Tuesday, 14 June 2011

[ဟစ်တိုင်] New link

Tharchit Zaw 14 June 19:36

လောက၌ အရာရာတိုင်းတွင် ဆန့်ကျင်ဘက်များ ရှိနေတတ်၏။ ကောင်းခြင်းမကောင်းခြင်း၊ မှန်ခြင်းမှားခြင်း၊ ကြိုက်ခြင်းမကြိုက်ခြင်း၊ ချစ်ခြင်းမုန်းခြင်း၊ ရှိခြင်းမရှိခြင်း၊ သိခြင်းမသိခြင်း၊ ကျင့်ခြင်းမကျင့်ခြင်း စသည်ဖြင့် အကောင်းအဆိုး ဆန့်ကျင်ဘက်များသည် အမြဲမပြတ် ဒွန်တွဲလျက်ရှိ၏။ ထိုသို့ မည်မျှပင် အကောင်းအဆိုး ဒွန်တွဲ၍ နေသည်ဖြစ်ပါစေ ကောင်းခြင်းနှင့် မကောင်းခြင်း၊ အမှန်နှင့်အမှား စသည် ယှဉ်လာလျှင်ကား အကောင်းနှင့် အမှန်စသည်များကသာ အောင်နိုင်မြဲဖြစ်၏။ ဆန့်ကျင့်ဘက်မှန်သမျှတွင် အမှန်တရား၊ ကုသိုလ်တရားနှင့်ယှဉ်သည့် ဆန့်ကျင်ဘက်များသည်သာ အနိုင်ရမြဲ ဖြစ်၏။
 
လူအတော်များများက ဆန့်ကျင်လျှင် ပြဿနာ ဖြစ်ဖွယ်သာ ရှိသည်ဟု ထင်နေတတ်ကြ၏။ စင်စစ်ထိုအထင်သည် နေရာတိုင်းတွင် မမှန်နိုင်သည်မှာ သေချာလှ၏။ အထူးသဖြင့် မကောင်းသည့်အရာကို ကောင်းသည့်အရာများဖြင့် ဆန့်ကျင်ထားလျှင်ကား ပြဿနာ မဖြစ်သည့်အပြင် ပြဿနာပင် ငြိမ်းစေနိုင်ပေ၏။ ရှင်တော်မြတ်ဘုရား ဟောတော်မူသကဲ့သို့ ဒေါသဖြင့် ရင်ဆိုင်လာသူကို မေတ္တာဖြင့် တန်ပြန်မှုသဘောမျိုး၊ မပေးလိုမလှူလိုဘဲ ကပ်စေးနဲနေသူကို ပေးကမ်းလှူဒါန်းပေးခြင်းဖြင့် စိတ်အစဉ် ပြောင်းလဲစေမှုမျိုး၊ မကောင်းသည့် အလုပ်များလုပ်နေသူကို ကောင်းသည့်အလုပ်များ လုပ်စေခြင်းဖြင့် ကောင်းကျိုး သက်ရောက်စေမှုမျိုး၊ မုသားလိမ်ညာ ပြောသူများကို အမှန်သစ္စာစကားကို ပြောဆိုခြင်းဖြင့် မမှန်စကားမှ ရှောင်ရှားစေမှုမျိုး စသည်များသည် ဆန့်ကျင်ဘက်များဖြင့် အကောင်းဘက်သို့ပြောင်းစေကာ ပြဿနာကို ငြိမ်းစေခြင်းမျိုးပင် ဖြစ်ပါ၏။
 
သို့သော် လူအတော်များများသည် လက်တွေ့ဘဝတွင် ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူရမည့်အစား တူညီမှုများဖြင့်သာ အနိုင်ယူရန် ကြိုးစားလေ့ရှိတတ်၏။ "သူဒေါသဖြစ်လျှင် ကိုယ်လည်းဒေါသဖြစ်မည်၊ သူစိတ်ဆိုးလျှင် ကိုယ်လည်းစိတ်ဆိုးမည်၊ သူမပေးလျှင် ကိုယ်လည်းမပေး၊ သူဒီလိုဆက်ဆံလျှင် ကိုယ်လည်း ဒီလိုဆက်ဆံမည်၊ သူမကောင်းလျှင် ကိုယ်လည်းမကောင်းနိုင်၊ သူကျောလျှင် ကိုယ်လည်းကျောမည်၊ သူမာနထားလျှင် ကိုယ်လည်းမာနထားမည်" စသည်ဖြင့် မကောင်းလျှင် မကောင်းသည့်အတိုင်း ပြုမူဆက်ဆံ နေလေ့ရှိကြ၏။ ထို့ကြောင့်လည်း ပြဿနာသည် မပြေငြိမ်းဘဲ ရန်ကိုသာ တိုးပွားစေနေကြခြင်း ဖြစ်၏။ "ဂျင်းစိမ်းနှင့် မိတ်သလင် သူကျင်မှ ကိုယ်ကျင်မယ်"ဟူသော အယူအဆမျိုးသည် သူနှင့်အတူ ကိုယ်လည်းထပ်တူပဲဟူသည့် သဘောမျိုးကို သက်ရောက်စေသဖြင့် သူအမှားလုပ်လျှင်၊ ကိုယ်လည်း အမှားလုပ်မည် ဖြစ်ပြီး သူမကောင်းလျှင် ကိုယ်လည်းမကောင်းနိုင်သည့် သဘောမျိုးကို ဆောင်နေပေ၏။ ထိုသို့သာ သူနှင့်အတူ ပြိုင်နေမည်ဖြစ်ပါက သူလည်းမလျော့ ကိုယ်လည်းမလျော့ဘဲ ကြာလေးဆိုးလေ အဖြစ်သို့သာ ရောက်သွားနိုင်ပေ၏။
 
စင်စစ် နေရသည့် အခိုက်အတန့်သည် ကြာလှသည့် သဘောမျိုး မဟုတ်သဖြင့် လူအချင်းချင်း သူပြိုင်ကိုယ်ပြိုင် အတူပြိုင်ခြင်းဖြင့် ကောင်းမြတ်သည့် အကျိုးသက်ရောက်မှုသည် မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်လှပေ။ သူက မီးယူလာလျှင် ကိုယ်ကရေးပေးမှသာ မီးငြိမ်းစေနိုင်မည့် သဘောရှိ၏။ သူကဒေါသထားလျှင် ကိုယ်ကမေတ္တာပွားနိုင်မှ သူ့ဒေါသလည်း ပြေပျောက်ပြီး ကိုယ့်အတွက်လည်း အကုသိုလ်အဖြစ် သက်သာမည်သာ ဖြစ်၏။ သူကမပေးလျှင် ကိုယ်ကပေးကြည့်မှ သူလည်းပေးလာမည် ဖြစ်ပြီး သူကမှားနေလျှင် ကိုယ်က မှန်ပြမှသာ သူလည်းအမှန် ရောက်လာနိုင်မည် ဖြစ်၏။ သူမကောင်းလျှင် ကိုယ်ကကောင်းပေးရမည် ဖြစ်ပြီး သူဆိုးလျှင် ကိုယ်ကရိုးပေးမှသာ သူလည်းတစ်မျိုး အေးလာမည် ဖြစ်၏။ ဤသည်မှာ ဗုဒ္ဓအလိုရှိသည့် ဆန့်ကျင်ဘက်ဖြင့် ငြိမ်းအေးခြင်းသဘော၊ ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူခြင်းသဘောမျိုး ဖြစ်၏။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment