Friday, 1 July 2011

[Big Brothers & Sisters] New doc: "လမ်းပေါ်က အမှတ်တရများ "

created the doc: ""လမ်းပေါ်က အမှတ်တရများ ""
Rozoner King created the doc: ""လမ်းပေါ်က အမှတ်တရများ ""

[By Thaung Hein]

လမ်းပေါ်က အမှတ်တရများ

 

 

ကျွန်မဘ၀မှာ စိတ်ဝင်စားတဲ့ အကြောင်းအရာများစွာ အနက် နှစ်ခုထဲကို ရွေးပါလို့ သူငယ်ချင်းတချို့က မေးလာတဲ့အခါတိုင်း စာဖတ်ခြင်းနဲ့ ခရီးထွက်ခြင်းကို ကျွန်မရွေးချယ်လေ့ရှိပါတယ်။ စာဖတ်၊ စာသင်၊ စာရေးရင်းက ခရီးတွေ ရံဖန်ရံခါ ထွက်ရတဲ့ တကိုယ်ရေတကာယ လွတ်လပ်တဲ့ ဘ၀လေးတခုကို ဖိနှိပ်မှုတွေ ကင်းဝေးသွားတဲ့ အမိမြေမှာ တည်ဆောက်ခွင့်ရရေးဟာ ကျွန်မရဲ့ ဘ၀ရည်မှန်းချက် ပန်းတိုင်လေးပါ။ ကျွန်မ ငယ်ငယ်လေးကတည်းက ခရီးထွက်ရတာကို အရမ်းနှစ်သက်ပါတယ်။ အိမ်က ရပ်ဝေးခရီးသွားမယ်ဆိုရင် ကျွန်မ သိပ်ပျော်တာပဲ။ အရွယ်ရောက်လာတဲ့အခါကျတော့လဲ အခါအခွင့်ကြုံတိုင်း ခရီးထွက်ပါတယ်။ ခရီးတွေထွက်ရင်း လမ်းပေါ်မှာ ကြုံရတဲ့ အမှတ်တရလေးတွေကလဲ အများအပြားပါပဲ။ ဒီအမှတ်တရ လေးတွေထဲမှာ ဖြစ်ရပ်လေး (၄) ခုကိုတော့ မှတ်မှတ်ရရ ပိုရှိနေတတ်ပါတယ်။

 

 

 

ဖြစ်ရပ် (၁)

 

အချိန်က (၁၉၈၀) အလွန်ကာလ။

ဖေဖေ့ညီမရဲ့ မင်္ဂလာပွဲကို သွားဖို့အတွက် သားသမီးနှစ်ယောက်ကို ကားပေါ်တင်ပြီး ဖေဖေနဲ့ မေမေက တောင်ကြီးကနေ ရန်ကုန်ကို ခရီးထွက်ပါတယ်။ ဒီတုန်းက ကျွန်မက အသက် ငါးနှစ်လောက်ပဲ ရှိပါသေးတယ်။ မောင်လေးက နှစ်နှစ်ကျော်၊ သုံးနှစ်လေး။

 

ဖေဖေက ကားမောင်းသူပါ။ ဒီခရီးကို ဦးဆောင်ထွက်လာသူကလဲ ဖေဖေပါ။ ဒီလိုနဲ့ လမ်းခရီးရောက်တော့ မောင်လေးက ကားမူးပြီး တလမ်းလုံး တောက်လျှောက်အန်ပါတယ်။ ကားက လမ်းမှာ ရပ်လိုက်၊ ဆက်မောင်းလိုက်နဲ့ ခရီးမတွင်ပါဘူး။ ပျဉ်းမနားကို ရောက်တော့ မောင်လေး အခြေအနေက တော်တော်ဆိုးနေပါပြီ။ ညကလဲ တော်တော်ညဉ့်နက်နေပါပြီ။ ဒီအချိန်မှာ ဖေဖေက ရန်ကုန်မရောက်ရောက်အောင် အတင်းစွတ်မောင်းပြီး ခရီးကို ဆက်သွားလို့ မဖြစ်တော့ဘူးဆိုတာ သဘောပေါက်သွားပါတယ်။ ကျွန်မမှာလဲ ကားနောက်ခန်းမှာ အိပ်လိုက်၊ မောင်လေး ငိုရင် ထကြည့်လိုက်။ မောင်လေးက အတော်အားနည်းနေပါပြီ။ မေမေ့မှာကလဲ သောက်ဆေးပဲ ပါလာပြီး ဆေးဝါးက မပြည့်စုံ။

 

အဲဒီအချိန်မှာ ဖေဖေက မေမေနဲ့ မောင်လေးကို ဆေးရုံကို လိုက်ပို့ဖို့ စဉ်းစားခဲ့တယ်လို့ မေမေက ပြန်ပြောဖူးပါတယ်။ ဒီအချိန်မှာ မေမေက စဉ်းစားခဲ့ပါတယ်။ ဆေးရုံကို သွားဖို့အထိက မလိုအပ်။ မေမေကိုယ်တိုင်က ဆရာဝန်။ လိုအပ်နေတာက ဆေးပဲ လိုအပ်တယ်။ မောင်လေးကို ဆေးတချောင်းထိုးပေးဖို့ လိုအပ်နေတယ်။ ပြီးတော့ ဆေးရုံသွားခဲ့မယ်ဆိုရင် ဆေးရုံတက်တာ၊ ဆေးရုံဆင်းတာတွေက အခုတက်၊ အခုဆင်းလုပ်လို့ရတာ မဟုတ်။ အားလုံးလဲ ခရီးပန်းနေတာကြောင့် အိပ်ငိုက်နေကြပြီလို့ သုံးသပ်ပြီး၊ စားသောက်ဆိုင်တခုမှာ မြို့နယ်ဆရာဝန်ကြီး လိပ်စာကို မေးပါတယ်။ ပြီးတော့မှ ဆရာဝန်ကြီး အိမ်ကိုသွားပြီး အကျိုးအကြောင်းပြောပြ၊ ဆေးတောင်းတော့ ဆေးကလဲ အဆင်သင့်ရှိနေတာမို့ မောင်လေးကို ကုပေးနိုင်ခဲ့ပါတယ်။ တည်းခိုခန်းကိုတောင် အသွားမခံပဲ သူတို့ အိမ်မှာပဲ တည်းခိုခိုင်းခဲ့ပါတယ်။

 

ဒီတုန်းက ခရီးကို ဦးဆောင်ထွက်လာတာက ဖေဖေ။ လမ်းမှာ ကြုံရတဲ့ ကိစ္စတွေမှာ အစစအရာရာ ဦးဆောင်ဖြေရှင်းနေတာက မေမေ။ ဘာမှန်းသေချာ မသိပေမယ့် မေမေက ဟိုလူနဲ့ပြော၊ ဒီလူနဲ့တွေ့၊ လုပ်စရာရှိတာတွေကို ရှေ့က ဦးဆောင်လုပ်၊ ဖေဖေက နောက်ကနေ ဟိုပြုံးပြ၊ ဒီပြုံးပြ အဖြစ်လေးကို မျက်စိထဲက မထွက်တော့ပါ။ ဒီအဖြစ်လေးကို နောက်ပိုင်းမှာ ပြန်တွေးမိတိုင်း လူတိုင်းမှာ သူ့အစွမ်းအစနဲ့ သူ ရှိတာမို့ အမြဲတမ်းခေါင်းဆောင်ဆိုတာ မရှိနိုင်ဘူးလို့ ကောက်ချက်ချလိုက်မိပါတယ်။ ဖေဖေဦးဆောင်ထွက်လာတဲ့ ခရီးလမ်းပေါ်မှာ အခြေအနေအရ မေမေက ဦးဆောင်သူဖြစ်သွားခဲ့ပါတယ်။ ဒါကို ဖေဖေကလဲ ကျေကျေနပ်နပ်နဲ့ နောက်က လိုက်လုပ်ပေးခဲ့ပါတယ်။ သူလုပ်တယ်၊ ငါလုပ်တယ် ဆိုတာကအရေးမကြီး။ အရေးကြီးတာက မောင်လေးရဲ့ ကျန်းမာရေး။ ဘုံအကျိုးစီးပွားကို ကြည့်လာချိန်မှာ သူလုပ်တာ၊ ငါလုပ်တာဆိုတာတွေက အဓိက မကျတော့ဘူးဆိုတာကိုလဲ နောက်ပိုင်းမှာ စဉ်းစားလာမိခဲ့ပါတယ်။

 

ဖြစ်ရပ် (၂)

 

အချိန်က (၁၉၉၇) ခုနှစ်။

ဒီအချိန်မှာတုန်းက ကျွန်မ ရန်ကုန်ကို ခေတ္တသွားနေဖြစ်ခဲ့ပါတယ်။ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်း၊ စီးပွားရေးစီမံခန့်ခွဲရေးသင်တန်း စတဲ့ ခေါင်းစဉ်တွေအောက်မှာ ဆယ်တန်းအောင်ပြီးစ လူငယ်တယောက်ရဲ့ ကျောင်းပြင်ပ ဘ၀ကို စူးစမ်းလိုစိတ်တွေက ဒွန်တွဲလျက်။

 

အဲဒီအချိန်မှာပဲ မှတ်မှတ်ရရ ဝေါ ရေဘေး ဖြစ်ပါတယ်။ ရေဘေးသတင်းကို သယ်ဆောင်လာတာက ဖွားဖွားရဲ့ မိတ်ဆွေတွေပါ။ လူတွေ ဘယ်လိုဒုက္ခရောက်ကြတာ၊ တံတားကျိုးလို့ ရထားခေါင်းတွဲ စိုက်ကျသွားတာ စတာတွေကို ကြားကြားချင်း ဖွားဖွားက ကျွန်မကို အ၀တ်အစားချက်ချင်းသွားလဲ ခိုင်းပါတော့တယ်။ ပြီးလဲ ပြီးရော မြေးအဖွားနှစ်ယောက် ရန်ကုန်မြို့အနှံ့က ဖွားဖွားရဲ့ အသိအကျွမ်းမိတ်ဆွေတွေဆီ အလှူခံ ထွက်ကြပါတော့တယ်။

 

ဖွားဖွားရဲ့ အသိအကျွမ်း မိတ်ဆွေတွေထဲမှာ ကျောက်မျက်ရတနာ အလုပ်လုပ်နေသူတွေ များတာမို့ အလှူငွေက အတော်ရပါတယ်။ တချို့က သူတို့ မိတ်ဆွေတွေပါ ခေါ်ပြီး ရေဘေးကယ်ဆယ်ရေးလိုက်မယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ဖွားဖွားက ဦးဆောင်ပြီး လူငယ်တချို့နဲ့ ကျွန်မတို့တွေ ဝေါနယ်ဘက်ကို ခရီးထွက်ဖြစ်ကြပါတော့တယ်။ ဒီတုန်းက လမ်းတွေက ပျက်၊ ရေတွေကကြီးနဲ့ ဝေါမြို့က မိတ်ဆွေတွေအိမ် ရောက်ချိန်မှာ အိမ်အောက်ပိုင်းက ရေမြှုပ်နေလို့ အိမ်ပေါ်ထပ်မှာပဲ နေကြရပါတယ်။ အနီးအနားတ၀ိုက်က ရွာတွေကို လှည့်လည်ပြီး၊ စားသောက်ကုန်တွေ ပေးကြတော့ ဘုန်းတော်ကြီးကျောင်းတွေ သွားတဲ့အခါ ကားလမ်းမပေါ်ကနေ လှေနဲ့ သွားရပါတယ်။ ရေဘေးဒုက္ခသည်တွေက အများအပြား။

 

ဒီလိုနဲ့ ရန်ကုန်ပြန်လိုက်၊ စားသောက်ကုန်တွေ ၀ယ်လိုက်၊ ခရီးထပ်သွားလိုက်နဲ့ သုံးလေးခေါက် သွားဖြစ်ကြတာ တခါမှာတော့ ကျွန်မတို့ စီးသွားတဲ့ ကားက ပျက်ပြီး၊ နောက်က ဆန်အိတ်တွေ သယ်လာတဲ့ ကားပေါ်မှာ စုထိုင်ရင်း သွားကြရပါတယ်။ အဲဒီမှာ နိုင်ငံရေးသမား အများစု တက်ရောက်ရလေ့ရှိတဲ့ ဘ၀တက္ကသိုလ်က ဆင်းလာသူတချို့၊ သာယာဝတီ ဘ၀တက္ကသိုလ်မှာ ရောက်နေသူထံကို လစဉ်သွားတွေ့နေရတဲ့ အမျိုးသမီးတယောက်နဲ့ သူ့သူငယ်ချင်းတွေလဲ ပါလာကြပါတယ်။ ဆန်အိတ်တွေပေါ်မှာ စကားထိုင်ပြောနေကြရင်း တခါတရံ ရယ်စရာတွေ ပြောတဲ့အခါ အသက် ရှစ်ဆယ်နီးပါး ဖွားဖွားက သဘောကျပြီး ရယ်လိုက်တာများ မျက်ရည်တောင်ထွက်လို့။ ဖွားဖွားမျက်နှာက ပကတိကင်းစင်ပြီး ဒီလို ဒုက္ခရောက်နေသူတွေဆီ သွားကူညီရတာကို ပီတိတွေ ဖြစ်နေလိုက်တာ။

 

ကျွန်မ တွေးမိခဲ့ပါတယ်။

ဒီလိုသွားဖို့ ဖွားဖွားကို ဘယ်သူကမှလဲ လာပြောတာ မဟုတ်။ မသွားလဲ ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်။ လူသားချင်းစာနာမှုနဲ့ သူ့ဘာသာသူ တာဝန်လေးတခု ၀င်ယူခဲ့တာပါ။ ပထမဆုံးခရီးစဉ်မှာ ဘုန်းကြီးကျောင်းတခုကို ရောက်တုန်းက ဘုန်းတော်ကြီးက မိန့်ပါတယ်။ ကျောင်းမှာ ရေဘေးဒုက္ခသည်တွေ အများအပြားရောက်လာပြီး၊ စားနပ်ရိက္ခာအတွက် စဉ်းစားမိချိန်မှာ ရေဘေးကယ်ဆယ်ရေး လာကြမှာပါလို့ မျှော်ခဲ့သေးတယ်။ ဒါပေမယ့် ပထမဦးဆုံးကျောင်းကို ရောက်လာသူတွေကို အသက်ရှစ်ဆယ်နီးပါး အဖွားတယောက်က ဦးဆောင်လာမယ်လို့တော့ ထင်မထားမိဘူးတဲ့။

 

လောကမှာ အသက်အရွယ်ကြီးတာ၊ ငယ်တာက ပဓာန မဟုတ်။ ရင်ထဲက စေတနာနဲ့ လုပ်ရည်ကိုင်ရည်ကသာ အဓိက။ ကားလမ်းပေါ်ကနေ လှေပေါ်ကို လှမ်းတက်တဲ့ အဖွားရဲ့ ခြေလှမ်းတွေ ယိုင်ချင်ယိုင်နေခဲ့လိမ့်မယ်။ ဆန်အိတ်တွေ၊ စားသောက်ကုန်တွေကို ကားပေါ်က ချချိန်မှာ အဖွားကိုယ်တိုင် ၀င်ပြီး မသယ်မနိုင်ပဲ ဖြစ်ချင်ဖြစ်နေခဲ့လိမ့်မယ်။ သို့ပေမယ့် ပစ္စည်းတွေကို လိုနေသူတွေဆီရောက်အောင် သူ့ရဲ့ မေတ္တာတရား၊ စည်းရုံးရေးစွမ်းအားတွေနဲ့ လုပ်ဆောင်ပေးခဲ့ပါတယ်။

 

ကားပေါ်ကနေ ဆန်အိတ်သယ်မတာမှာ မပါလို့ဆိုပြီး အသက်ရှစ်ဆယ်နီးပါး အဖွားအိုတယောက်ကို ဘယ်သူမှ အပြစ်ဆိုဝေဖန်သူမရှိခဲ့ပါ။သူဦးဆောင်ထွက်လာသော ခရီးမှာ လိုက်လာခဲ့ကြပါတယ်။ နိုင်တဲ့ ၀န်ကို ထမ်းခဲ့ကြတယ်။ သူမလုပ်နိုင်တာတွေကို အားဖြည့်ကူညီပေးခဲ့ကြတယ်။ သူသိပ်ပင်ပန်းနေချိန်မှာ ခေတ္တနားခိုင်းပြီး အခြားရွာများသို့ အဖွဲ့ခွဲပြီး ခရီးဆက်ခဲ့ကြပါတယ်။ တခြားရွာတွေမှာ ရေတွေထဲ ဖြတ်သွားရတာမို့ ရေတွေရွှဲသူကရွှဲ။ ဒါကိုလဲ အဖွားက ဦးဆောင်လာပြီး၊ ရေထဲ လိုက်မဆင်းလာဘူးလို့ ဘယ်သူမှ ပြောမနေခဲ့ကြပါ။ သက်ကြီးရွယ်အို ရေဘေးကယ်ဆယ်ရေးအဖွဲ့ ဆိုပြီးတော့လဲ ဘယ်သူမှ ဆိုမနေကြပါ။ ဒီအချိန်မှာ အားလုံးရဲ့ စိတ်ထဲမှာ ရှိတာက ရေဘေးဒုက္ခသည်တွေလက်ထဲ စားသောက်ကုန်တွေ အမြန်ဆုံး ရောက်သွားဖို့။ ထမင်းဆာနေတဲ့ ကလေးငယ်လေးတွေရဲ့ ပါးစပ်ထဲကို ထမင်းတလုတ် ရောက်သွားဖို့။ ဒါကြောင့် ဘယ်သူဘာလုပ်နေလဲ ဆိုတာလဲ လိုက်မကြည့်နိုင်၊ ဘယ်သူဘာဖြစ်နေတယ် ဆိုတာလဲ ဝေဖန်ပြောနေဖို့ အချိန်မရ၊ သူ့အသက်အရွယ်နဲ့သူ လုပ်နိုင်တာလေး လုပ်နေတဲ့ အဖွားကိုလဲ ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ်၊ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်လို့ အပြစ်မြင်နေဖို့ အချိန်မရ။ ကိုယ်နိုင်တဲ့ဝန် ကိုယ်ထမ်းခဲ့ကြပါတယ်။

 

ဖြစ်ရပ် (၃)

 

အချိန်က (၁၉၉၉) ခုနှစ်။

ကိစ္စတခုနဲ့ တောင်ကြီးကနေ ရန်ကုန်ကို သွားဖို့ အကြောင်း ကြုံလာခဲ့ပါတယ်။ ဒါကြောင့် လေယာဉ်ခရီးထက်စာရင် ကားလမ်းခရီးကို နှစ်သက်တဲ့ ကျွန်မရဲ့ ထုံးစံအတိုင်း ခရီးသည်တင် မှန်လုံကားကြီးကို စီးသွားခဲ့ပါတယ်။ တောင်ကြီးကနေ ရန်ကုန်ကို သွားတဲ့ ခရီးသည်တင်ကားတွေက တောင်ကြီးမြို့နဲ့ ရွှေညောင်အကြားမှာရှိတဲ့ အေးသာယာဆိုတဲ့ အဝေးပြေးဂိတ်ကနေ ထွက်လေ့ရှိပါတယ်။ နေ့လည် ၁၂ နာရီခွဲ (တချို့ကားတွေကျတော့လဲ တနာရီခွဲ) လောက်နေ ထွက်ရင် နောက်နေ့ နံနက် ခုနစ်နာရီလောက်မှ ရန်ကုန်က စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်ကို ရောက်ပါတယ်။ အချိန်တော်တော်ကြာ သွားရတဲ့ ခရီးစဉ်တခုပါ။

 

အေးသာယာကနေ ရွှေညောင်၊ ဟဲဟိုး စတဲ့ မြို့တွေကို ဖြတ်ပြီးတဲ့အခါ အောင်ပန်းဆိုတဲ့ မြို့လေးမှာ တခဏ နားလေ့ရှိပါတယ်။ အဲဒီက ဆိုင်တွေမှာ လက်ဖရည်သောက်သူသောက်၊ မုန့်စားသူစား၊ ဒေသထွက် သီးနှံတွေ လက်ဆောင်ယူသွားဖို့ ၀ယ်သူဝယ်နဲ့ ပြန်ထွက်သွားပြီးရင်၊ ကလောမြို့ကနေ တဆင့် ရှမ်းတောင်တန်း အကွေ့အပတ်များကို ကျော်လွန်ပြီး၊ မြေပြန့်ဘက်ရောက်မှ ညစာစား ရပ်နားလေ့ရှိပါတယ်။

 

ဖြစ်ချင်တော့ အဲဒီနေ့က ကျွန်မစီးတဲ့ ကားက ထွက်ကတည်းက နောက်ကျပါတယ်။ အောင်ပန်းမှာလဲ အချိန်တော်တော်ကြာကို ရပ်ပါတယ်။ ခရီးသွားရင် ကားဆရာတွေကို အချိန်တွေ မမေးကောင်းဘူးဆိုလို့ တခုခုဖြစ်နေသလားလို့ စိတ်ထင့်ပေမယ့် မမေးဖြစ်ပါဘူး။ အောင်ပန်းကပြန်ထွက်တော့ ညနေပိုင်းဖြစ်နေပါပြီ။ မှတ်မှတ်ရရ ရုပ်ရှင်တကား စပြပါတယ်။ ကျွန်မတို့ ခရီးသည်တွေလဲ ရုပ်ရှင်လေးထဲ စိတ်ရောက်သွားကြပါရော။ ရန်ကုန်အ၀င် နောက်ကျမယ်လို့တော့ ကိုယ်စီ တွေးထားကြမယ် ထင်ပါတယ်။ ဒီလိုနဲ့ အရှိန်လေးရကာစရှိသေး၊ ဗြုန်းဆို ကားကြီးက ထိုးရပ်သွားပါလေရော။ ကားသမားတွေက စက်ပျက်လို့ ပြင်မယ် ပြောပါတယ်။ ဆေးလိပ်ထွက်သောက်သူမှ တပါး ဘယ်သူမှ အောက်မဆင်းကြပါဘူး။ ကားပေါ်မှာပဲ ထိုင်နေကြရင်း အချိန်တွေက တစထက် တစ ကုန်လာပါတယ်။ မှောင်စလဲ ပြုလာတော့ ဟိုမေးဒီစမ်း လုပ်လာကြပါပြီ။

 

ကျွန်မအနီးက တိုက်ပုံဝတ် ဦးလေးကြီးက ကားသမားတွေဆီ ဆင်းသွားပါတယ်။ အေးသာယာကားဂိတ်မှာကတည်းက ဌာနဆိုင်ရာ ကားတခုက လိုက်ပို့တာကို မြင်တော့မြင်လိုက်မိသား။ ကားသမားတွေနဲ့ စကားပြောရင်း သူ့ပုံစံက ခါးထောက်လိုက်၊ စိတ်ပျက်တဲ့ အမူအယာ ဖြစ်လိုက်၊ နာရီကြည့်လိုက်ဆိုတော့ ကားတစီးလုံးလဲ လှုပ်လှုပ်ရွရွ ဖြစ်လာပါတော့တယ်။ ကျွန်မလဲ မနေနိုင်တော့။ ဆင်းသွားမိပါတော့တယ်။ ကားသမားတွေက ပြင်တော့ပြင်နေကြောင်း၊ ဘယ်အချိန်ပြီးမယ် မသိကြောင်းပဲ ပြောနေပါတော့တယ်။ တစတစနဲ့ အချိန်က ည ခုနစ်နာရီလောက် ဖြစ်လာပါတယ်။ လူတွေလဲ စိတ်တိုစ ပြုလာကြပါတယ်။ ဆောင်းရာသီမို့ ချမ်းကလဲ ချမ်းပါတယ်။

 

ကားသမားတွေဆီ တခါ ထပ်ဆင်းသွားဖြစ်ပါတယ်။ အဲဒီမှာ အသက် ၂၅ လောက်ရှိတဲ့ အစ်ကိုကြီးတယောက်က ကားသမားတွေကို ခင်ဗျားတို့၊ တခုခု စီစဉ်ပေးသင့်ပြီလို့ ပြောနေတာ ကြားရပါတယ်။ ဒါနဲ့ အရေးဆိုဖို့ အဖော်တော့ ရပြီဆိုပြီး၊ တခုခု လုပ်ပေးဖို့ ၀င်ပြောလိုက်ပါတယ်။ ကားသမားတွေက သူတို့လဲ ကြိုးစားပြင်နေတာပဲ လို့ ဆိုပါတယ်။ အဲဒီမှာ သူက ပြင်မရရင်လဲ တောင်ကြီးက ကားလိုင်းတာဝန်ရှိသူတွေဆီ ဖုန်းဆက်ဖို့ ပြောပြီး၊ ကလောသွားမယ့် ကားတစီးကို လှမ်းတားပေးလိုက်ပါတယ်။ ကားသမားပြန်ရောက်လာတော့ ကားတစီး ထပ်ပြီးစီစဉ်ပေးမှာ ဖြစ်ကြောင်း၊ စီစဉ်မယ့်ကားက နောက်တနေ့ မနက် ရန်ကုန်ကနေ ရောက်လာမယ့်ကားလို့ ဆိုပါတယ်။ အားလုံး ပွစိပွစိဖြစ်ကုန်ကြပါရော။ ဒီလိုဆို တညလုံးကားပေါ်မှာ အိပ်ပြီး စောင့်ရတော့မှာ မဟုတ်လား။

 

အဲဒီမှာပဲ ခုနက တိုက်ပုံနဲ့ လူကြီးက ငါကတော့ လမ်းမှာ မအိပ်နိုင်ဆိုပြီး သူ့ခရီးဆောင်အိတ်ကို ထုတ်ခိုင်းပြီး ကားတစီး တားထွက်သွားပါတယ်။ ကလောဘက်က ဟိုတယ်တခုခုကို သွားမယ် ထင်ပါရဲ့။ ကားပေါ်မှာ ကျွန်မအမေရဲ့ မိတ်ဆွေ အထူးကုဆရာဝန်မကြီး တယောက်လဲ ပါလာပါတယ်။ သူ့ကို ကျွန်မ သွားတိုင်ပင်ပါတယ်။ ဘယ်လိုစီစဉ်ရင် ကောင်းမလဲဆိုတော့ သူကလဲ အန်တီ့မိတ်ဆွေတော့ ကလောမှာ ရှိတယ်။ အန်တီနဲ့သမီး သွားပြီး တည်းရအောင်။ မနက်ကျမှ ကလောကနေ ကားစောင့်စီးတာပေါ့၊ ကားသမားတွေကို ပြောခဲ့မယ်လေလို့ ဆိုပါတယ်။ ခရီးသည်တွေကို ကြည့်လိုက်ရင်း ဒီလိုကြီး ထားသွားရမှာကို တကိုယ်ကောင်းဆန်သလိုများ ဖြစ်မလားလို့ မဆီမဆိုင် ကျွန်မသွားတွေးလိုက်မိတယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်းဆာနေပြီ။ ကျွန်မဆာသလို သူတို့လဲ ဆာနေမှာပဲ။ အသက်ကြီးသူတွေလဲ ကားပေါ်မှာ ပါလာတယ်။ ဒါနဲ့ပဲ အန်တီနဲ့ ကျွန်မ မလိုက်သွားဖြစ်ဘူး။

 

ခုနက အစ်ကိုကြီးကို စကားသွားပြောပြီး ကျွန်မတို့တတွေ တခုခု စီစဉ်ရအောင်လို့ ညှိကြည့်တယ်။ သူက အစားအသောက်ကိစ္စ တာဝန်ယူ၊ ကျွန်မက နေရေးထိုင်ရေးကိစ္စ တာဝန်ယူနိုင်မလား မေးတယ်။ ကလောမှာက ကျွန်မနဲ့ သိတဲ့ ဘုန်းကြီးကျောင်းရှိတယ်၊ ဒါပေမယ့် ကလောက စားသောက်ဆိုင်တွေ အဲဒီအချိန်မှာဖွင့်လား၊ မဖွင့်လား မသေချာဘူး။ ဒါနဲ့ သူက ညလုံးပေါက် ဆိုင်ဖွင့်တဲ့ အောင်ပန်းကို ပြန်သွားဖို့ စဉ်းစားတယ်။ သူက ယုံကြည်ရအောင် မှတ်ပုံတင်ကတ်ကို ကားသမားတွေဆီ ထားခဲ့မယ်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော် စားလိုတဲ့ စာရင်းကို ပေးဆိုပြီး ပိုက်ဆံကောက်တယ်။ ပြီးတော့ ကားတစီးတားပြီး အောင်ပန်းဘက် လိုက်သွားပါရော။ အဲဒီအချိန်မှာ ကလောနဲ့ အောင်ပန်းကြားမှာ ကားတွေ သွားနေတာက ကျွန်မတို့အတွက် ကံကောင်းသွားတယ်။

 

ကျွန်မ တားစီးမိတဲ့ ကားက ကလောစစ်ဦးစီးတက္ကသိုလ်ဘက်ကို သွားမယ့် စစ်ကား။ အခြေအနေကို ပြောပြတော့ လိုက်ခွင့်ပြုတယ်။ ကလောက ဘုန်းကြီးကျောင်းအထိ လိုက်ပို့ပေးခဲ့တယ်။ ဘုန်းဘုန်းကလဲ တညတာတည်းခိုဖို့ ခွင့်ပြုတယ်။ စစ်ကားမောင်းတဲ့ နှစ်ရစ်နဲ့ ဆရာကြီးက သဘောအလွန်ကောင်းတယ်။ ခေတ်စနစ်ဆိုးကြောင့် စစ်တပ်မှာ အရိပ်မဲ ထင်နေပေမယ့် စစ်တပ်ထဲမှာလဲ သဘောထားပြည့်ဝသူတွေ ရှိနေမှာပဲဆိုတာ ဒီတုန်းက တွေးမိသွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မ ဘုန်းဘုန်းကို လျှောက်ပြီး ကျောင်းပေါ်က ပြန်ဆင်းလာချိန်မှာ အဲဒီဆရာကြီး ရှိနေခဲ့တယ်။ ကျွန်မကို ကားအထိ ပြန်လိုက်ပို့ပေးရုံမက ကားပျက်ပေါ်က လူတွေကိုပါ ဘုန်းကြီးကျောင်းအရောက် ခေါက်တုံ့ခေါက်ပြန် ပို့ပေးခဲ့တယ်။ ရှမ်းပြည်ရဲ့ ဆောင်းတညမှာ ကျွန်မတို့တွေ ကားပေါ်မှာ မအိပ်ခဲ့ရဘူး။ ဆာလောင်မွတ်သိပ်မှုလဲ မခံခဲ့ရဘူး။

 

ဒီကားပေါ်က လူတွေမှာ အသိအကျွမ်းအချို့ကလွဲလို့ ရင်းနှီးသူတယောက်မှ မရှိကြဘူး။ ဘယ်သူဘယ်ဝါဆိုတာတောင် မသိခဲ့ကြပါဘူး။ လမ်းမှာ ကားပျက်မယ်ဆိုတာကိုလဲ မတွေးမိခဲ့ကြပါဘူး။ ဒီကားပေါ်ကနေ ထွက်သွားတဲ့ ဦးလေးကြီးနဲ့ အထူးကုဆရာဝန်မကြီးတို့အပြင် ကားပေါ်မှာ တခြား ဂုဏ်ပါဝါကြီးသူတွေ၊ အရာရှိကြီးတွေ၊ ပညာတတ်သူတွေ ဘယ်လောက် ရှိနေမယ်ဆိုတာလဲ ကျွန်မတို့ မသိနိုင်ပါဘူး။ အားလုံးဟာ သူ့အိမ်မှာ၊ သူ့ရုံးမှာ၊ သူနဲ့ သက်ဆိုင်တဲ့ နယ်ပယ်မှာတော့ ခေါင်းဆောင်တွေ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအခြေအနေတခုမှာတုန်းကတော့ လူငယ်လေးတယောက်က ဦးဆောင်သွားခဲ့ပါတယ်။ သူလုပ်နိုင်တယ်ဆိုတာကို မြင်တဲ့ ဆယ်ကျော်သက်ကျောင်းသူလေး ကျွန်မက သူ့ကို ဘာကူညီပေးရမလဲဆိုပြီး ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

 

ဒီဖြစ်ရပ်က သိပ်ပြီး ကြီးကျယ်လှတဲ့ ကိစ္စတခုမဟုတ်ပေမယ့် ကျွန်မကို အတွေးအမြင်တချို့ပေးခဲ့ပါတယ်။ ရာထူးအာဏာရှိတိုင်း၊ လုပ်ပိုင်ခွင့်ရှိတိုင်း၊ ပညာတတ်တိုင်း အခြေအနေတခုမှာ ဦးဆောင်သူ ဖြစ်ချင်မှ ဖြစ်လာတယ် ဆိုတာကိုပါပဲ။ ခရီးစထွက်စဉ်တုန်းက ကျွန်မက ဌာနဆိုင်ရာကားနဲ့ ရောက်လာတဲ့ တိုက်ပုံဝတ်လူကြီးကိုပဲ မြင်ခဲ့တာပါ။ ဒီလူငယ်လေး ကားပေါ်မှာ ပါလာတယ်ဆိုတာ သတိတောင် မထားမိခဲ့ပါဘူး။ ဒါပေမယ့် အခြေအနေတရပ်မှာ သူဟာ ကားပေါ်က ခရီးသည်တွေအတွက်တော့ ပြဿနာကို ဦးဆောင်ဖြေရှင်းသူ ဖြစ်သွားခဲ့ပါတယ်။ နောက်တချက်က ကားသမားတွေပါ။ ကားပျက်တာနဲ့ ပတ်သက်ရင် မောင်းလာတဲ့ သူတို့ဆီမှာ တာဝန်ရှိပေမယ့်၊ အများသက်သာရာရအောင် တစုံတရာ စီစဉ်ပေးခြင်းမရှိပဲ ကားပေါ်မှာပဲ ဖြစ်သလို ထားလိုက်တာပါ။ ဒီလို တာဝန်ရှိသူက တာဝန်မယူတဲ့အခါ တာဝန်မယူသူတွေကိုပဲ အပြစ်တင်ရုံနဲ့ မပြီးပဲ၊ တစုံတရာ ကိုယ်ဘာလုပ်ပေးနိုင်မလဲ လို့ စဉ်းစားသင့်တယ်ဆိုတာ တွေးလိုက်မိပါတယ်။ နောက်ပိုင်းမှ သူတို့ကားလိုင်းကို ကွန်ပလိန့်တက်တာက တပိုင်း၊ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ တတ်နိုင်သမျှလေး ၀ိုင်းဝန်းကြိုးပမ်းပေးတာက တပိုင်းလို့ ယူဆလိုက်မိပါတယ်။

 

ဖြစ်ရပ် (၄)

 

အချိန်က (၂၀၀၀) ခုနှစ်။

 

မေမြို့ကို မိတ်ဆွေတချို့သွားပို့တာမှာ ခရီးတခုလုံးကားက အကောင်း။ မှောင်ချိန်မှာ အပြန်လမ်းမြို့က ထွက်မယ်လုပ်မှ ကားကပျက်ပါတော့တယ်။ ဒါနဲ့ နီးရာဝပ်ရှော့တခုမှာ လုံးဝ ထားခဲ့ရပြီး၊ ကားတွေငှားတော့ ဘယ်ကားမှမလိုက်။ အချိန်ကလဲ ညဦးပိုင်းဖြစ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးတော့ ဒီညအရောက်ပြန်မယ်လို့ ဆုံးဖြတ်မိကြတယ်။ ကျွန်မနဲ့ပါလာတဲ့ သူငယ်ချင်းနဲ့ ညီမလေးနှစ်ယောက်က အနည်းငယ် ကြောက်တတ်တယ်။ တခြားမြို့မှာ ညအိပ်ညနေ မနေချင်ဘူးလို့ ဆိုတာကြောင့်ပါ။ သူတို့ကို မန္တလေးပြန်ပို့ပြီးမှ နောက်နေ့ကျရင်ကိုယ်က မေမြို့ပြန်တက်၊ ကားသွားယူလို့ တွေးထားလိုက်တယ်။ ဒီလိုနဲ့ စုံစမ်းကြည့်တော့ လားရှိုးဘက်က ဆင်းလာမယ့် ခရီးသည်တင်ကားကို စောင့်စီးတဲ့။ မထူးပါဘူး။ စောင့်စီးတာပေါ့ဆိုပြီး စီးလိုက်ကြတယ်။

 

မကြာပါဘူး။ ကျွန်မတို့ကို ကားပေါ်တင်လာပြီး ငါးမိနစ်လဲကျရော ကားက ပျက်ပါလေရော။ ဒါနဲ့ မေမြို့ကို ပြန်လှည့်ရပါတော့တယ်။ ၀ပ်ရှော့တခုမှာ ပြင်လိုက်တော့ တနာရီအတွင်းကောင်းသွားတယ်။ ဒါနဲ့ ဆက်ထွက်လာကြတာ ၂၁ မိုင်ဂိတ်လဲ ရောက်ရော ပြဿနာတက်ပါလေရော။ အဲဒီနေ့က ဆန်မှောင်ခိုကိစ္စတွေနဲ့ တိုင်းမှူးပါဆင်းလာရပြီး ပြဿနာတက်နေလို့ ယာဉ်တွေအကုန်လုံး ရပ်ထားရတယ်။ အခြေအနေကတော့ တညလုံး အဲဒီမှာ နေရမယ့်ပုံ။

 

ဒါနဲ့ ဆင်းသွားပြီး သက်ဆိုင်ရာကို သွားတွေ့တယ်။ မန္တလေးဆေးတက္ကသိုလ်က ကျောင်းသူတွေ ဆိုတော့ ဟိုဘက်က ကျောင်းသားတွေနဲ့ ပြဿနာမတက်ချင်ဘူးထင်တယ်။ ဒါနဲ့ အရာရှိတယောက်က ကားတန်းကိုတော့ မလွှတ်လိုက်နိုင်ဘူး။ အမိန့်အရမို့ လို့ ဆိုပြီး သမီးတို့ကိုတော့ မန္တလေးပြန်ပို့ဖို့ စီစဉ်ပေးမယ်ဆိုတယ်။ ကားပေါ်က ပစ္စည်းတွေ သွားယူလို့ ပြောတယ်။ ကျွန်မလဲ ပစ္စည်းယူဖို့ပြန်လာခဲ့တာပဲ။ ဒါပေမယ့် အဲဒီမှာ ကျွန်မတို့ကို လှမ်းကြည့်နေတဲ့ မျက်လုံးလေးတွေကို ရင်ဆိုင်လိုက်ရတယ်။ အဖွားအရွယ်တွေလဲ ပါတယ်။ တချို့က အနွေးထည်အကျီင်္မ၀တ်ထားဘူး။ ကားက မှန်လုံကားမဟုတ်ဘူး။ ဒီနေရာက ဌက်ဖျားဒေသ။ ကျွန်မ ရင်ထဲ ဘယ်လိုဖြစ်သွားတယ်မသိဘူး။ ဒီကားပေါ်မှာ ခရီးအတူထွက်လာပြီးမှ သူတို့ကို ထားခဲ့ပြီး ခရီးဆုံးကို ဆက်သွားဖို့ကို ကျွန်မစိတ်ထဲ မတရားသလို ခံစားလိုက်ရတယ်။ ဒါနဲ့ ဟိုအရာရှိကို ဆက်မသွားတော့ ဘူးလို့ သွားပြေးပြောလိုက်တယ်။

 

ကားပေါ်ပါလာတဲ့ ခရီးသည်တွေကို ဒီမှာ ညအိပ်မလား၊ မေမြို့ပြန်အိပ်မလား ဆိုတာ ဆန္ဒခံယူရတယ်။ဒီနေရာမှာ ညအိပ်ရင် ညရဲ့ ဆောင်းတွင်းအအေးဒဏ်၊ ခြင်အန္တရာယ်၊ ဌက်ဖျားစတာတွေ ပြောရတယ်။ တည်းခိုခန်းစရိတ် တာဝန်ယူပေးပါမယ်လဲ ဆိုရသေးတယ်။ ပြီးတော့မှ ကားမောင်းသမားကို မေမြို့ကို နောက်ပြန်လှည့်ပေးဖို့ ညှိပြီး မေမြို့ပြန်တက်လာကြတယ်။မေမြို့ရောက်တော့ တည်းခိုခန်းတွေမှာလဲ လူတွေက ပြည့်နေပြီ။ လူနှစ်ဆယ်လောက်ဆိုတော့လဲ လူအုပ်က နည်းနည်းကြီးတာကြောင့် ဖြစ်မယ်။ အချိန်ကလဲ ညဆယ့်နှစ်နာရီကျော်နေပြီ။ နောက်ဆုံးတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတကျောင်း မောင်းခိုင်းပြီး ညတနာရီမှာ ကျောင်းထိုင်ဆရာတော်ကို သွားနှိုးခဲ့ရတဲ့အဖြစ်ကို ကြုံရပါတော့တယ်။ ညတွင်းချင်းမှာတင် ဆရာတော်နဲ့ ဦးပဇင်းတွေက တညတာတည်းခိုရေးကို စီစဉ်ပေးခဲ့ကြပါတယ်။ လူအများက အိပ်တော့ မအိပ်နိုင်ကြပါဘူး။ ဆာကလဲ ဆာနေကြတာမို့ ကျောင်းအနီးက ညလုံးပေါက်လက်ဖက်ရည်ဆိုင်မှာ မုန့်တွေသွားပြေးဝယ်ကြရပါသေးတယ်။

 

ဒီဖြစ်ရပ်လေးဟာလဲ ကြီးကျယ်လှတဲ့ ဖြစ်ရပ်လေးတခု မဟုတ်ခဲ့ပေမယ့် ကျွန်မကို အမှတ်တရ ဖြစ်နေစေခဲ့တယ်။ အဓိကကတော့ ကားပေါ်က ပစ္စည်းယူဖို့၊ သူငယ်ချင်းနဲ့ သူ့ညီမလေးနှစ်ယောက်ကို ပြန်ခေါ်ဖို့ သွားမိချိန်မှာ ခရီးသည်တွေကို ကြည့်မိရင်း ဖြစ်လာတဲ့ ခံစားချက်။ ဒီခံစားချက်လေးက ကျွန်မဆီမှာ ငွေ့ငွေ့လေး ကပ်ပါနေပါတယ်။။ အမှောင်နဲ့ အန္တရာယ်တွေကနေ ကိုယ်က လွတ်မြောက်နေပေမယ့် အမှောင်ထဲမှာ ကျန်နေခဲ့သူတွေ ရှိနေသေးတယ်။ ဒီအတွေးတွေက ကျွန်မရဲ့ အိပ်စက်ချိန်တွေကို လုယူထားဆဲ...........................။

 

ခင်မမမျိုး (၃၀၊ ၆၊ ၂၀၁၁)

Friday, July 1, 2011

Original link: http://khinmamamyo.blogspot.com/2011/07/blog-post.html


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment