့ အသီးအနှံမျိုးစုံ စိုက်ပျိုးကြပြီး အလွန်ဆူဖြိုးတဲ့ ရွာကြီးတစ်ရွာ ဖြစ်တယ်။ ပညာရေးအနေနဲ့ အဲဒီရွာမှာ အလယ်တန်းကျောင်းတစ်ကျောင်း ရှိပါတယ်။

 

 

တစ်နေ့ ညနှစ်ချက်တီးလောက် အိပ်ကောင်းနေတုန်း "ဆရာ ဆရာ ထပါဦး၊ လူနာအရေးကောင်းနေလို့ပါ" နဲ့ အိမ်ရှေ့က အော်သံတွေ ကြားရတယ်။

 

ဓာတ်မီးထိုးပြီး ခြံတံခါးဝကို လာခဲ့တယ်။ ခြံအပြင်ကို လှမ်းကြည့်လိုက်တော့ လူနှစ်ယောက်ကို တွေ့ရတယ်။ တစ်ယောက်က ကျွန်တော်တို့ သမ၀ါယမဆေးခန်းဝန်ထမ်း ကိုခင်မောင်တိုး၊ ကျန်တဲ့ တစ်ယောက်ကိုတော့ ကျွန်တော် မသိဘူး။ ပြီးမှ ကျောင်းဆရာတစ်ယောက်ဆိုတာ သိရတယ်။ ကိုခင်မောင်တိုးက "ကျောင်းအုပ်ဆရာကြီး ရင်ကျပ်နေလို့ ဆရာ။ အဲဒါ ဆရာလိုက်ကြည့်ပါဦး"

 

ဒါနဲ့ ကျွန်တော့် ဆေးအိတ်ကို ကိုခင်မောင်တိုးက လွယ်ပြီး ဇီးဖြူပင် အလယ်တန်းကျောင်းရှိရာ လာခဲ့ကြတယ်။ ပင်မ ကျောင်းဆောင်ကြီးရဲ့ဘေးမှာ ကျောင်းအုပ်ဆရာကြီးနေဖို့ အိမ်လေးတစ်လုံး သပ်သပ် ဆောက်ပေးထားတယ်။

 

အိမ်ကလေးထဲ ၀င်လိုက်တော့ ကျောင်းအုပ်ဆရာကြီးရဲ့ဇနီးက "ဆရာ ကြွပါ" ဆိုပြီး အခန်းတစ်ခုထဲ ခေါ်သွားတယ်။ အခန်းထဲရောက်တော့ ဆရာကြီးက ဖားဖိုထိုးသလို ဟောဟဲ ဟောဟဲနဲ့ မောနေတယ်။ ပက်လက်လှန် မအိပ်နိုင်ဘူး။ ခေါင်းအုံးတွေထပ်ပြီး ထိုင်လျက် ခေါင်းအုံးထပ်ပေါ် ၀ပ်နေရတယ်။

 

သူ့ရောဂါက ရုတ်တရက် ကောက်ကာငင်ကာ ထထဖြစ်တတ်တဲ့ ရင်ကျပ်ပန်းနာ ရောဂါ။ ရင်ကျပ်ပျောက်တဲ့ အကြောဆေးထိုးပေးပြီး Ventolin Inhaler ခေါ်တဲ့ ပန်းနာရှူဆေး ရှူခိုင်းလိုက်တယ်။ တဖြည်းဖြည်း သက်သာပြီး အိပ်ပျော်သွားတာ။ ဒီလိုနဲ့ သူ့ရောဂါကို ကုပေးရင်း အဲဒီကျောင်းအုပ်ဆရာကြီးနဲ့ ကျွန်တော် ရင်းနှီးသွားတယ်။ သူ့နာနာမည်က ဦးစစ်ငြိမ်း တဲ့။

 

တနင်္ဂနွေတစ်နေ့မှာ ဆေးခန်းပိတ်တာနဲ့ သူ့တို့ကျောင်းကို သွာြး့ပီး ပင်ပေါင်ရိုက်တယ်။ ဆရာကြီးက ရေနွေးကြမ်း၊ ကြက်ဥကြော်၊ လက်ဖက်သုပ်တို့နဲ့ ဧည့်ခံတယ်။ ကျွန်တော်က

"ဆရာကြီးကို ဆေးလာကုရင်း စိတ်ဝင်စားစရာတစ်ခု ကျွန်တော် တွေ့ရတယ်ဗျ။ မေးမယ် မေးမယ်နဲ့ မမေးဖြစ်ခဲ့ဘူး။ အခုမှ မေးရတော့မယ်"

"ဘာများလဲဗျ"

 

"တခြားမဟုတ်ပါဘူး။ ဆရာကြီးရဲ့ခေါင်းရင်း မှန်ဗီရိုထဲက ဖိနပ်တစ်ရန် အကြောင်းပဲ။ ဖိနပ်က အသစ်မဟုတ်ဘူး၊ အဟောင်း။ ဒါ့အပြင် တစ်ဖက်က သဲကြိုးတွေကော ဖင်ကပါ ပြတ်နေသေးတယ်။ ဒီလိုစီးမရတဲ့ ဖိနပ်တစ်ရန်ကို လွှင့်မပစ်ဘဲ သေချာသိမ်းထားတယ်ဆိုတာ အကြောင်းရှိရမယ်လေ။ အဲဒီအကြောင်းက ဘာလဲဆိုတာ ကျွန်တော် သိချင်တယ်"

 

ဆရာကြီးက သက်ပြင်းလေး တစ်ချက်ချပြီး….

"ဒေါက်တာက ဖိနပ်ကလေးကို သတိထားမိသားပဲ။ ဒေါက်တာမှ မဟုတ်ပါဘူးလေ၊ တချို့လူတွေလည်း သတိထားမိပါတယ်။ ဒါပေမဲ့ ဒေါက်တာ့လို မေးရကောင်းမှန်း မသိဘူး။ သူတို့ စိတ်မ၀င်စားလို့ပေါ့လေ။ ဒီလို အသေးအဖွဲဖိနပ်ကို ဘယ်စိတ်ဝင်စားပါ့မလဲ။ ဒီလို စိတ်မ၀င်စားတဲ့အတွက် ကျွန်တော် ၀မ်းမနည်းပါဘူး"

 

"ဒါပေမဲ့ ဒေါက်တာ့လို စာရေးဆရာတစ်ယောက်က စိတ်ဝင်စားဖော်ရတာ ကျွန်တော် သိပ်ဝမ်းသာတယ်။ ဒီဖိနပ်ကလေးရဲ့ သမိုင်းကြောင်းကို ကျွန်တော် လိုလိုလားလား ပြောပြပါ့မယ်။ ဆရာလည်း ၀တ္ထုရေးဖို့ ဇာတ်လမ်းလေးတစ်ပုဒ် ရတာပေါ့" ဆိုပြီး သူက ဖိနပ်ဇာတ်လမ်းကို ပြောပြတယ်။ သူပြောတာက ဒီလိုဗျ။

 

"ကျွန်တော်က မုဆိုးမတစ်ယောက်ရဲ့ သားပါ။ ကျွန်တော့်အဖေဟာ အမေ ကျွန်တော့်ကိုယ်ဝန် လွယ်ထားခိုက်မှာ ကွယ်လွန်သွားခဲ့တယ်။ အဖေဆိုတာ ဖြူသလား၊ မည်းသလား ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော့်ဘ၀မှာ အမေတစ်ခု သားတစ်ခု၊ အဖေလည်း အမေ၊ အမေလည်း အမေ ပါပဲ။ ကျွန်တော် ဘွဲ့တစ်ခု ရလာတဲ့အထိ နောက်အိမ်ထောင်မပြုဘဲ အမေက ဈေးတောင်းခေါင်းရွက် လုပ်ကိုင်ကျွေးခဲ့တယ်"

 

"ဒီလိုနဲ့ အမေ့မှာ နှလုံးရောဂါ စွဲကပ်လာတယ်။ အမေသေခါနီး သုံးရက်လောက် အလိုမှာ အမေက ကျွန်တော့်ကို ခေါ်ပြီး သူ့ဗီရိုအံဆွဲသော့ကို ဖွင့်ခိုင်းတယ်။ အံဆွဲထဲက ရှည်မျောမျော ကတ်စက္ကူဘူးလေး တစ်ခုကို သူ့နား ယူလာခိုင်းတယ်။ ကတ်စက္ကူဘူးကို ဖွင့်ကြည့်လိုက်တော့ ယောက်ျားစီး သားရေဖိနပ်တစ်ရန် တွေ့ရတယ်။ ဖိနပ်က အတော်ဟောင်းနေပါပြီ။ တစ်ဖက်က အဟောင်း၊ တစ်ဖက်က သဲကြိုးရော ခုံပါ အလယ်ကောင်လောက်က ပြတ်ပြီး မြီးတို ဖြစ်နေတယ်"

 

ဒါနဲ့ ကျွန်တော်က "စီးလို့မရတော့တဲ့ ဖိနပ်ကို လွှင့်မပစ်ဘဲ ဘာကြောင့် သိမ်းထားရတာလဲ အမေ" လို့ မေးလိုက်တယ်။

"အမေ မသေခင် ဒီဖိနပ်လေးအကြောင်း ငါ့သားကို ပြောပြခဲ့ချင်တယ်လို့ အားယူပြီး ဖိနပ်ဇာတ်လမ်းကို ပြောပြတယ်။ ဒေါက်တာ မငြီးငွေ့အောင် အတိုချုံးပြီး ပြောပြပါမယ်"

 

"ခေတ်က ဂျပန်ခေတ်၊ မြန်မာနိုင်ငံကို ဖက်ဆစ်တွေ သိမ်းပိုက်ပြီး ဓားမိုးထားချိန်ပေါ့။ ကျွန်တော့်အမေက ဆယ်တန်းကျောင်းသူတစ်ယောက်ဗျ။ အင်္ဂလိပ်ပညာရေးကို ကျွန်ပညာရေးဖြစ်လို့ မလိုလားတဲ့ အမျိုးသား ကျောင်းမှာ ကျောင်းတက်ရတယ်။ သူတို့ ကျောင်းအုပ်ဆရာကြီးက မစ္စတာရာဇတ် တဲ့။ နောက် အာဇာနည်ခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ့် ဦးရာဇတ်ပေါ့"

 

"တစ်နေ့တော့  ဂျပန်စစ်သားတစ်ယောက်က ကျောင်းသူတစ်ဦးကို ကျောင်းရှေ့မှာ ဆွဲလားရုန်းလား လုပ်တယ်။ ကျောင်းသူလေးက ငိုယိုပြီး ဂျပန်စစ်သားကို တွန်းပစ်လိုက်တယ်။ နောက် ကျောင်းထဲကို ၀င်ပြေးတယ်။ ဂျပန်စစ်သားက နောက်က လိုက်လာတယ်။ အဲဒီအချိန်မှာ အရာတစ်ခုက အရှိန်ပြင်းပြင်းနဲ့ ဂျပန်စစ်သားရဲ့ ရင်ဘတ်ကို ဖုန်းခနဲ လာမှန်တယ်။ ကြည့်လိုက်တော့ ယောက်ျားစီး သားရေဖိနပ်တစ်ဖက်။ ဂျပန်စစ်သားကလည်း ဒေါပွပြီး ကျောင်းထဲဝင်မယ်လုပ်တယ်။ ကျောင်းသားတွေက ၀ိုင်းလာတယ်။ ဟန်ပုံမရတော့ အဲဒီ ဂျပန် ပြန်ပြေးသွားတယ်"

 

"ဂျပန်တွေ ပြန်မလာဘူးလား အမေ" လို့ ကျွန်တော်က မေးတော့ အမေက

"ဘယ်နေမလဲ ငါ့သားရယ်၊ ပြန်လာတာမှ ကားတစ်စီးတိုက် အပြည့်။ အဲဒီထဲမှာ နာကာတာ ဆိုတဲ့ ဂျပန်စစ်ဗိုလ်တစ်ယောက် ပါလာတယ်။ သူက ခေါင်းဆောင်ပေါ့။ ဖိနပ်နဲ့ အပေါက်ခံရတဲ့ ဂျပန်စစ်သားက လက်ထဲမှာ သူ့ကို ပေါက်လိုက်တဲ့ ဖိနပ်ကလေးကို ကိုင်ထားတယ်" ဆိုပြီး အမေက ဇာတ်လမ်းကို ဆက်ပြောတယ်။

 

"ဂျပန်စစ်ဗိုလ် နာကာတာက ရှူးရှူးရှားရှားနဲ့ ကျောင်းအုပ်ဆရာကြီး ရုံးခန်းထဲ ၀င်သွားတယ်။ သူ့စစ်သားကို ဖိန်ပ်နဲ့ပေါက်တဲ့ ကျောင်းသားကို ထုတ်ပေးဖို့ စကားပြန်ကတစ်ဆင့် ကျောင်းအုပ်ကြီးကို ပြောတယ်။ ကျောင်းအုပ်ကြီး ဦးရာဇတ်က…

 

"ဒီဖိနပ်နဲ့ ပေါက်တဲ့ကိစ္စဟာ မာစတာတို့ ဂျပန်စစ်သားရဲ့ မြန်မာကျောင်းသူလေးတစ်ဦးအပေါ် ရမ်းကားမှုကြောင့် ဖြစ်လာတာပါ။ ဘယ်လူမျိုးမဆို ကိုယ့်ရှေ့မှာတင် ကိုယ့်လူမျိုး ကျောင်းသူတစ်ဦးကို လူမျိုးခြားက စော်ကားတာ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ရမ်းကားလို့ ဖိနပ်နဲ့ပေါက်တယ်။ ဖိနပ်နဲ့ ပေါက်တာကို အပြစ်လို့ ယူဆရင် ပေါက်တဲ့ကျောင်းသားကို ကျွန်တော် ဆုံးမလိုက်ပါမယ်။ မစ္စတာတို့ ပြန်ပါ"

နာကာတာက ခေါင်းယမ်းလိုက်ပြီး..

"ဒီကျောင်းသားကို ကျွန်တော်တို့လက်နဲ့ ဆုံးမရမှ ကျေနပ်နိုင်မယ်။ ထုတ်သာပေးပါ" လို့ တောင်းဆိုတယ်။

 

ဦးရာဇတ်က တစ်ချက်စဉ်းစားပြီး…

"ကောင်းပြီလေ၊ ဒါဆိုလည်း ကျောင်းဆင်းတဲ့အချိန်ထိအောင် ကေကျာင်းရှေ့က စောင့်နေပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီလောက် ကျောင်းသားတွေ အများကြီးထဲမှာ ဘယ်ကျောင်းသားက ဖိနပ်နဲ့ ပေါက်သူပါလို့ အရွေးရ ခက်ပါတယ်။ မာစတာတို့က ဒီကျောင်းသားကို ကိုယ်တိုင် ဆုံးမနေချင်တော့ ကျောင်းပေါက်ဝက စောင့်ကြည့်နေပါ။ ခြေထောက်မှာ ဖိနပ်တစ်ဖက်ထဲပါတဲ့ ကျောင်းသားက မာစတာတို့ အလိုရှိတဲ့သူ ဖြစ်ပါလိမ့်မယ်။ အဲဒီသူကို တွေ့တော့မှ မာစတာတို့ စိတ်ကြိုက် ဆုံးမပါ"

ဒါနဲ့ ဂျပန်စစ်ဗိုလ်နဲ့ သူ့တပ်သားတွေက ကျောင်းရှေ့က စောင့်နေကြတယ်။ ကျောင်းဆင်းချိန်လည်း ရောက်ရော  ကျောင်းထဲက

ကျောင်းသူကျောင်းသားတွေ ကနြေ္ဒရရ ထွက်လာကြတယ်။

 

ဒီမြင်ကွင်းကို ကြည့်ပြီး နာကာတာက ခွက်ထိုးခွက်လန် ရယ်နေတယ်။ နောက် စကားပြန်နဲ့ မြန်မာကျောင်းသူလေးကို ရမ်းကားခဲ့တဲ့ စစ်သားကိုခေါ်ပြီး ကျောင်းအုပ်ရုံးခန်းထဲ ၀င်သွားတယ်။ ဆရာတွေရော ကျောင်းသူကျောင်းသားတွေပါ သူတို့ဆရာကြီးရဲ့ ကံကြမ္မာကို စိုးရိမ်နေကြတယ်။

 

နာကာတာ က ဦးရာဇတ်ကို

"ဆရာကြီးတို့ မြန်မာလူမျိုးတွေ ပြဿနာ ဖြေရှင်းပုံက အလွန်ပညာပါပြီး ယဉ်ကျေးပါပေတယ်၊ ညီလည်း ညီညွတ်ကြပါပေတယ်။ ကျွန်တော် မလေးစားဘဲ မနေနိုင်ပါဘူး။ သေချာစုံစမ်းကြည့်တော့ ဒီကိစ္စက ဟောဒီက ကျုပ်တပည့် ရမ်းကားလို့ ဖြစ်ရတာပါ။ ဒီဖိနပ်တစ်ဖက်က သူ့ရမ်းကားမှုနဲ့ ထိုက်တန်တဲ့ ဆုလာဘ်အဖြစ် ကျွန်တော် သဘောထားလိုက်ပါမယ်။ ဟေ့ကောင် ရှေ့ထွက်ခဲ့စမ်း"

နာကာတာက ရှေ့ထွက်လာတဲ့ သူ့စစ်သားရဲ့ပါးကို ဖြောင်းခနဲ ပိတ်ရိုက်လိုက်တယ်။

"ဒီလို ကျူပ်တပည့်ကို ဆုံးမလိုက်တဲ့အတွက် ဆရာကြီး ကျေနပ်လိမ့်မယ် ထင်ပါတယ်"

 

 

နာကာတာက ကျောင်းအုပ်ကြီး ဦးရာဇတ်ကို လက်ဆွဲနှုတ်ဆက်ပြီး ထွက်ခွာသွားတယ်။ ကျောင်းအပြင်လည်း ရောက်ရော ဂျပန်စစ်သားက ဒေါသတကြီးနဲ့ လက်ထဲကိုင်ထားတဲ့ ဖိနပ်တစ်ဖက်ကို တာလမ်းပေါ်တင်ပြီး သူ့ဓားရှည်နဲ့ ပိုင်းပစ်လိုက်တယ်။ နောက် အဲဒီမြီးတိုဖိနပ်ကို လမ်းဘေးမြောင်းထဲ လွှင့်ပစ်လိုက်တယ်။

 

နောက်တစ်နေ့မနက်ရောက်တော့ ဂျပန်စစ်သားကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ကောင်လေးက မြောင်းထဲက သူ့ဖိနပ်ကို ပြန်ရှာပြီး ကျန်တဲ့ ဖိနပ်အကောင်းတစ်ဖက်နဲ့ ကတ်စက္ကူဘူးလေးထဲ သိမ်းထားလိုက်တယ်။

"စီးမရဘဲ ဘာလို့သိမ်းထားတာလဲ အမေ"

 

"ဖက်ဆစ်ဂျပန်တွေရဲ့ မတရားမှုကို တော်လှန်ခဲ့တဲ့ ဖိနပ်ကလေးလေ သားရဲ့၊ အမှတ်တရအနေနဲ့ သိမ်းထားတာ နေမှာပေါ့ကွယ်။ နောက် ဂျပန်စစ်သား ရမ်းကားခံရတဲ့ ကောင်မလေးက အဲဒီကောင်လေးကို ဖိနပ်အသစ်တစ်ရံ ၀ယ်ပေးလိုက်တယ်။ နောက်တော့ အဲဒီကောင်လေးနဲ့ ကောင်မလေး ကြိုက်ပြီး ညားသွားကြတယ်"

 

"ဟင် ဒါဆို အဲဒီကောင်မလေးက…"

"အမေပေါ့ကွယ်…"

"အဲဒီ ကောင်လေးက…"

"မင့်အဖေလေ"

"အဖေက ဘယ်လိုသေသွားတာလဲဟင်"

 

"မင့်ကိုယ်ဝန် အမေ လွယ်ထားရချိန် ဖက်ဆစ်ဂျပန် တော်လှန်ရေးကြီး ဖြစ်လာတယ်။ မင့်အဖေက တော်လှန်ရေး တပ်သားတစ်ဦးဆိုတော့ စစ်ထွက်ရတာပေါ့။ ဒီလိုနဲ့ တိုက်ပွဲတွေကို ဆင်နွှဲရင်း တိုက်ပွဲတစ်ခုမှာ မင့်အဖေ ကျဆုံးခဲ့ရတယ်။ မင့်အဖေတို့တပ်ခွဲက ဂျပန်တပ်တစ်တပ်လုံးကို အသေသတ်နိုင်ခဲ့တယ်။ အဲဒီ ဂျပန်တပ်ကို ဦးဆောင်တဲ့ ဂျပန်စစ်ဗိုလ်က တခြားမဟုတ်ဘူး။ အမေတို့ ဆရာကြီး ဦးရာဇတ်ကို လက်ဆွဲနှုတ်ဆက်သွားတဲ့ ဗိုလ်နာကာတာ ပေါ့။ သူသေတော့ သူ့အိတ်ကပ်ထဲကနေ ဓာတ်ပုံလေးတစ်ပုံ တွေ့ရတယ်။ သူရယ်၊ သူ့မိန်းမနဲ့ သမီး ပေါက်စနလေးရယ် တွဲရိုက်ထားတဲ့ ဓာတ်ပုံပေါ့"

"စစ်ဆိုတာ တော်တော် ကြောက်စရာကောင်းတာပဲနော်"

 

"ဟုတ်တယ် ငါ့သား။ တကယ်တော့ မင်းအဖေဟာ မျိုးချစ်သူရဲကောင်း တစ်ယောက်ပါ။ နာကာတာ ကလည်း စစ်သားကောင်း တစ်ယောက်ပါပဲ။ သူတို့ကို သေတွင်းပို့တာက စစ်ကြီးပဲ။ စစ်ဆိုတာ လူမသေဘဲ မပြီးဘူး"

"အမေတို့ မြန်မာတွေ သေရသလို သင်းတို့ ဂျပန်တွေလည်း ဟီရိုးရှီးမား၊ နာဂါစကီမြို့တွေကို အဏုမြူဗုံး အကြဲခံရပြီး လူတွေ သောက်သောက်လဲ သေဆုံးစစ်ရှုံးခဲ့ရတယ်။ အမေတော့ စစ်ဆိုရင် အကြောက်ကြီး ကြောက်ပါပြီကွယ်။ ဒါကြောင့် ငါ့သားနာမည်ကို စစ်ငြိမ်း လို့ မှည့်ခဲ့တာပေါ့ကွယ်"

 

အမေက အဖေ့ဖိနပ်ကလေးကို အသေအချာ သော့ခတ်သိမ်းထားတယ်။ ဒီဖိနပ်လေးက ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တဲ့အပြင် အမေနဲ့ အဖေရဲ့ ဖူးစာရေးနတ်ကလေးဆိုရင်လည်း မမှားဘူးလေ။ အဖေ့ကို သတိရတိုင်း အမေက ဖိနပ်ကလေးကို ထုတ်ကြည့်ပြီး ကျွန်တော့်ကွယ်ရာမှာ မျက်ရည်ကျခဲ့လိမ့်မယ်။ ကျွန်တော့်ရှေ့မှာတော့ မျက်ရည်တစ်စက်မကျဘဲ လောကဓံတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး မားမားမတ်မတ် ရပ်ပြခဲ့တယ်။ အမေ့ရဲ့ ချွေးစက်တွေကို သောက်သုံးရင်း ကျွန်တော် ကြီးပြင်းခဲ့ရတယ်။ အမေက မျိုးချစ် သူရဲကောင်းတစ်ဦးရဲ့ ဇနီးမယားဖြစ်သလို သူကိုယ်တိုင်လည်း သူရဲကောင်း မိခင်တစ်ဦးပါ။

 

အခုဆို အဖေရော အမေပါ လူ့လောကကနေ ပျောက်ကွယ်သွားကြပြီ။ ဒါပေမဲ့ သူတို့ မြတ်နိုးတဲ့ ဖိနပ်ကလေးကတော့ ကျွန်တော့်ခေါင်းရင်းမှာ အခုတိုင် ရှိနေသေးတယ်။ ဒီဖိနပ်ကလေးကိုမြင်တိုင်း ကျွန်တော့် အဖေနဲ့ အမေကို အမြဲသတိရနေမိတယ်။

 

တကယ်တော့ ဘယ်လောက်တန်ဖိုးကြီးတဲ့ ဖိနပ်ဖြစ်ဖြစ် ခြေထောက်အောက်ရောက်ရတာ ထုံးစံမဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်အဖေရဲ့ လူမသိ သူမသိ အညတြဖိနပ်ကလေးက ကျွန်တော့်နှလုံးသားထဲမှာ ထာဝရ ကိန်းအောင်းနေတယ်ဆိုရင် ဒေါက်တာ ယုံမလားဗျာ"

 

ကျောင်းအုပ်ဆရာကြီး ဦးစစ်ငြိမ်း က ဖိနပ်ရာဇ၀င်ကို ဆွေးဆွေးမြည့်မြည့်ကလေး ပြောသွားခဲ့တယ်။ နောက် ဗီရိုထဲက ဖိနပ်ကလေးကို ထုတ်ပြလိုက်သေးတယ်။ အဲဒီ ဖိနပ်ကို ကိုင်တွယ်ကြည့်နေရင်းက ရှေးမြန်မာလူမျိုးတို့ရဲ့ အမြှော်အမြင်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ရဲဝံ့မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ သူရဲကောင်းစိတ်ဓာတ်တွေ ကျွန်တော့်ခန္ဓာကိုယ်ထဲ ကူးစက်စီးဝင်နေတယ်လို့ ခံစားရတယ်။

 

အခုဆို ဦးစစ်ငြိမ်း ဆိုတဲ့ အဲဒီ ကျောင်းအုပ်ဆရာကြီးတောင် ကွယ်လွန်ခဲ့တာ အရိုးဆွေးလောက်ပြီ။ ဒါပေမဲ့ သူပြောခဲ့တဲ့ ဖိနပ်ပုံပြင်လေးကတော့ ကျွန်တော့်ရင်ထဲမှာ ရှင်သန်နေတုန်းပဲ။

 

နတ်မှူး

(၁၁ နှစ်ပြည့် စိတ်ကူးချိုချို စာအုပ်တိုက် အမှတ်တရလက်ဆောင် ၀တ္ထုတိုပေါင်းချုပ်မှ….)


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment