Friday, 24 June 2011

[လွပ်လပ်ခြင်း] New doc: အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၃)

created the doc: "အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၃)"
Aung Htun created the doc: "အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၃)"

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၃)

 

(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး

တိုင်းရင်းသားလူမျိုးစုတွေ စုဝေးနေထိုင်တဲ့ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှု ရှိရေးက အလွန်အရေးကြီးပါတယ်။ နိုင်ငံရေး လေ့လာသူတွေက တိုင်းရင်းသားလူမျိုးအရေးနဲ့ ပတ်သက်ပြီး ကဏ္ဍနှစ်ခု ခွဲခြားလေ့လာကြပါတယ်။ ပထမကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများနဲ့ ပဋိပက္ခဖြေရှင်းနည်းများကို လေ့လာခြင်းဖြစ်ပြီး၊ ဒုတိယကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတွေမှာ တရားမျှတတဲ့ နိုင်ငံရေးစနစ်တွေကို ဖော်ဆောင်မှုတွေကို လေ့လာဖြင်းဖြစ်ပါတယ်။ ပထမကဏ္ဍဟာ နိုင်ငံရေးအဆောက်အုံ (political institutions) ဆိုင်ရာ နိုင်ငံရေးသိပ္ပံပညာက မြစ်ဖျားခံလာပြီး၊ ဒုတိယကဏ္ဍကတော့ လူမျိုးစု၊ တရားမျှတမှုနှင့် ဒီမိုကရေစီ ရေးရာ နိုင်ငံရေး သီအိုရီများ၊ နိုင်ငံရေးဒဿနိက အတွေးအခေါ်များကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

 

 

တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများမှာ ရှေးပဝေသဏီ အစဉ်အဆက်ကနေ အမြစ်တွယ် နေခဲ့တဲ့ ဘိုးစဉ်ဘောင်ဆက်အမုန်းတရားတွေ ပါဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီ ကိုလိုနီနယ်ချဲ့ ၀ါဒတွေ မကြီးစိုးခဲ့စဉ်က အင်အားကြီး စစ်ဘုရင်များရဲ့ စစ်အင်အားသုံးပြီး နယ်မြေဒေသ သိမ်းသွင်းမှုတွေ၊ တိုင်းနိုင်ငံ တည်ထောင်ရန် ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ နယ်မြေဒေသ နီးစပ်ရာမှာ အခြေချနေထိုင်ကြတဲ့ လူမျိုးစုတွေအကြား စစ်ပွဲတွေ ရှိခဲ့ပါတယ်။ ဒီစစ်ပွဲတွေကနေ အမုန်းတရားတွေ၊ မယုံကြည်မှုတွေနဲ့ အာဃာတ တရားတွေ ပေါ်ထွက်ခဲ့ပါတယ်။

 

 

ဒီလို ဘိုးစဉ်ဘောင်ဆက် အမုန်းတရားတွေဟာ ဖိနှိပ်မှု တစုံတရာအောက်မှာ ခေတ္တပျောက်ကွယ်နေပြီး၊ ဖိနှိပ်မှုကနေ လွတ်လပ်လာစဉ်မှာ အသွင်တမျိုးနဲ့ ပြန်လည်ပေါ်ထွက်လာတတ်ပါတယ်။ ဒါတွေကို အသွင်ကူးပြောင်းကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပဋိပက္ခရေးရာ လေ့လာသူတွေက သေချာ နားလည်သိရှိထားဖို့ လိုပါတယ်။ ဒီလိုနားလည်သိရှိမှလဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို အင်အားသုံးဖြေရှင်းမှု နည်းလမ်းတွေထက် ပိုပြီး အလေးထားစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

 

 

တိုင်းရင်းသားလူမျိုးစုများအကြား သွေးစည်းမှုမှာ သယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအား အရင်းအမြစ်များနဲ့ ပတ်သက်ပြီး ရိုးသားပွင့်လင်းစွာ သတင်းအချက်အလက် ဖလှယ်မှု၊ စီးပွားရေးပြိုင်ဆိုင်မှုများ အကြားမှာ တရားမျှတစွာ ပြိုင်ဆိုင်မှု စတာတွေကလဲ အရေးကြီးပါတယ်။ လူမျိုးစုပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ လူမျိုးစုတွေအကြား ဆက်ဆံရေး အားနည်းမှုနဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ စီးပွားရေးအရ အင်အားကြီးပြီး၊ သယံဇာတ အမြောက်အမြားကို နယ်မြေထဲမှာ ပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေက စီးပွားရေးအရ အင်အားနည်းပြီး၊ သယံဇာတ ပိုင်ဆိုင်မှုနည်းတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဖြင့် ဘဏ္ဍာရေးအရ ခွဲဝေသုံးစွဲရတာကြောင့် နစ်နာတယ်လို့ ယူဆတာတွေ ရှိတတ်ပါတယ်။ စီးပွားရေးအရ ဈေးကွက်ကို အပြိုင်အဆိုင်လုကြရင်း၊ သယံဇာတတွေ ရှိတဲ့ နယ်မြေတွေကို လုကြရင်း ဖြစ်လာတဲ့ ပဋိပက္ခတွေလဲ ရှိပါတယ်။

 

 

ဒီလို စီးပွားရေးအကြောင်းအရာတွေအပြင် လုံခြုံရေးအကြောင်းအရာတွေလဲ ရှိပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတဲ့အခါ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်အချို့က သူတို့ရဲ့ဒေသ လုံခြုံရေးအတွက် လက်နက်ကိုင်ထားဖို့ လိုအပ်တယ်လို့ ယူဆလာပြီး လက်ကိုင်ကိုင်အင်အားစုတွေ ဖွဲ့စည်းလာကြပါတယ်။ ဒီအခါမှာ လက်နက်ကိုင်အင်အားစု မရှိတဲ့ တခြားလူမျိုးစုတွေကလဲ လက်နက်ကိုင်အင်အားစုတွေ ထပ်မံ ဖွဲ့စည်းလာကြပါတယ်။ နိုင်ငံအစိုးရကလဲ ဒီလို လက်နက်ကိုင်အင်အားစုတွေ စုဖွဲ့လာမှုအပေါ်တွေမှာ ပုန်ကန်ထကြွဖို့ ပြင်ဆင်တယ်လို့ ယူဆပြီး စစ်အင်အားသုံး နှိမ်နင်းဖို့ ကြိုးပမ်းပြန်ပါတယ်။

 

 

ဒီလိုအခြေအနေကို နိုင်ငံရေးလေ့လာသူတွေကတော့ တိုင်းပြည်ရဲ့ security dilemma လို့ သတ်မှတ်ပါတယ်။ တခါတရံမှာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ တပ်မတော်ကိုယ်တိုင်က လူတစုရဲ့ ခြယ်လှယ်မှုကို ခံနေရပြီး တိုင်းရင်းသားလူမျိုးစုများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးကို ခြိမ်းချောက်နေသလို ပြန်ဖြစ်နေတာတွေလဲ ရှိပါတယ်။ ဒီလိုတိုင်းပြည်တွေဟာ ပြည်တွင်းစစ်ပြဿနာ၊ ဆင်းရဲနွမ်းပါးမှု ပြဿနာနဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေအကြားမှာ နွံနစ်နေတတ်ပါတယ်။

 

 

နောက်ထပ်အကြောင်းရင်းတခုကတော့ multi-ethnic societies တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခကတော့ ဘိုးဘွားအမွေ နယ်မြေပိုင်ဆိုင်မှု ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေမှာ သူတို့ရဲ့ ethno-symbolism ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် ရှေးအစဉ်အဆက်ကနေ သူတို့ရဲ့ နယ်မြေလို့ သတ်မှတ်ထားတဲ့ နယ်မြေဒေသတွေ ရှိပါတယ်။ ဒါတွေကို ဘိုးဘွားအမွေ နယ်မြေတွေလို့ သတ်မှတ်ယူဆကြပါတယ်။ ဒီနယ်မြေတွေဟာ တခါတရံမှာ အခြားလူမျိုးစုတွေက ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားကြတဲ့ နယ်မြေတွေလဲ ဖြစ်နေတတ်ပြန်ပါတယ်။ ဒီလို နယ်မြေတွေ သီးခြားသတ်မှတ် ထားနိုင်ခြင်း မရှိတဲ့အခါ နယ်မြေလုရာကနေ ဖြစ်ပွားလာတတ်တဲ့ လူမျိုးစုပဋိပက္ခတွေလဲ ရှိတတ်ပါတယ်။

 

 

အချို့သော နိုင်ငံရေးပညာရှင်တွေကတော့ လူမျိုးစုပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်၊ အယူအဆတွေကလဲ အကြောင်းရင်းတရပ်အနေနဲက ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။ သူတို့ရဲ့အယူအဆ အရ ethnic identity တွေဟာ သူ့ဘာသာသူ ရှိနေပြီးသား ဖြစ်နေတဲ့ အပေါ်မှာ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သမိုင်းဆရာတွေက အမျိုးသားရေးအမြင်တွေနဲ့ ထပ်လောင်းပုံဖော်ပြီး မျက်ကန်းမျိုးချစ်စိတ်တွေ၊ လူမျိုးကြီးဝါဒတွေ၊ လူနည်းစု သိမ်ငယ်စိတ် တွေကို ရိုက်သွင်းရာကနေ လူမျိုးစုပဋိပက္ခတွေ ပေါ်ထွက်လာတာလို့ ရှုမြင်ကြပါတယ်။

 

 

ethnic identity တွေကို လိုသလို ဖြည့်ဆည်းထည့်သွင်းသတ်မှတ်လို့တော့ မရနိုင်ပါဘူး။ နိုင်ငံသား (citizenship) နဲ့ လူမျိုးဆိုတာ ကွဲပြားခြားနားပါတယ်။ သို့ပေမယ့် ရှိပြီးသား ethnic identity ကို ထပ်လောင်းပုံဖော်ပြီး နိုင်ငံရေးအရ manipulate လုပ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ- အသွင်ကူးပြောင်းကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရခေါင်းဆောင်တွေက သူတို့ရဲ့ အာဏာ တည်မြဲရေးအတွက် လူမျိုးစုတခုရဲ့ အတိတ်သမိုင်းတွေကို အသုံးချပြီး လူမျိုးကြီးဝါဒကို ရိုက်သွင်းလာတဲ့အခါ၊ အခြားလူမျိုးစုတွေကို အနှိမ်ခံရတယ်ဆိုတဲ့ သိမ်ငယ်စိတ်တွေ ၀င်လာအောင် ပြုလုပ်လိုက်သလို ဖြစ်နိုင်ပါတယ်။

 

 

လူမျိုးရေးမှာမှ ဘာသာရေးအရပါ ကွဲပြားမှုတွေ ဖြစ်နေရင် အခြေအနေတွေက ပိုပြီး ဆိုးဝါးသွားတတ်ပါတယ်။ မျိုးချစ်စိတ်ဟာ ကောင်းမွန်ပါတယ်။ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တာကလဲ ကောင်းမွန်ပါတယ်။ သို့ပေမယ့် လွန်ကဲသွားပြီး မျိုးချစ်စိတ်ကနေ မျက်ကန်းမျိုးချစ်ဝါဒကို ကိုင်စွဲလာတဲ့ အခါ၊ ဒါမှ မဟုတ် ကိုးကွယ်ရာဘာသာ၊ သာသနာကိုပဲ ဦးထိပ်တင်ပြီး အခြား ဘာသာ၊ သာသနာကို ခွဲခြားမှု ရှိလာတဲ့အခါ တိုင်းရင်းသားလူမျိုးစု အများအပြား နေထိုင်ရာ တိုင်းပြည်တခုမှာ ပဋိပက္ခနဲ့ စစ်ပွဲတွေကို ဦးတည်သွားစေတော့တာပါပဲ။ ဒီအချက်ဟာ အသွင်ကူးပြောင်းကာလတွေမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာရယူထားသူများရဲ့ အမြော်အမြင်နဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာ မူတည်တတ်ပါတယ်။

 

 

ဒီလို အကြောင်းရင်းတွေကြောင့် လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ ကိုင်တွယ် ဖြေရှင်းပုံတွေပေါ် မူတည်ပြီး ပြည်တွင်းစစ်မီးတောက်တွေ ကြီးထွားလာခြင်း၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်းဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ တိုင်းရင်းသား လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ Hegemonic Control နည်းလမ်းကို သုံးပြီး၊လူမျိုးစုများ နေထိုင်ရာ ဒေသတွေကို အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာမှုကင်းသော လုပ်ရပ်များဖြင့် ခြိမ်းချောက်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊နယ်မြေသိမ်းပိုက်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ကျေးရွာများနဲ့ မြို့များကို ပြောင်းရွှေ့ နေရာချထားခြင်း၊ အတင်းအဓမ္မ လက်နက်ချခိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း စတာတွေကို အချို့အစိုးရတွေက ကျင့်သုံးလေ့ရှိကြပါတယ်။

 

 

ဒီနည်းလမ်းဟာ လူမျိုးစု ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပဲ လူမျိုးစုများအကြား အာဃာတ တရားတွေ၊ အမုန်းတရားတွေ ကိုသာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် လူမျိုးကြီးဝါဒကို ကျင့်သုံးသူများက စစ်တပ်ကို ကြိုးကိုင်ခြယ်လှယ်ထားခဲ့ရင် စစ်တပ်ထဲမှာ ပါဝင်တာကလဲ လူမျိုးစု မျိုးစုံ ဖြစ်ပေမယ့် လူမျိုးကြီး တခုရဲ့ လုပ်ရပ်လို့ပဲ ထင်သွားတတ်ပါတယ်။ ဥပမာ- ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ တပ်မတော်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ ကရင်ဒေသကို ထိုးစစ်ဆင်နေတဲ့ တပ်ရင်းရဲ့ တပ်ရင်းမှူးဟာလဲ ချင်းအမျိုးသား ဖြစ်နေနိုင်ပါတယ်။

 

 

ကချင်ဒေသကို ထိုးစစ်ဆင်တဲ့ တပ်များရဲ့ အကြီးအကဲဟာလဲ မွန်အမျိုးသား ဖြစ်နေနိုင်ပါတယ်။ ရှမ်းဒေသကို ထိုးစစ်ဆင်တဲ့ တပ်များရဲ့ အကြီးအကဲဟာလဲ ရခိုင်အမျိုးသား ဖြစ်နေနိုင်ပါတယ်။ ဗဟိုအစိုးရထဲမှာလဲ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်နိုင်ပါတယ်။ သို့ပေမယ့်လဲ ပဋိပက္ခတွေကို စစ်အင်အားသုံး ဖြေရှင်းနေတဲ့ ဗဟိုအစိုးရဟာ ဗမာနယ်မြေထဲမှာ အခြေစိုက်ထားတာကြောင့် ဗမာစစ်တပ်၊ ဗမာနဲ့ တိုင်းရင်းသားများ အကြားက ပဋိပက္ခ အနေနဲ့ ထင်မြင်ယူဆသွားမှု ဆိုတဲ့ အထင်အမြင် လွဲမှုတွေ၊ သံသယဖြစ်ထွန်းမှုတွေ၊ မုန်းတီးမှုတွေ ဖြစ်သွားစေတတ်ပါတယ်။

 

 

အင်အားသုံး ဖြေရှင်းမှုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မည်သည့်အခါမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ညီအစ်ကိုချင်းမှာတောင် အင်အားသုံးပြီး ပြဿနာဖြေရှင်းမှုတွေ ရှိလာတဲ့အခါ သွေးကွဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ တဘက်ကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားမှုကြောင့် ပြဿနာဖြေရှင်းနိုင်မယ်လို့ ယူဆမှုတွေဟာ မှားယွင်းတဲ့ အယူအဆတွေပါပဲ။ ဖိနှိပ်လေ၊ ပြဿနာ ပိုပြီး ကြီးထွားလေ ဖြစ်လာတတ်ပါတယ်။ (၁၉၉၄) ခုနှစ်တုန်းက ကမ္ဘာတ၀ှမ်းလုံးကို တုန်လှုပ်ချောက်ချား စေခဲ့တဲ့ ရ၀မ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။

 

 

လူသန်းပေါင်းများစွာ အချိန်အနည်းငယ်အတွင်းမှာလဲ တဦးနဲ့ တဦးသတ်ဖြတ်မှုတွေ ဖြစ်ပွားစေအောင် ဘာတွေက လှုံ့ဆော်ပေးခဲ့ပါသလဲ။ အဓိကကတော့ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ Tutsi ဆိုရင် ပါဝါပိုရှိပြီး၊ Hutu ဆိုပြီး ဖိနှိပ်ခံ လို့ သတ်မှတ်ပြီး အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုဟာ ကြောက်မက်ဖွယ်ရာ လူသတ်ပွဲကြီးကို ဖြစ်ပွားစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ပြန်ပြောင်းပြောမိကြတဲ့အခါတိုင်း အချို့ပညာရှင်တွေက When Victims become Killers လို့ စိတ်မကောင်စွာ မှတ်ချက်ပြုကြပါတယ်။ အင်အားသုံးမှု၊ အကြောက်တရားနဲ့ ဖိနှိပ်မှုတွေဟာ ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပါဘူး။ ပဋိပက္ခတွေကိုသာ ပိုပြီး ကြီးထွားစေတတ်ပါတယ်။ Hegemonic Control ဟာ ရေရှည်နိုင်ငံရေးတည်ငြိမ်မှုကို ဘယ်လိုမှ ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။

 

 

နောက်ထပ် အင်အားသုံး ဖြေရှင်းမှုတခုကတော့ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ တိုင်းပြည်ရဲ့ နယ်နိမိတ်အတွင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်တွေကို ပိတ်ပင်တားဆီးတာပဲ ဖြစ်ပါတယ်။ လူမျိုးစုတွေကို သူတို့ရဲ့ သက်ဆိုင်ရာ နယ်မြေဒေသတွေမှာ နေထိုင်ဖို့ အတင်းအကြပ် ရွှေ့ပြောင်းခိုင်းတာတွေ၊ အခြားဒေသမှာ ရောက်ရှိနေထိုင်သူတွေကို သက်ဆိုင်ရာ ဒေသတွေကို အတင်းအကြပ် ပြန်ခိုင်းတာတွေ၊ သက်ဆိုင်ရာ ဒေသမဟုတ်ပဲ ရောက်နေတဲ့ လူမျိုးတွေ အချင်းအချင်း အလဲအလှယ်ပြုပြီး ရွှေ့ပြောင်းနေရာချထားတာတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေတဲ့ အင်အားသုံးမှုတွေပဲ ဖြစ်ပါတယ်။

 

 

လူမျိုးရေးပဋိပက္ခတွေကို transcendent identity တခုကို သတ်မှတ်ပြီး ဖြေရှင်းကြတာတွေလဲ ရှိပါတယ်။ ဒီလို သတ်မှတ်ရာမှာ သက်ဆိုင်ရာ နိုင်ငံတွင်းမှာ ရှိတဲ့ လူမျိုးစုများ တွေ့ဆုံဆွေးနွေးပြီး၊ အားလုံးရဲ့ ethnic identity ကို ရှေ့တန်းမတင်တော့ပဲ နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတရပ်လုံးဟာ လူမျိုး တခုတည်းအဖြစ် လက်ခံ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရာမှာ လူမျိုးစုများ အားလုံးက တွေ့ဆုံဆွေးနွေးပြီးမှ ညီညီညွတ်ညွတ် စုပေါင်းသတ်မှတ်ကြဖို့ လိုအပ်ပါတယ်။ အစိုးရတရပ်တည်းကပဲ အတင်းအကြပ် အမည်နာမပေး သတ်မှတ်လို့ မရနိုင်ပါဘူး။

 

 

ဒီနည်းလမ်းဟာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ဆင်တူတဲ့ လူမျိုးစုများ ရှိနေတဲ့ နိုင်ငံ (သို့မဟုတ်) နေရာဒေသတခုမှာ နိုင်ငံပေါင်းစုံက လူများ အခြေချနေထိုင်လာကြပြီး နိုင်ငံတည်ထောင်မှု ပြုလုပ်တဲ့ အခြေအနေမျိုးတွေ အတွက်သာ ပိုမိုသင့်လျော်ပြီး စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်စာ ကွဲပြားတဲ့ လူမျိုးစုများ ရှိနေတဲ့ နိုင်ငံတွေမှာတော့ အလွန်သတိထားပြီး စဉ်းစားပြုလုပ်ကြရမယ့် နည်းလမ်းတခု ဖြစ်ပါတယ်။ အတင်းအကြပ်ပြုလုပ်မှုတွေ ရှိလာခဲ့ရင် ပဋိပက္ခကို ပိုမိုကြီးသွားစေတတ်ပါတယ်။

 

 

လူမျိုးစု ပဋိပက္ခတွေကို နိုင်ငံတကာအဖွဲ့အစည်းများ (သို့မဟုတ်) အင်အားကြီးနိုင်ငံများက ၀င်ရောက်ပြီး ထိန်းချုပ်ဖြေရှင်းရန် ကြိုးပမ်းမှုတွေလဲ ရှိပါတယ်။ ဒီလို ထိန်းချုပ်ဖြေရှင်းရန် ကြိုးပမ်းမှုတွေမှာ third party ဖြစ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း (သို့မဟုတ်) ဒေသတွင်းအင်အားကြီးနိုင်ငံများဟာ လူမျိုးစုအားလုံးက ယုံကြည်လက်ခံပေးနိုင်တဲ့ အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံ ဖြစ်ဖို့ အရေးကြီးသလို သက်ဆိုင်ရာ အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံကလဲ လူမျိုးစုတွေအကြားမှာ neutral ဖြစ်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ပဲ အကျိုးစီးပွားတွေပါ ပါဝင်လာပြီး ပါဝါဂိမ်းတွေ ကစားလာခဲ့ရင် လူမျိုးစုပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံအတွက် ပိုပြီး ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

 

 

လူမျိုးစုပဋိပက္ခနဲ့ ပတ်သက်ပြီး နောက်ထပ်ဖြေရှင်းနည်းတခုကတော့ federal arrangements ပဲ ဖြစ်ပါတယ်။ federal arrangements ဆိုရာမှာ quasi-federal arrangements, constitutional federal arrangements စတာတွေအပြင် autonomy နဲ့ cantonisation စတာတွေပါ ပါဝင်ပါတယ်။ cantonisation ဆိုတာကတော့ အာဏာခွဲဝေမှုကို လူမျိုးစု၊ လူမျိုးစုကနေ မျိုးနွယ်စုလေးတွေအထိ အဆင့်ဆင့် ခွဲခြားပြီး homogeneous units လေးတွေအထိ ခွဲခြမ်းစိတ်ဖြာပြီးမှာ အာဏာခွဲဝေတာ ဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ ဒါဟာ လက်တွေ့မှာ ဖြစ်နိုင်ချေနည်းပါးတဲ့ နိုင်ငံရေး အစီအမံလို့ သတ်မှတ်ထားကြပါတယ်။

 

 

constitutional federal arrangements မှာ ဖယ်ဒရယ် ယူနစ်တွေ အားလုံးဆီမှာ တူညီတဲ့ အာဏာတွေ ရှိပြီး၊ ဖယ်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာ အာဏာခွဲဝေမှုသဏ္ဍန်တွေ စနစ်တကျ ရှိပါတယ်။ အာဏာကို အလွဲသုံးစား ပြုလို့ မရပါဘူး။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) နဲ့ တန်းတူညီမျှခွင့် ရှိတဲ့အတွက် ရေရှည်နိုင်ငံရေး တည်ငြိမ်မှုအတွက် သင့်လျော်တဲ့ နိုင်ငံရေးအစီအမံ တခုအဖြစ် ပညာရှင်များက သတ်မှတ်ကြပါတယ်။

 

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) ဆိုတာမှာကျတော့ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (territorial autonomy)နဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (cultural autonomy) ဆိုပြီး ရှိပါတယ်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ တိုင်းရင်းသားလူမျိုးတွေကို သူ့သက်ဆိုင်ရာ ဒေသအလိုက် နယ်မြေခွဲဝေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ခြင်း ဖြစ်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာကတော့ သက်ဆိုင်ရာ ဒေသအလိုက် cultural institutions များကို ကိုယ်ပိုင်ဖန်တီးစီမံခွင့်ပေးအပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လူနည်းစု အခွင့်အရေးပေးတာနဲ့ မတူပါဘူး။ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုများက သူတို့ဘာသာ cultural institutions များကို တည်ဆောက်ယူခြင်းဖြစ်ပြီး၊ လူနည်းစုအခွင့်အရေး (minority rights) ကို ပေးတာမှာကျတော့ နိုင်ငံတော်က cultural institutions များကို တည်ဆောက်ပေးတာ ဖြစ်ပါတယ်။

 

 

လူမျိုးစု ပဋိပက္ခများကို ဖြေရှင်းတဲ့ နောက်ထပ် နည်းလမ်းတခုကတော့ consociationalism ဖြစ်ပါတယ်။ consociationalism ဆိုတာကို ပါဝါရှယ်ယာပြုလုပ်ခြင်းလို့ ဆိုကြပါတယ်။ consociationalism နည်းလမ်းကို အသုံးပြုပြီး ပဋိပက္ခတွေကို ဖြေရှင်းခြင်းမှာ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များအားလုံး ပူးပေါင်းပြီး အာဏာခွဲဝေခြင်း ဖြစ်ပါတယ်။ federalism မှာ အာဏာခွဲဝေမှုက (vertical division between different levels) ဖြစ်ပြီး၊ consociationalism မှာ အာဏာခွဲဝေမှုက (horizontal division between different pillars) ဖြစ်ပါတယ်။

 

 

consociationalism နိုင်ငံရေး အစီအမံမှာ ထင်ရှားတဲ့ နိုင်ငံရေး သွင်ပြင်လက္ခဏာ လေးမျိုး ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ ခေါင်းဆောင်များ အားလုံးဟာ အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။ အစိုးရအဖွဲ့ဟာ ညွန့်ပေါင်းအစိုးရဖြစ်ပြီး၊ လူမျိုးစု ခေါင်းဆောင်များ (သို့မဟုတ်) ကိုယ်စားလှယ်များအားလုံးက အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။ ဒုတိယ သွင်ပြင်လက္ခဏာ ကတော့ လူမျိုးစုအားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိခြင်းဖြစ်ပါတယ်။ တတိယ သွင်ပြင်လက္ခဏာကတော့ နိုင်ငံရေးကိုယ်စားပြုမှုဟာ proportionality ပေါ်မှာ မူတည်ပါတယ်။ စတုတ္ထ သွင်ပြင်လက္ခဏာကတော့ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ အခြေခံ အကျိုးစီးပွားတွေကို ထိခိုက်လာခဲ့ရင် ဗီတိုအာဏာ အသုံးပြုခွင့် ရှိပါတယ်။ ဒီ နည်းလမ်းဟာ လူမျိုးစုအရေအတွက် နည်းပါးတဲ့ နိုင်ငံတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။

 

 

တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာမှာ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီလို ရှာဖွေရာမှာလဲ ပိုမိုဆိုးဝါးသွားစေနိုင်တဲ့ Hegemonic Control လို နည်းလမ်းတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပြီး၊ transcendent identity, federal arrangements (including autonomy), consociationalism နည်းလမ်းတွေထဲက အသင့်လျော်ဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ငြင်းခုန်မှု၊ အပြန်အလှန် စွပ်စွဲမှု မဟုတ်သော အဖြေရှာခြင်း အသွင်နဲ့ ငြိမ်းချမ်းစွာ ၀ိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ ဒါမှလဲ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ လူမျိုးစု ပဋိပက္ခများ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ နိုင်ငံတွေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ဆိုတာ မလွဲမသွေ အကောင်အထည်ဖော်ကြရမယ့် ဖြစ်စဉ်တခုပါ။

 

 

ဒီလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရာမှာ တရားမျှတမှု ရှိရေးဟာ စံထားကြရမယ့် တန်ဖိုးတခု ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်းကာလတွေမှာ ကမ္ဘာတ၀ှမ်းမှာ ကြီးထွားလာခဲ့တဲ့ လူမျိုးရေး အခြေခံ ပဋိပက္ခတွေကြောင့် ethno-cultural justice ဆိုတဲ့ သဘောတရား ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားကို ဖော်ထုတ်ခဲ့တဲ့ Kymlicka ဆိုသူက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဟာ လူမျိုးနဲ့ ယဉ်ကျေးမှုရေးရာ ကွဲပြားမှုတွေကို မျက်ကွယ်ပြုထားလို့ မရနိုင်ကြောင်း၊ ယဉ်ကျေးမှုဆိုတာ လူတဦးချင်းစီ ရှင်သန်နေထိုင်တဲ့ လူမှုဘ၀ (social life) တွေပေါ်မှာ သက်ရောက်မှုရှိတဲ့ framework တခု ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး civic republicanism နဲ့ liberal multi-culturalism ကို လက်ခံသူ တို့အကြားမှာ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ civic republicanism ကို လက်ခံသူများက နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ လူ့အဖွဲ့အစည်းရေးရာ အကန့်အသတ်တွေကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ ဆိုကြပြီး၊ liberal multi-culturalism ကို လက်ခံသူများကတော့ နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ ရှိနေပြီးသား လူ့အဖွဲ့အစည်း အပေါ်မှာ အခြေခံတယ်လို့ ဆိုခဲ့ကြပါတယ်။

 

 

တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးမှာ ဘာသာစကားဆိုင်ရာ အခွင့်အရေးအရေးများ (language rights) ကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုတွေကို ပြည်သူတွေက အပြည့်အ၀ အသုံးပြုနိုင်ရေးအတွက် သင့်လျော်တဲ့ ဘာသာစကားဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာသာစကားဆိုင်ရာ မူဝါဒတွေမှာ linguistic affairs နဲ့ ပတ်သက်ပြီး နိုင်ငံတော်က လုံးဝ ၀င်ရောက်စွက်ဖက်ခြင်း မရှိတဲ့ benign- neglect policy၊ လူအများသုံးတဲ့ ဘာသာစကားကို official language အဖြစ်သတ်မှတ်တဲ့ nation-building policy စသည်ဖြင့် မူဝါဒများစွာ ရှိပြီး၊ ဒီအရေးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများမှာ ထည့်သွင်းဆွေးနွေးဖို့ လိုအပ်တဲ့ အရေးတခု ဖြစ်ပါတယ်။ multi-bilingualism ကို အသုံးပြုခြင်းဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာမှာ မည်သို့ အသုံးပြုမည်နည်း စတဲ့ procedures တွေဟာ ညီညွတ်မှု တည်ဆောက်ရေးအတွက် အရေးကြီးပါတယ်။

 

 

ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရတွေက တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးလို့ အစဉ်အဆက် ကြွေးကြော်ခဲ့ကြပါတယ်။ သို့ပေမယ့်လဲ လူမျိုးစု ပဋိပက္ခဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ ဘိုးစဉ်ဘောင်ဆက် အမုန်းတရား၊ အာဃာတ တရားတွေကို မရှိရင်တောင် ရှိလာအောင် လုပ်ပြီး သွေးခွဲမှုတွေ ရှိခဲ့ပါတယ်။ သမိုင်းထဲက ဗမာသူရဲကောင်းတွေရဲ့ အခန်းကဏ္ဍတွေကို အလွန်အမင်း မြှင့်တင်မှုဟာ ရှေးက ဖြစ်ပွားခဲ့တဲ့ အခြားလူမျိုးစုများနဲ့ စစ်ပွဲတွေကို ပြန်ပြောင်းသတိရစရာတွေ ဖြစ်စေပါတယ်။ အစိုးရတရပ်အနေနဲ့ conflict accommodation လုပ်နိုင်ပါရက် ကြီးထွားလာအောင် လုပ်နေတာတွေနဲ့ အတူတူပါပဲ။ ဥပမာ- မွန်-မြန်မာ စစ်ပွဲ စတာတွေဟာ သမိုင်းသင်ရိုးညွှန်းတန်းမှာ အသေးစိတ် ထည့်သွင်းရေးဆွဲဖို့ မသင့်လျော်တဲ့အရာ တွေဖြစ်ပါတယ်။

 

 

ဒါ့အပြင် အစိုးရအဆက်ဆက်ရဲ့ လူမျိုးကြီးဝါဒ ဆန်ဆန် ပြုမူမှုတွေဟာလဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေခဲ့ပါတယ်။ တော်လှန်ရေး စစ်မျက်နှာတွေမှာ လူမျိုးစုတွေ နေထိုင်တဲ့ ရွာတွေကို မီးရှို့ပြီး " ဒါ- ဗမာကွ" လို့ ကြွေးကြော်ခဲ့မှုတွေ အမြောက်အမြား ရှိခဲ့ဖူးပါတယ်။ တပ်မတော်မှာ တိုင်းရင်းသားလူမျိုးစုံ ပါဝင်နေပါရက်နဲ့ ဗမာစစ်တပ်လာပြီ ဆိုတာနဲ့ ရွာသားတွေ ပုန်းကြရှောင်ကြ ဖြစ်ရတဲ့ အခြေအနေတွေ၊ ဗမာစစ်သားဆိုတာနဲ့ ကလေးအငိုတိတ်သွားတဲ့ အဖြစ်အပျက်တွေ မြန်မာပြည်က စစ်မျက်နှာတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ စစ်တပ်တွင်းနဲ့ ၀န်ထမ်းတာဝန် ထမ်းဆောင်မှုတွေမှာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို ရာထူးတိုးတက်ခွင့် နှောင့်နှေးစေတာတွေ၊ နှိမ့်ချဆက်ဆံတာတွေ မြန်မာပြည်ရဲ့ ၀န်ထမ်းလောကမှာ ရှိနေခဲ့ပါတယ်။ ဘာသာတရား ကိုးကွယ်မှုပေါ်မှာ မူတည်ပြီး ခွဲခြား ဆက်ဆံမှုတွေဟာလဲ မြန်မာပြည်မှာ ဖြစ်ပွားနေခဲ့ပါတယ်။

 

 

လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှုတွေကို ထိန်းချုပ်ရာမှာလဲ Hegemonic Control ကို အသုံးပြုပြီး စစ်အင်အားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာမှုကင်းသော လုပ်ရပ်များဖြင့် ခြိမ်းချောက်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊နယ်မြေသိမ်းပိုက်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ကျေးရွာများနဲ့ မြို့များကို ပြောင်းရွှေ့ နေရာချထားခြင်း၊ အတင်းအဓမ္မ လက်နက်ချခိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း၊ လူမျိုးစု ခေါင်းဆောင်များအား သတ်ဖြတ်ခြင်း၊ အဖွဲ့အစည်းများ ပြိုကွဲစေရန် သွေးထိုးလှုံဆော်ခြင်း စတဲ့ ဖိနှိပ်မှု နည်းပေါင်းစုံကို အသုံးပြုခဲ့ကြပါတယ်။ ယနေ့လက်ရှိ အရပ်သားအစိုးရလို့ ကြေညာတဲ့ ဗိုလ်သိန်းစိန် အစိုးရလက်ထက်မှာ အစိုးရအာဏာလွှဲပြောင်းရယူထားတဲ့ လ အနည်းငယ်အတွင်းမှာတင် ရှမ်း၊ ကချင်၊ ကရင် စတဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ပါတော့တယ်။

 

 

တိုင်းရင်းသား လူမျိုးများ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတွေအတွက် ကြိုးပမ်းဆောင်ရွက်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို အသိအမှတ်မပြုပဲ ဖျက်ဆီးနှောင့်ယှက်မှုတွေကို ၁၉၆၂ ခုနှစ်ကတည်းက တစိုက်မိုက်မိုက် ပြုလုပ်လာခဲ့တာဟာ နောက်ဆုံး သမိုင်းက တောင်းဆိုထားတဲ့ ၂၁ ရာစု ပင်လုံ နိုင်ငံရေး ပလက်ဖောင်း အထိ အသိအမှတ်ပြုပြီး ပူးပေါင်းပါဝင်မှု မရှိခဲ့ပါဘူး။ ၁၉၉၀ အလွန်ကာလတွေမှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ရယူထားသော်လည်း ရေရှည်ခံ ငြိမ်းချမ်းရေး တည်ဆောက်ရန် အားထုတ်ကြိုးပမ်းမှု မရှိပဲ နယ်မြေစိုးမိုးရေး၊ ရင်ဆိုင်ထိန်းချုပ်ရေး၊ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး၊ လက်နက်ဖြုတ်သိမ်းရေး၊ တပ်များဖြင့် ပိတ်ဆို့ဝန်းရံခြိမ်းချောက်ရေး၊ ထိုးစစ်ဆင်ရေး စတာတွေကိုပဲ ကြိုးပမ်းမှုတွေ ရှိလာပါတယ်။

 

 

ဒီလို Hegemonic Control နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ပါဘူး။ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုပေါ်မှာ အခြေခံတဲ့ စစ်မှန်သော အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သော ညီလာခံကြီး ကျင်းပရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်အတွက် ဆွေးနွေးပွဲများ ကျင်းပရေး စတာတွေနဲ့သာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

 

 

တော်လှန်ရေးကောင်စီ၊ မလဆ၊ န၀တ၊ နအဖ၊ ဗိုလ်သိန်းစိန် ကြံ့ဖွတ် အစိုးရ လက်ထက်တွေမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မပြိုကွဲရေးကို ဦးထိပ်ထားတယ်လို့ ဘယ်လိုပဲ ဆိုဆို လက်တွေ့လုပ်ရပ်များကတော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပြိုကွဲစေမယ့် လုပ်ရပ်များသာ ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ပြဿနာတွေဟာ ရေရှည်ဖြစ်ပွားနေခြင်းဟာ နောင်မျိုးဆက်တွေ လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်တံ့ခိုင်မြဲရေးအတွက် ဆိုးကျိုးများစွာ ပေါ်ထွန်း စေနိုင်ပါတယ်။ ရေရှည်ပြည်တွင်းစစ် ပြဿနာဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမွန်သော လက္ခဏာ မဟုတ်ပါ။

 

ဆက်လက်ဖော်ပြပါမည်။

 

ခင်မမမျိုး


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment