Sunday, 3 July 2011

[Big Brothers & Sisters] New doc: လမ်းခင်းကျောက်

created the doc: "လမ်းခင်းကျောက်"
Cloud Cuckoo Land created the doc: "လမ်းခင်းကျောက်"

သူမအကြောင်း ပြောရလျှင်... သူမ ငယ်စဉ်က အမေသည် လမ်းဘေးစားသောက်ဆိုင်တွင် သန့်ရှင်းရေး လုပ်သော ဝန်ထမ်းဖြစ်သည်။ ပန်းကန်သိမ်းရသော ၊ ကြမ်းတိုက်ရသော ၊ အိမ်သာဆေးရသော မုဆိုးမ အမေ၏ အလုပ်ကို သူမ မနှစ်မြို့ပါ။

 

အပေါင်းအသင်းများကြားတွင် သူမ၏ မိဘများအကြောင်း ဘယ်တော့မှ ပြောလေ့မရှိပါ။ အမေ အလုပ်လုပ်သော ဆိုင်မှာ သွားစားရမှာ ရှက်သည်။ သန့်ရှင်းရေးလုပ်သော အမေနှင့် ဘယ်တော့မှ မဆုံအောင်လည်း ရှောင်လေ့ရှိသည်။ သန့်ရှင်းရေး ဝတ်စုံဖြင့် အမေ အလုပ်လုပ်နေလျှင် "ဒါ…..ငါ့အမေ" ဟု သူငယ်ချင်းတွေရှေ့ ခေါ်ပြရမှာရှက်သည်။ သူငယ်ချင်းတွေအရှေ့မှာ နှုတ်ဆက်လေ့မရှိခဲ့ပေ။ အမေကလည်း သူမကို ခေါ်ပြောနှုတ်ဆက်ခြင်းမရှိပါ။ အမေအိမ်မှာနေသည့် အချိန်လည်း မရှိခဲ့ပါ။ ကျွန်မ နှင့် အမေသည် တစိမ်းပြင်ပြင်လို ဖြစ်နေတတ်ပါသည်။

 

သူမ လိုအပ်သည့်ငွေကြေး မရတိုင်း အပြစ်မြင်ခြင်း ငြူစူခြင်းများကို အမေက အေးဆေးစွာ ခံယူသည်။ သည်းခံခဲ့သည်။ အတတ်နိုင်ဆုံး တော့ရှာကြံပေးသည်။ အမေ ဘယ်လိုငွေရှာသလဲ ၊ အမေ ဘယ်လို အပင်ပန်းခံ ခဲ့သလဲ သူမ တစ်ခါမှ မစဉ်းစားမိ။ မေးစရာလဲ မလိုဟုသူမ ခံယူထားသည်။ ဒီလိုနှင့် ဆောင်းရာသီ နံနက်ခင်းတစ်ခုမှာ ဆင်းရဲစွာ အမေသေဆုံးသွားသည်။ အနည်းငယ် ခံစားထိခိုက်မိသည်မှလွဲ၍ သူမ မျက်ရည်မကျခဲ့ပါ။

 

နောက်တော့ သူမချစ်သူရှိလာသည်။ ချစ်သူနှင့် နှစ်ဦးသဘောတူ ဘဝတစ်ခု ထူထောင်ခဲ့သည်။ သားတစ်ယောက် သမီးနှစ်ယောက်ရှိလာသည်။ သူမ၏ ခင်ပွန်းသည် မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ယောက်ဖြစ်မှန်း နောက်ကျမှ သိခဲ့ရသည်။ သူမ ယူကျုံးမရဖြစ်သော်လည်း သူမ၏ခင်ပွန်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ဖြင့် ထောင်ဒဏ်ကျခံရန် ဖြစ်နေပေပြီ။ သူမ ဒီသားသမီး ၃ယောက်တာဝန်ကို ကြံ့ကြံ့ခံ ထမ်းဆောင်ခဲ့သည်။ အလုပ်မျိုးစုံ ဝင်လုပ်သည်။ အိမ်တွေမှာလည်း အဝတ်လျှော်ဖူးသည်။ ပုလင်းခွံ ၊ ဘူးခွံ ၊ ဂျပ်ထူဘူးတွေလည်း လည်ကောက်ခဲ့ဖူးသည်။ နောက်တော့ ဆင်းရဲသည့် ဒဏ်ကို သူမ မခံစားနိုင်တော့။ သားသမီးတွေကို အမျိုးတွေအိမ် အပ်ထားကာ ရောက်ရာပေါက်ရာ ခရီးလှည့်လည်ခဲ့သည်။ ပြည့်တန်ဆာဘဝ နှင့် အသက်မွေးခဲ့သည်။ ဒီအလုပ်က တစ်ဝမ်းတစ်ခါး လှသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ် နေမိသည်။

 

 

သူမအတွက် ဘယ်အရာမှ မထူးဆန်းပါ။ အကျင့်သိက္ခာသည်လည်း မရှိ။ အရှက်တရားလဲ နတ္ထိ။ သူမ လိုအပ်သည်ကား ငွေကြေး။ ဖောက်သည်များများရဖို့ ။ နေ့တွက်ကိုက်ဖို့။ ဒါပါပဲ။ ဆင်းရဲခဲ့ဖူးသော ဘဝကို မတွေးချင်။ ငွေကို အသည်းအသန်ရှာရန်သာသိသည်။ ရောဂါဘေးတွေ ဘာတွေလည်း သိပ်မစဉ်းစားမိ။ ဆရာဝန်ရှိတယ် ၊ ဆေးခန်းရှိတယ်။ သူမ ၏စိတ်တွေ တစ်နေ့ တစ်ခြားမာကျောလာသည်။ တစ်ကိုယ်ကောင်းဆန်လာသည်။

 

 

တဆင့်စကားနှင့် သားသမီးတွေ အရွယ်ရောက်လာသည် ဟုသိရသည်။ သမီးငယ်မှ လွဲ၍ ကျန်သော သမီးကြီးနှင့်သားကား နိုင်ငံခြားထွက်ပြီး အလုပ်သွားလုပ်သည်တဲ့။ သမီးငယ်ကတော့ နိုင်ငံခြားကို အမျိုးတွေထောက်ပံ့မှုဖြင့် ပညာသင် ထွက်သွားသည် ဟုသတင်းကြားပြီးနောက်ပိုင်း သူမ ဘာသတင်းမှ မရတော့ပါ။ ကလေးတွေ နေသော အိမ်နှင့် အဆက်အသွယ်ရှိသူ အသိတစ်ဦးထံမှ ကလေးတွေ ဓာတ်ပုံရထားသဖြင့် ဓာတ်ပုံကြည့်ကာ လွမ်းစိတ်ကို ဖြေဖျောက်နေရသည်။ ဓာတ်ပုံလေးကိုကြည့်ရင်း လွမ်းစိတ်ကို လူမသိအောင်ကြိတ်ဖြေတတ်သော သူမ။ အလွမ်းကို ရင်ထဲမှာမြိုသိပ် ကာ မာကျောသော ဘဝအုတ်တံတိုင်းကို အကြိမ်ကြိမ်ခေါင်းနှင့် ဝင်ဆောင့်သောသူမ ရင်သွေးများနှင့် အရှင်လတ်လတ်ဘဝ ခြားနေသူပမာ။

 

 

သူမ ဘဝနစ်သထက်နစ်လာသည်။ ဒီလိုနှင့် သူမ အားကိုးရာထင်ကာ နောက်အိမ်ထောင်ပြုခဲ့သည်။ အထင်နှင့်အမြင်တက်တက်စင် လွဲပါပေါ့။ လက်ရှိ နောက်အိမ်ထောင်ဖက်ကလည်း အကြောင်းမရှိ အကြောင်းရှာကာ နှိပ်စက်တတ်သေးသည်။ ပြည့်တန်ဆာမို့ ပတ်ဝန်းကျင်ကလည်း သိပ်အခေါ်အပြောမလုပ်ကြ။ အကူအညီမပေးကြ။ ခင်ပွန်းသည်က သူမ အိမ်ကို လာတတ်သော ဖောက်သည်များကို ငွေတွင်းကြီးဟု ထင်ကာ ကောင်းကောင်းမွန်မွန် ဆက်ဆံ တတ်ပေမယ့် သူမ ကိုတော့……

"မိန်းမရေ....ခိုင်လေးရေ...."

 

 

ဒီခေါ်သံ ကြားရင် ပိုက်ဆံတောင်းတော့မယ်ဆိုတာ အလိုလို သိနေသည်။

 

"ဘာတုန်း"

 

"ပိုက်ဆံပေး ဟိုဖက်ဝိုင်း ခနသွားစရာရှိလို့။ ဝိုင်းကောင်းမှာကွ"

 

"ရဲတွေများလို့ အလုပ်က အဆင်မပြေရတဲ့ထဲ ရှင်က တမှောင့် ၊ မရှိဘူး"

 

"စကားမများနဲ့ ၊ ပေးဆိုပေးစမ်း ၊ ဘယ်မှာလဲ နင့်ပိုက်ဆံအိတ်...."

 

"ရှင့် အရက်ဖိုး ၊ ဖဲဖိုးပဲ ကျွန်မ ပေးနေရတယ်။ ရှင် အလုပ်လေးဘာလေးလုပ်ပါလား ယောက်ျားဖြစ်ပြီး…."

 

"ဘာ……နင်ကများ ငါ့ကို ပြန်ပြောတယ်။ ရာရာ စစ ကောင်မ….."

 

အသံမဆုံးခင် သူမ ပါးနှင့် နားရင်းပူ ခနဲ ဖြစ်သွားသည်။ နားထဲက လေသံ တဟူးဟူးသာ ကြားနေရသည်။

နေနှင့်ဦးပေါ့။ သူမ မငိုတတ်ခဲ့တာကြာခဲ့ပြီ။ မျက်ရည်တွေ ခန်းနေတာ ဘယ်တုန်းကတည်းကမှန်း တောင်မမှတ်မိ။ ဒီဒဏ်တွေ ကြိတ်ခံလာရတာ ကြာပြီလေ။ ကွာရှင်းခွင့်လည်းမပေး။ အမြဲတမ်း ခြိမ်းခြောက် အကြပ်ကိုင် နှိပ်စက်တတ်သော ဒီယောက်ျားကို မုန်းလှသည်။ အင်း ဒင်းတော့လား.....တွေ့မယ်။ သက်သက်ခိုင်တဲ့…… တစ်ခိုင်တည်းရှိတယ်။ စိတ်ထဲမှ တကြိမ်းတည်း ကြိမ်းနေသည်။

သူ အခန်းထဲ ပြေးဝင်ကာ ပိုက်ဆံအိတ်ကို အတင်းဆွဲယူထွက်ပြေးသွားတော့သည်။ ခြံပြင်ရောက်မှ ပိုက်ဆံ မကျန်သော အိတ်ကို အိမ်ထဲ လှမ်းပစ်ထဲ့ခဲ့သည်။

"ဟဲ့အကောင်....နင်တော်တော်လွန်နေပြီ.....ငါသည်းမခံနိုင်တော့ဘူး"

သူမ ငယ်သံပါအောင်အော်ဟစ် ဆဲဆိုပြီးကျန်ရစ်ခဲ့သည်။

 

နောက်တစ်နေ့မနက် သူပြန်လာသည်။ အိမ်ရောက်ပြီး ကျွန်မကို မြင်တာနှင့်

 

"မိန်းမ .... ငါ့ကို အရက်ဝယ်ပေးစမ်း"

 

"အောင်မာ .... နင်ငါ့ပိုက်ဆံ အကုန်ယူသွားတဲ့ အပြင် အရက်ထပ်ဝယ်ခိုင်းသေးတယ်...... နင် လူစိတ်ကောရှိသေးရဲ့လား တိရိစ္ဆာန်ကောင်ရဲ့...."

 

"လျှာမရှည်နဲ့ ၊ ဖဲရှုံးလာလို့ စိတ်ညစ်တယ် နားပူအောင်ထပ်မလုပ်နဲ့။"

 

"နင်လွန်လွန်းနေပြီ…..တောက်…."

 

"အရက်သောက်မလို့ကွာ ၊ ဝယ်ပေးမလား မဝယ်ပေးဘူးလားပြော"

 

"မဝယ်ပေးနိုင်ဘူး"

 

"ခွပ်..... ခွပ်...."

 

သူမမျက်နှာပေါ် လက်သီးတွေကျလာသည်။ သူမ ဗိုက်ကို ခြေထောက်နှင့်ကန်လိုက်တာကိုလည်း ရှောင်ဖို့ပင် မတတ်စွမ်းနိုင်တော့။ အားလည်းမရှိတော့။ အားမတန်တော့ မာန်လျှော့ ခြစ်ခြုတ်ပြီးကျန်သည့် ငွေလေးပါသွားပြန်သည်။ မျက်နှာတစ်ခုလုံးရောင်ကိုင်းနေသော သူမကို.....

 

"ငါ့မိန်းမ သဘောတွေ ဘာတွေကောင်းလာလို့ပါလား...... ဟဲဟဲ"

 

သူ့ရယ်သံကို သူမ အော်ဂလီဆန်မိသည်။ ဒင်းတော့လား…… တွေ့ကြသေးတာပေါ့.....။ စိတ်ထဲက ကြံနေမိသည်။

 

အဲဒီည သူပြန်လာသည်။ မူးနေသည်။ လူမှန်းမသိအောင်ပင် မူးနေသည်။ ဖဲဝိုင်းမှာ ရှုံးပြန်သည်တဲ့။ အရက်ကိုလည်း လူမှန်းသူမှန်း မသိအောင်သောက်ထားသည်။ သူ ဇက်ကျိုးကာ အမူးလွန် အိပ်ပျော်သွားသည်။

 

သူမ အတွက် အခွင့်အရေးပဲ။ ဒီလောက်နှိပ်စက်တတ်တဲ့ လူ…..။ စိတ်ထဲမှတွေးကာ ကြံစည်ထားသည့် အတိုင်း တူနှင့် သံမှိုကို ယူလိုက်သည်။ နှစ်ခြိုက်စွာ သတိလက်လွတ် အိပ်မောကျနေသော သူ့ ငယ်ထိပ်ကို စမ်းသည်။ ငယ်ထိပ်နေရာကို သေသေချာချာ စမ်းလိုက်သည်။ ထို့နောက် သံမှိုကို တဆုံးရိုက်သွင်းလိုက်တော့သည်။

++++++++++++++++++++++++++++++++++++++++++++

မနက်လင်းမှစ၍ လွတ်လပ်ခြင်းအရသာကို အပြည့် အဝခံစားမည်။ ဒီအမှောင်လောက ကနေ အပြီးတိုင်ထွက်မည်။ နောက်တစ်မြို့ပြောင်းဇာတ်မြှုပ်မည်။ အသုဘကို တော့ အိမ်မှာပင်ချမည်။ ဟန်ဆောင်ပန်ဆောင် အော်ငိုပြနေသည်။ ပတ်ဝန်းကျင်က မေးလျှင် ယောက်ျား ညက အရက်မူးလွန်ပြီး ဦးနှောက်သွေးကြောပြတ်သေသည်ပေါ့။ သူ့ အတွေးနှင့်သူ ကျေနပ်နေသည်။ အကွက်စေ့နေသည်လေ….။

 

နောက်နေ့ မနက်မိုးလင်း တော့ ရဲတွေ အိမ်ရှေ့ရောက်နေသည်။

 

"မသက်သက်ခိုင် ကျွန်တော်တို့ အလောင်းကိုစစ်ချင်လို့ပါ။"

 

"ဘာဖြစ်လို့ပါလဲရှင်။ သူ ညက အရက်မူးပြီး ခုမနက်နှိုးလို့ မရတော့တာပါ ဆရာရယ်"

 

"သေမှု သေခင်းလား ဆိုတာလေးကြည့်ရုံလေးပါ" ဟုဆိုကာ အလောင်းကို စမ်းသပ်သည်။

 

သူမ မျက်နှာပျက်နေသည်။ နောက်ဆုံးတော့ ဘူးပေါ်သလို ပေါ်ကာ သူမ ထောင်ကျခဲ့သည်။ သူမ ထောင်ထဲမှာလဲ ထောင်မင်းသမီး ဖြစ်လာသည်။ ဘဝတူတွေကြား အော့ကြောလန်ဖြစ်ခဲ့ရသည်။ ရန်ဖြစ်သည်။ ကြမ်းသည်။ ရမ်းသည်။

 

+++++++++++++++++++++++++++++++++++++

 

ဒီလိုနှင့် နှစ်တွေ လတွေ အလီလီပြောင်းပြီ။ သူမ လွတ်ပြီ။ ထောင်ထဲက ထွက်ပြီး ဘယ်သွားလို့ ဘာလုပ်ရမှန်းလည်းမသိ။ အရင်အလုပ်လည်း ပြန်မလုပ်ချင်။ဘဝရဲ့ရိုက်ပုတ်မှု ဒဏ်ကြောင့် ကျန်းမာရေးလည်း သိပ်မကောင်းချင်တော့။ ဒါကြောင့် ကုမ္ပဏီတစ်ခုမှာ သူမ သန့်ရှင်းရေး အလုပ် လျှောက်ဖြစ်သည်။

 

ဘဝတလျှောက် အမေ့ ဝဋ်တွေ လည်နေတာ ဖြစ်နိုင်သည်။ အမေ့ကို စော်ကားမိသမျှ ခုမှ နောင်တရမိ နေသည်။ ဒါပေမယ့် ဖြစ်ပြီးသွားပြီလေ။ မှားပြီးသွားပြီ။ လွှတ်ချလိုက်ပြီးတဲ့ အချိန်တွေ ပြန်ယူလို့မှ မရနိုင်တာ။ အမေ့ကို စိတ်ထဲမှ တိုးတိတ်စွာ တောင်းပန်နေသည်။ ခုတလော အသက်ကြီးမှ အမေကို တ တဲ့စိတ်တွေ ထူးထူးခြားခြား ဖြစ်နေရသည်။ အမှောင်တိုက်ဖုံးခဲ့သော ဘဝ သည် အမေ့ကို စော်ကားခဲ့ဖူးသော ငရဲလေလား……..။ ဝဋ်မှာ အမြဲ ငရဲမှာ အပလေလား….။

 

"အမေ ကျွန်မကို …. ခွင့်လွှတ်ပါ" ဟုတိုးတိတ်စွာ တောင်းပန်နေမိသည်။

+++++++++++++++++++++++++++++++

သန့်ရှင်းရေး အလုပ်သမားမို့ သူများတွေထက်စောပြီး ရုံးကို ရောက်နေရသည်။ လက်ဗွေနှိပ်ပြီး ရုံးတံခါးကို ဖွင့်လိုက်သည်။ ရုံးတံခါးဝအနီးရှိ မီးခလုတ်ကို ဖွင့်လိုက်သည်။ ဘယ်သူမှမရောက်သေး၍ အလုပ်စားပွဲလေးတွေကို သုတ် ၊ အမှိုက်ပုံးက အမှိုက်လေးတွေကို စုကာ ပစ်လိုက်သည်။ အမှိုက်ပုံးများကို ပလပ်စတစ်အိတ်လေးတွေ လဲလှယ်လိုက်သည်။ အိမ်သာကိုလည်း အိမ်သာဆေးရည်ဖြင့် ဆေးလိုက်သည်။ အိမ်သာကြမ်းပြင်နှင့် မီးဖိုချောင်ကို ကြမ်းတိုက် တံဖြင့် တိုက်လိုက်သည်။ ကျင့်သားရနေသော သူမ၏ လက်များက တရစပ် လှုပ်ရှားနေသည်။

 

 

ကော်ဖီဖျော်စက်ထဲ ရေထည့် ၊ ကော်ဖီမှုန့်ထဲ့ကာ နှပ်ထားလိုက်သည်။ ရေနွေးအိုးတစ်အိုးပါ တည်ထားလိုက်သည်။ မှန်တံခါး နှင့် မှန်ပြတင်းများကို မှန်ဆေးရည်ဖြင့် ဖျန်းကာ သုတ်လိုက်သည်။ နောက် လေသန့်ဆေး (Air-freshener) ဖျန်းကာ လေအေးစက် (Aircond) ကို ဖွင့်လိုက်သည်။ အရွယ်ထက် အိုမင်းသည် ထင်ရသော ၊ မကျန်းမာသော သူမအတွက် သန့်ရှင်းရေးဝန်ထမ်း အလုပ်သည် မလွယ်လှပါ။ ကျောထောက်နောက်ခံ မရှိသော သူမအတွက် ဒီအလုပ်သာ ရနိုင်သည်လေ။ ကံကိုသာ ယိုးမယ်ဖွဲ့ရချေမည်။ ဖုန်စုပ်စက်ကို ဖွင့်ကာ ကော်ဇောကို ဖုန်စုပ်နေသည်။ အတွေးများကား ဖုန်စုပ်စက်သံ တဂျီးဂျီး ပင် နားထဲ မဝင်နိုင်အောင် ပျံ့လွင့်လျက်ရှိနေသည်။

 

 

+++++++++++++++++++++

 

အပြင်ဘက်မှ ဝန်ထမ်းများ၏ လှုပ်ရှားသံနှင့် နှုတ်ဆက်စကားပြောသံများ ကြားရသဖြင့် သူမကြည့်လိုက်မိသည်။ သူဌေးနှင့် သူ့ဧည့်သည်ဝင်လာခြင်းဖြစ်သည်။ သူဌေးဆီကို နိုင်ငံပေါင်းစုံမှ ဧည့်သည်တွေ ဝင်ထွက်နေကျဖြစ်၍ သူမအတွက် အထူးအဆန်း ဖြစ်မနေတော့ပါ။ ခုလည်း နိုင်ငံခြားက ဧည့်သည်တစ်ယောက်ယောက် ဖြစ်မှာပါလေ....အထင်နဲ့ လှည့်၍ ပင် မကြည့်မိ။

 

 

သူဌေးက "ဒါကိုယ့်ရုံးခန်းလေ" ဟုပြောသံကြားရသည်။ "မဆိုးပါဘူး။ ကျယ်ဝန်းသားပဲ"ဟု ပြန်ပြောသံလေးကြားလိုက်ရသည်။ ဒီအသံလေး ချိုသာလိုက်တာ။ သူမအမှတ်မထင်ဖျတ်ခနဲကြည့်မိသည်။ အံ့သြသွားရသည်။ သမီးငယ်လေးပဲ။ ဘယ်လိုမှ မမှားနိုင်ပါ။ ဓာတ်ပုံထဲက ထက်ပင် သားနားလှပ လွန်းသူ.....သူမ၏ ရင်နှစ်သည်းချာလေး။ သို့သော်…. သူမ မျက်နှာကို ကပျာကယာအောက်ချကာ လှည့်ထွက်လာခဲ့သည်။ သူဌေးက အတွင်းရေးမှုးမလေးကို ကော်ဖီမှာနေသံကြားသည်။ သူမ ကော်ဖီကို ကပျာကယာဖျော်ပေးပြီး အတွင်းရေးမှုးကို လှမ်းပေးလိုက်သည်။ အတွင်းရေးမှုးက "နေမကောင်းဘူးလား" ဟုမေးသည်ကို သူမ အသံတိတ် ခေါင်းဆတ်ကာ ဖြေလိုက်သည်။ ရင်ထဲမှာတော့ တလှပ်လှပ်နှင့် မောဟိုက်နေသည်။

 

သူမ သမီးငယ်ကို မျက်နှာချင်းမဆိုင်လိုပါ။ သမီးငယ် ဂုဏ်ကျက်သရေ ညှိုးနွမ်းမည်ကို စိုးရိမ်သည်။ ဒီရုံးက ဘယ်သူမှမသိပေမယ့် သူမကိုယ် သူမ သိသည်။ ပြည့်တန်ဆာ ၊ အမှိုက်ကောက်သမား ၊ ထောင်ထွက် မျက်နှာမွဲ သူမကို သမီးငယ် လက်ခံ နိုင်မည်မဟုတ်။ ခုမှ ပို၍ အားငယ်လာသည်။ အထီးကျန်လာသည်။ မဲမှောင်နေသော သူမ၏ ဘဝကို လူမသိသူမသိ နှစ်မြှုပ်ထားခဲ့သည်။ ဒီနေ့တော့ သူမ ဆောက်တည်ရာမရ ကြေကွဲရမည့် နေ့ ဖြစ်လေပြီလား။ ရင်ထဲမှာ စူးနစ်နေသည်။

 

သူဌေးက သမီးငယ်ကို ရုံးမှ ဝန်ထမ်းများနှင့် မိတ်ဆက်ပေးနေသံ ကြားရသည်။ သမီးငယ်က သူဌေး ရဲ့ချစ်သူဆိုပါလား။ သမီး၏ ရယ်သံလွင်လွင်ကလေးသည် သူမကို တုန်လှုပ်စေသည်။ သူမနှလုံးခုန်သံက သူမရင်ကို ဆယ်ပေါင်တူနဲ့ထုနေသလို နာနေစေသည်။ သူမ ဖုံးကွယ်ထားသော ဘဝနောက်ကြောင်း ၊ မှားယွင်းခဲ့ဖူးသော အမှားများအတွက် သမီးကို ဘယ်လိုမျက်နှာနှင့် မျက်နှာချင်းဆိုင်ရမည်လဲ။ သမီးလေးကို သူမ သမီးမှန်းသိသွားခဲ့ လျှင်ကော သူဌေးက သမီးလေးကို ကြည်ဖြူပါဦးမလား။ ရက်ရက်စက်စက် ပစ်ထားရစ်သော သူမကို သမီးကကော အမေအဖြစ်လက်ခံ နိုင်ပါမည်လား။ သူမ အတွေးတွေနှင့် နှလုံးခုန်သံများပို မြန်လာသည်။ မောဟိုက်လွန်းနေသည်။

 

 

"အန်တီကြီးကော" ဟု သူဌေးမေးနေသံ ကြားရသည်။ အတွင်းရေးမှူးမလေး မီးဖိုထဲအထိ လာခေါ်သည်။ သူမ သမီးရှေ့မှာ မျက်နှာမပြရဲပါ။ အတွင်းရေးမှူးမလေး၏ တောင်းဆိုမှုကြောင့်သာ သူဌေးနှင့် သမီးငယ်တို့ ရှေ့ရောက်လာရသည်။

သမီးငယ် သူမကို သေသေချာချာကြည့်သည်။ ချိုသာစွာ ပြုံးပြသည်။ လက်ဆွဲနှုတ်ဆက်သည်။ သူ့ရင်ခွင်ထဲ သူမကို ဆွဲသွင်းကာ ဖက်ထားလိုက်သေးသည်။ ပြီးတော့…..

"မေမေ နဲ့တူလိုက်တာ….." တဲ့။

သူမ ဆတ်ခနဲတုန်သွားသည်။ အရမ်းလည်း အံ့သြသွားရသည်။ နှလုံးသွေးတွေ ပွက်ခနဲ ဖြစ်သွားသံကြားလိုက်ရသလိုလို ထင်မိသည်။ ရင်ဘတ်က မခံ မရပ်နိုင်အောင် အောင့်နေသည်ကို ဟန်မပျက်အောင် ထိန်းနေစဉ်မှာပင်.......

သမီးငယ်သည် သူ့ချစ်သူ သူဌေးဖက်လှည့်ကာ

"ဒီအန်တီကလေ ကျွန်မ မေမေနဲ့တူလိုက်တာ အကိုရယ်။ မေမေနဲ့ မတွေ့ရတာကြာပြီလေ….. ကျွန်မ ချစ်တဲ့ မေမေ့ကိုတော့ နေ့တိုင်းသတိရတယ်။ နေ့တိုင်းလည်း ကန်တော့တယ်……….."

သမီး ဆက်ပြီးပြောသည့် အသံများ သူမနားထဲ ဝါးသွားသည်။ မျက်လုံးများ ဝေဝါးသွားသည်။ ဒူးတွေ ညွှတ်ခွေကျသွားသည်။ နှလုံးခုန်သံ ရုတ်တရက် ရပ်တန့်သွားတော့သည်။ ကမ္ဘာလောကကြီး မှောင်အတိကျသွားသည်။ ဝမ်းသာခြင်း ဝမ်းနည်းခြင်း ခံစားချက်များစွာဖြင့် နောက်ဆုံး တွေ့လိုက်ရသည်က သမီးငယ်လေး၏ ဖြူစင်ကြည်လင်သော မျက်နှာလေး ပေါ်မှ တစ်စုံတစ်ရာ……………….

 

 

စာဖတ်သူရင်ထဲကို တစ်ခုခုပေးနိုင်မည်ဟု မျှော်လင့်လျက်......

မေသိမ့်သိမ့်ကျော်


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment