Saturday, 2 July 2011

[Big Brothers & Sisters] New doc: တူတော့တူတယ်၊ ဒါပေမယ့်

created the doc: "တူတော့တူတယ်၊ ဒါပေမယ့်"
Rozoner King created the doc: "တူတော့တူတယ်၊ ဒါပေမယ့်"

[By Lu Cifer]

 

"ဟေ့… အကြပ်လောင်းသင်တန်းကျောင်း ဘောလုံးကွင်းထဲမှာ ရုပ်ရှင်ပြမယ်တဲ့ ဟေ့"

ဝမ်းသာကြည်နူးတဲ့စိတ်နဲ့ ပျော်မြူးနေတဲ့ ညီမလေးရဲ့အခြေအနေမြင်ကွင်းက ကိုယ်တွေဆီကိုပါ စီးကူးစေ၏။ ကျနော် တို့ နေတဲ့ ရွာကလေးနဲ့ မနီးမဝေးမှာ အကြပ်လောင်းသင်တန်းကျောင်း၊ အမှတ် (၆) တပ်မတော်ပညာရေးကျောင်းနဲ့ အမှတ်(၂) သံချပ်ကာတပ် တို့အခြေပြု၏။ နေ့ထူးနေ့မြတ် (ဝါ) သင်တန်းဆင်းပွဲ ရှိတဲ့အခါမျိုးမှာ ရုပ်ရှင်ပိတ်ကားကြီး တွေ ပြလေ့ရှိ၏။

 

အနီးဝန်းကျင်က ဒေသခံတွေကို တံခါးမရှိ ဓါးမရှိ ဝင်ထွက်ကြည့်ရှုခွင့်အပြင် ဈေးရောင်းခွင့်ပါပေးတာမို့ စည်ကားပြီး အတော်လေးကိုပျော်စရာကောင်း၏။ ဒီလိုနေ့မျိုးမှာ ဘယ်အိမ်ကိုပဲကြည့်လိုက် ကြည့်လိုက် ဘယ်သူ့ကိုပဲ ကြည့်လိုက် ကြည့်လိုက် ကိုယ်လုပ်စရာရှိတာလေးတွေကို မိုးမချုပ်မီမြန်မြန်လေးလုပ်ကြ ရေမြန်မြန်ချိုး ထမင်းမြန်မြန်စားပြီး ရုပ်ရှင် ပြတဲ့နေရာကို ကြည့်ကြလေရဲ့။

 

ရုပ်ရှင်က ည (၈) နာရီလောက်မှ ပြလေ့ရှိတာမို့ ရဲဘော်တွေ တပ်မိသားစုတွေနဲ့ ဒေသခံရွာသူရွာသားတွေ ဈေးတန်း လှည့်ပြီး ခံတွင်းတွေ့မယ်ထင်တဲ့ အစားအစာတွေဝယ်ကြ ခြမ်းကြ စားသောက်ကြနဲ့ ဘယ်ဟာက စစ်သား ဘယ်ဟာ က အရပ်သား ဘယ်ဟာက တပ်မိသာစုဆိုပြီး ခွဲမရအောင် ရှိနေ၏။ တပ်နဲ့ပြည်သူ တသားတည်းရှိတဲ့မြင်ကွင်းဆိုတာ ဒါကို ဆိုတာထင်ပါတယ်။ အနာဂတ်ကို ကြိုတင်သိမြင်နိုင်တဲ့ ဥာဏ်နဲ့ မျက်လုံးသာရှိခဲ့ရင် အဲဒီနေ့က… အဲဒီနေရာကို ကျနော် သွားဖြစ်မယ်မထင်။ အကြောင်းကတော့ ကျနော့်ရည်ရွယ်ချက် ရည်မှန်းချက်တွေ ပြောင်းလဲစေခဲ့လို့ပေါ့။ ဖြစ် ချင်တာက အင်ဂျင်နီယာ ဖြစ်သွားတာက စစ်သား…။

 

ရုပ်ရှင်ကို တပ်မတော်နယ်လှည့် မော်ကွန်းရုပ်ရှင်အဖွဲ့က ပြတာမို့ နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းပြီးရင် "နိုင်ငံ တော် ကာကွယ်ရန် သင့်အား တပ်မတော်မှ အလိုရှိသည်" ဆိုတဲ့ ကြော်ငြာလေးကို ဦးစားပေးပြလေ့ ရှိတယ်။ အစဉ် အလာတွေပြီးဆုံးတော့ ဇာတ်ကားအမည်ထိုးချိန်မှာ လက်ခေါက်မှုတ်သံတွေ (ဟေး…..) လို့ အော်ဟစ်သံတွေ တခဲ နဲ့ ထွက်ပေါ်လာ၏။

 

မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနဲ့ တပ်မတော်ရဲ့ဂုဏ်ကို မြင့်တက်စေတဲ့ ဝါဒဖြန့်ချိရေးကား "အမိမြေမှ သားကောင်းများ" ဆိုတဲ့ ဇာတ်ကားဖြစ်၏။

ပြည်တွင်းစစ်နဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေပေါ့။ ကောင်းဆိုး ဝေဖန်ပိုင်းခြားနိုင်တဲ့ အရွယ်မဟုတ်လေတော့ တမြေထဲနေ တ ရေထဲသောက် ညီနောင်များပါလား ဆိုတဲ့ အသိကမရှိ သောင်းကျန်းသူဆိုပြီး မုန်းလိုက်တာ နာကျည်းလိုက်တာ ပြော မနေပါနဲ့တော့ဗျာ။ ရန်သူ့ဘက်က မိုင်းထိရင်ပဲဖြစ်ဖြစ် ကျည်ဆံထိရင်ပဲဖြစ်ဖြစ် တီးလိုက်ရတဲ့လက်ခုတ် မှုတ်လိုက်ရတဲ့ လက်ခေါက် လက်ဝါးတွေကြိမ်းစပ်ပြီး အာခေါင်တွေခြောက်လာတဲ့အထိ ပါပဲ။

 

စစ်သားတယောက် ထိခိုက်ဒဏ်ရာရသွားလို့ကတော့ ထွက်လိုက်တဲ့ဒေါသ ပြောမပြတတ်အောင်ပဲဗျာ။ ငယ်ရွယ်တက် ကြွပြီး သွေးဆူတတ်တာမို့ နာကျည်းစိတ်နဲ့အတူ အမှန်အမှားမသိတဲ့ မျိုးချစ်စိတ်တွေ ရင်ထဲမှာ တဖွားဖွား ပေါ်ပေါက် ပြီး တထိုင်တည်းဆုံးဖြတ်ချက်ချလိုက်တာက "ငါ စစ်တပ်ထဲ ဝင်မယ်" ဇာတ်ကားပြီးတဲ့အချိန်မှာ ထိုးလိုက်တဲ့ စာတမ်း လေးက ကြက်သီးတောင်ထတယ်ဗျာ။

 

"ငါ့သားများ စစ်ထဲဝင်ရင်လေ… သူ့ကို ပြောလိုက်ပါ စစ်တပ်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် ယောက်ကျားကောင်း ယောက်ကျားမြတ်တွေ မွေးထုတ်ရာ ကျောင်းတော်ကြီးပေါ့"

 

စာပိုဒ်အဆုံးမှာ ယောက်ကျား ကောင်း ယောက်ကျားမြတ် ဖြစ်ဖို့ စစ်ထဲဝင်မယ်ဆိုတဲ့ သံဓိဋ္ဌာန်စိတ်က ငယ်ထိပ်ကို တက်ဆောင့်လေ၏၊

"အဖေ.. သား တပ်ထဲဝင်မယ် အဖေ" လို့ ပြောလိုက်တော့ အံ့သြမှင်သက်တဲ့ မျက်လုံးနဲ့ စိုက်ကြည့်ပြီး

"သေချာရဲ့လားကွ…"

"သေချာပါတယ် အဖေ.."

 

"အေးလေ..ဒါဆိုလည်း မတိုက်တွန်းသလို မတားမြစ်တော့ပါဘူးကွာ။ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းကို အကောင်း ဆုံးနဲ့ ဖြောင့်ဖြောင့်လျှောက်နိုင်အောင် ကြိုးစားပေါ့ကွာ.. အခြေအနေ အချိန်အခါရဲ့တောင်းဆိုမှုကြောင့် ဖြစ်ထွန်းပေါ် ပေါက်လာတဲ့ ဘယ်အရာမဆို တန်ဖိုးရှိတယ်ကွ။ မူလရှိရင်းစွဲတန်ဖိုးထက် ပိုလာအောင် (ဝါ) ကျဆင်းဆုတ်ယုတ် သွားအောင် တိုက်ရိုက်ထိတွေ့ရတဲ့ ပတ်ဝန်းကျင်နဲ့ အင်အားစုမှတပါး တခြားမရှိဘူး ဆိုတာ နားလည်ထားပေါ့ကွာ"

 

"သား…..သဘောမပေါက်ဘူး အဖေ"

"အေးလေ …..အခု မင်းသဘောပေါက်အောင်ရှင်းပြဖို့ ခက်သားကွ.. လောကမှာ ဘယ်အရာမဆို တစုံ တခုအတွက် တော့ ကောင်းကျိုးပြုတာချည်းပဲ။ ကိုယ့်ရည်မှန်းချက်တခုကို ရွေးချယ်လျာထားပြီးတဲ့နောက်မှာ အရင်ဆုံးလုပ်ရမှာက ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး တိတိကျကျ ရေရေရာရာ သိအောင်ကြိုးစားပေါ့ တချိန်မှာ ထပ်တူကျ တဲ့ ဖြစ်စဉ်တွေကြုံလာရရင် ရှင်းသွားမှာပါကွာ" ဆိုပြီး ဘာမှ ဆက်မပြောတော့ဘဲ ဆေးလိပ်ကိုဖွာရင်း တခြားနေရာကို ငေးနေလေရဲ့။

 

ဘာလဲ… ဘာလဲ… ဘာကိုဆိုလိုတာလဲဆိုတာ စဉ်းစားလို့လည်းမရ မေးတော့လည်းမဖြေတာမို့ ရင်ထဲမှာ မွန်းကြပ်စေ ခဲ့တယ်။

အိမ်စီးပွားရေးကလည်းကျပ် ပညာရေးကလည်း တပိုင်းတစနဲ့ လမ်းခုလတ်မှာရပ် ဖျတ်ခနဲ့ပေါ်လာတဲ့ စိတ်နဲ့အတူ ချခဲ့ တဲ့ဆုံးဖြတ်ချက်ကြောင့် ဘောလ်ပင်ကိုင်တဲ့လက်မှာ သေနတ်ဆိုတဲ့အရာကို ပြောင်းကိုင်ဖြစ်ခဲ့တယ်။  စည်းကမ်းတ ကျနဲ့ အမိန့်နာခံတတ်အောင် အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံနိုင်အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ နည်းမျိုးစုံသုံးပြီး နှိပ် စက်ခံ နားမခံသာအောင် အဆဲအဆိုခံရင်း အခြေခံစစ်ပညာသင်တန်း ကျောင်းဆိုတဲ့ ငရဲပြည်က (၆) လအကြာမှာ လွတ်မြောက်လာတော့  ရင်ထဲမှာ တအားပျော်တာပဲဗျာ။

 

စစ်မှုထမ်းဖြစ်လာမှတော့ "အထက်ကပေးသော အမိန့်နဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါမည်။" ဆိုတဲ့အ တိုင်း ငြင်းဆန်ခွင့်မရှိ လုပ်ရပါ၏ ဆိုတာမဆန်းပါဘူး။

 

ခံယူချက်- NO ရည်မှန်းချက်.. မရှိ၊ စစ်တပ်သမိုင်းကြောင်း ငါမသိ ဆိုတာမျိုးနဲ့ ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ် ဆိုတဲ့ တုတ်တုတ်တောင်လှုပ်မရတဲ့ အမိန့်နာခံမှုအောက်မှာ ဆယ်စုနစ်တခု လွန်မြောက်ခဲ့ပါ၏။ အတွေ့အကြုံ အ သက်ရွယ်နဲ့ သိမြင်ခြင်းဆိုင်ရာ ဗဟုသုတလေးမဆိုသလောက် ဦးနှောက်ထဲ ဝင်ရောက်လာချိန် …

"ဟိုက်!" မူဝါဒ၊ ကျင့်ဝတ်၊ ကျင့်ထုံးတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါလား။

 

"အမိန့်" ဆိုတဲ့ ဝေါဟာရနဲ့ အရာရာကိုဖုံးအုပ် ပုံဖျက်ခံနေရပါတယ်။ အသိမီးသီးလေး ထွန်းလင်းချိန်မှာ မွန်းကြပ်မှုနဲ့ အတူ မပျော်ပိုက်မှုက တူးဆွတဲ့ တွန်းအားကြောင့် …

မင်းဘာလုပ်မလဲ… မင်းဘာလုပ်မလဲ… မင်းဘာလုပ်မလဲ ….

 

သားရေ… အဖေတို့ ရှေ့တန်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်ရတဲ့ နယ်မြေဒေသက ရွာတွေကိုရောက်ရင် ပျော်လိုက် တာ။

 

ဘာကြောင့်လဲဆိုတော့ကွာ… စားဖို့လည်း မခဲရင်း တည်းခိုနေထိုင်ဖို့လည်း မခက်ခဲဘူးကွ ဒေသခံရွာသူရွာသား တွေ အိမ်မှာမွေးထားတဲ့ ကြက်၊ ဘဲ ကိုယ်တိုင်ရိုက်ချက်ပြီးကျွေးတာ စားရမှာတောင်အားနာတယ်ကွာ။ အရေးကြုံလို့ ခရီးသည်တင်ကား စီးပြီးသွားရရင်လည်း ကိုယ်ထက်ကြီးသူကော ငယ်သူတွေပါ "ရဲဘော်လေး ဒီမှာလာထိုင်"ဆိုပြီး နေရာဖယ်ပေးကြတယ်။ အင်္ကျီးအိတ်ကပ်ကြယ်သီးဖြုတ်ပြီး ခပ်နွမ်းနွမ်းပိုက် ဆံလေးတွေထုတ်ပြီး ကားခပေးရင် "နေပါစေ…ရဲဘော်လေး ထားလိုက် ထားလိုက် မယူပါရစေနဲ့"

ဆိုပြီး အိတ်ထဲ ပြန်ထည့်ပေးတယ်။ ဒါက ပြည်သူတွေဘက်က နွေးထွေးမှုပုံရိပ်တွေပေါ့ သားရယ်…။

 

အဖေတို့ကလည်း လူကြီးကအစ ကလေးအဆုံး မနိုင်ဝန်ထမ်းလာတာတွေ့ရင် ပေး ပေး ပေး ကျနော် တို့သယ်ပေးမှာ ပေါ့ဆိုပြီး အတင်းဝင်ကူကြတယ်။ အားလပ်ချိန်တွေမှာလည်း ဒေသခံတွေရဲ့ ခြံ၊ တောင်ယာတွေမှာ ဝိုင်းစိုက်ကြ ဝိုင်း လုပ်ကြရတာ ဘာနဲ့မှ မတူတဲ့ပျော်ရွှင်မှုတွေပေါ့။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး ကွ ကိုယ့်အတွက်ရထားတဲ့ ရိက္ခာတွေထဲက နို့ဆီတို့ ပဲတို့ သကြားတို့ အစရှိတဲ့ ကိုယ့်သွေးကိုယ့်ချွေးနဲ့ ရင်းနှီးပေးဆပ်ပြီးရတဲ့ စားသောက်ဖွယ်ရာ တွေကို တုန့်ပြန်ပေးကျွေးရတာ တကယ်ကြည်နူးတယ်ကွာ..။

 

 

 

တခါက သူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ တပ်နဲ့ပြည်သူ အမြဲကြည်ဖြူဆိုတဲ့ ဆက်ဆံမှုပုံသဏ္ဌာန်တွေကို အားပါးတရ ပြော ပြခဲ့တဲ့ အဖေ့အသံဟာ နားဝမှာ ပဲ့တင်သံထပ်နေပါရော့လား။ အဖေ့ရဲ့အတွေ့အကြုံဟာ သားဖြစ်ပုံနဲ့ ထပ်တူပြုကြည့် တော့ "ဟုတ်မှ ဟုတ်ပါ့မလား…. အဖေ ရွှီးနေတာလား မသိ" ဆိုတဲ့ မတွေးကောင်း မတွေးအပ်တဲ့ အတွေးတောင်မှ ခေါင်းထဲမှာပေါ်ပေါက်ခဲ့ဖူးတာ မညာပါဘူးဗျာ။

 

ကျနော့် ဘဝကို ပြောင်းလဲစေခဲ့တဲ့ ညရဲ့ အ..ကာလကို လွန်မြောက်လို့ တမိုးသောက်ချိန်မှာ ကျနော် တပ်ထဲဝင်မယ် လို့ ပြောဆိုခွင့်တောင်းစဉ်က အဖေပြောခဲ့တဲ့ "အခြေအနေ အချိန်အခါရဲ့တောင်းဆိုမှုကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာ တဲ့ ဘယ်အရာမဆို တန်ဖိုးရှိတယ်ကွ။ မူလရှိရင်းစွဲတန်ဖိုးထက် ပိုလာအောင် (ဝါ) ကျဆင်းဆုတ်ယုတ်သွားအောင် တိုက်ရိုက်ထိတွေ့ရတဲ့ ပတ်ဝန်းကျင်နဲ့ အင်အားစုမှတပါး တခြားမရှိဘူးဆိုတာ နားလည်ထားပေါ့ကွာ..။

ဆိုတဲ့စကားတွေကို သဘောပေါက်တော့တယ်။ တကယ်တုံးတဲ့ငါ တကယ်အတဲ့ငါ ဆိုပြီး နောင်တ ရမိလေရဲ့။

 

 

 

သမိုင်း ရေးလိုအပ်ချက်အရ ပြည်သူတွေကြားက သန္ဓေတည်ပေါက်ဖွားလာတဲ့ BIA, BDA, PBF, Burma Army ဆိုပြီးတော့ ဆင့်ကဲဆင့်ကဲဖြစ်ထွန်းလာတဲ့ စစ်တပ်ဆိုတဲ့အဖွဲ့အစည်းဟာ ထင်ပေါ်ကြော်ကြား လူကြိုက်များရာက မှေးမှိန်ညှိုးနွမ်း အောင် စစ်တပ်ကို စစ်သားတွေက (အဆင်အတန်းအားလုံး) ပုံဖျက်လိုက်ကြတာပါလား ရှင်းရှင်းလေး သိမြင်လိုက် လေ၏။

 

မကျေမနပ်မှုလေးတွေနဲ့အတူ အဖေ့ကို အားကျမခံ တုံ့ပြန်ကြွားလိုက်ချင်တာက အဖေတို့တုန်းကလိုပဲ …

ပြည်သူလူထုက ပေးဆဲပါ ဒါပေမယ့် စေတနာကြောင့်တော့ မဟုတ်ဘူး မပေးရင်မရလို့ ကားစီးရင်လည်း နေရာဖယ် ပေးဆဲပါ ဒါပေမယ့် လေးစားလို့မဟုတ်ဘူး စစ်ဖိနပ်နဲ့ ကြိတ်ကြိတ်ပြီး အနင်းခံရလို့ ကားခလည်း မယူပါဘူး ဒါပေမယ့် သဘောကောင်းလို့တော့ မဟုတ်ဘူး ပြဿနာရှာမှာစိုးလို့ ဒီလို တူညီမှုလေးတွေကြောင့် ကျနော့်ရင်ထဲမှာ အော်လိုက်မိတာက-

 

အဖေရေ… တူတော့တူတယ်၊ ဒါပေမယ့် …

 

ဇေယျာ (တပ်ပြေး)

မှတ်ချက် … ကလောင်ရှင် နေမင်းသူရဲ့ အမိန့်၊ စည်းကမ်းနဲ့ ကျင့်ဝတ်ဆိုတဲ့ဆောင်းပါးကို ဖတ်ရချိန်မှာ ကိုယ်ဖြတ် သန်းခဲ့ရတဲ့ အခြေအနေဖြစ်ရပ်ကို အခြေခံရေးဖွဲ့ပါ၏။ တပ်မှူးကောင်း တပ်သားကောင်းများကို မရည်ညွှန်းရပါ ကြောင်း ရိုးသားစွာ ဝန်ခံပါသည်။ (အားနည်းချက်များ ရှာဖွေပြုပြင်နိုင်ကြပါစေ)

 

June 30, 2011

http://www.naytthit.net/?p=14950


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment