Saturday, 2 July 2011

[Big Brothers & Sisters] New doc: ဂျူး ရာဇဝင်ထဲမှာ ထားရစ်ခဲ့ (မောင်စွမ်းရည်)

created the doc: "ဂျူး ရာဇဝင်ထဲမှာ ထားရစ်ခဲ့ (မောင်စွမ်းရည်)"
Rozoner King created the doc: "ဂျူး ရာဇဝင်ထဲမှာ ထားရစ်ခဲ့ (မောင်စွမ်းရည်)"

[By ဂျူး - Ju]

 

  စာအုပ်ဝေဖန်ချက်တစ်ခုကို ရေးတိုင်း အပ်ကြောင်းထပ်အောင် ကျွန်တော် ဖော်ပြခဲ့ဖူးတဲ့ အချက်တစ်ချက်ကို ပဲ ဒီဆောင်းပါးရဲ့ နိဒါန်းအဖြစ် ပြန်လည်ဖော်ပြရင်း အပ်ကြောင်းထပ်လိုပါတယ်။ အဲဒီ အချက်ကတော့ အခု ဆယ်စုနှစ် များအတွင်း မြန်မာ စာပေလောက မှာ (မြန်မာဝတ္ထု လောကမှာ) အမျိုးသမီးကလောင်သစ်များသာ လွှမ်းမိုးလာနေ တယ် ဆိုတဲ့အချက်ပါပဲ။ မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ စမ်းစမ်းနွဲ့(သာယာဝတီ) တို့က အစ မြနှောင်းညို၊ နုနုရည်(အင်းဝ)၊ ဂျူးတို့ အထိ။

            အခု ဒုတိယအသုတ် ပေါ်ထွက်လာတဲ့ အမျိုးသမီးကလောင်ရှင်များထဲမှာ လက်အသွက်ဆုံးကတော့ မြ နှောင်းညို၊ နုနုရည် (အင်းဝ)  နဲ့ ဂျုးတို့ ဖြစ်ပါတယ်။ သူတို့နဲ့ အတူ ပေါ်ထွက်လာခဲ့ကြတဲ့ လက်ရည်ရှိသူ အမျိုးသမီးက လောင်ရှင်များဟာ ဝတ္ထု တိုချည်းသာ ရေးနေကြပါတယ်။ (ဝတ္ထုရှည်ရေးခွင့်၊ ထုတ်ခွင့် မသာကြသေးလို့လဲ ဖြစ်နိုင် တယ်)။ ဒီသုံးဦးကတော့ ဝတ္ထုရှည်များ ပါ ရေးလာကြပါတယ်။ မြနှောင်းညိုဆိုရင် ဆရာဝန်အလုပ်တစ်ဖက်နဲ့ စာရေး တာ ၁၀ အုပ်လောက် ရှိသွားပြီ။ နုနုရည်က ၅ အုပ် ရှိသွားပြီ။ ဂျူးက တစ်အုပ်။ ခုဆိုရင် ဂျူးက ဝတ္ထုတိုပေါင်းချုပ် တစ် အုပ် ထွက်ပြန်ပြီ။ ဝတ္ထုတို ၁၆ ပုဒ်၊ စာမျက်နှာ ၄၄၅ ရှိပါတယ်။ ရန်ကုန်၊ အင်းကြင်းမြိုင်စာပေက ထုတ်တယ်။ ၃၅ကျပ် တန်ပါ။

            အဲဒီ အမျိုးသမီးငယ် သုံးဦးရဲ့ လက်ရာများဟာ သူတို့နဲ့ ခေတ်ပြိုင် ပေါ်ပေါက်ရေးသားလာကြတဲ့ အမျိုးသား ကလောင်ရှင် ဝတ္ထုတို-ရှည် ရေးသူများထက် သာပါတယ်။ အတွေးရော၊ အရေးရောကို ဆိုလိုပါတယ်။ အမျိုးသားက လောင်သစ်များထဲ မှာ ရောင်းပန်း လှလို့ ရုတ်တရက်တက်လာတာမျိုး ရှိပေမယ့် အဲဒါမျိုးက တာရှည်ခံဖွယ် မရှိပါဘူး။

            ခု အမျိုးသမီးငယ် သုံးဦးဟာ ဘဝအခြေခံ မတူကြပါဘူး။ ဘဝကိုယ်စီ အလှကိုယ်စီ ရှိသလို တစ်မျိုးတစ်ဟန် စီ ထူးခြားလှပတဲ့ ဂုဏ်ရည်များ ရှိကြပါတယ်။

            ဂျူးအနေနဲ့ ခုလို ဝတ္ထုတိုပေါင်းချုပ် တစ်အုပ် ထုတ်လိုက်တဲ့အတွက် သူ့လက်ရာများကို ကျွန်တော်တို့ အသေ အချာ အကဲခတ် ခွင့် ရလာတယ်။ အားလုံးဖတ်ပြီးသွားတဲ့အခါမှာ ပထမဆုံးရတဲ့ အမြင်ကတော့ (ခုခေတ် လူငယ်စ ကားနဲ့ ပြောရရင်) ဂျူးက "ဖီလင်" စာရေးဆရာပေပဲလို့ဆိုတဲ့ အမြင်ပါ။

            စစ်ပြီးစ တာရာမဂ္ဂဇင်းခေတ်မှာ ကြည်အေးဟာ "ဖီလင်" ဝတ္ထုများ အရေးအဖွဲ့မှာ ကျော်ကြားတယ်။ ဒီ နောက် နှစ်ပေါင်း ၃-၄ ဆယ် ကြာအောင်ပဲ ကြည်အေးရဲ့ အတွေးနဲ့ အရေးဟာ အမျိုးသမီးကလောင်သစ်များ အပေါ် သြဇာညောင်းခဲ့တယ်။ တုပရေးသား တာတွေ ရှိနေခဲ့တယ်။ အတုဟာ အတုပဲ ဖြစ်ခဲ့ကြတယ်။ ကြည်အေးကို အပေါ်ယံ သာ တုပနိုင်ခဲ့ကြတယ်။ အတွေး တခြား၊ ရေးဟန် တခြား ဖြစ်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင်ခံစားမှု၊ ကိုယ် ပိုင်ရေးဟန်နဲ့ မရေးလို့ပါပဲ။ 

           ဂျူးက ကြည်အေးနဲ့ အတော်တူတယ်။ (အဲဒါ ချီးကျူးတာ မဟုတ်ပါ။) ဒါပေမယ့် ကြည်အေးကို တုပရေးသား နေတာတော့ ဟုတ်ပုံ မရဘူး။ တုပတာ ဟုတ်တယ်ထားဦး။ သူ့ခံစားမှု၊ တွေးမြင်မှုက အတု ဟုတ်ပုံ မရဘူး။ တုတယ် ဆိုရင်လဲ ကြည်အေးနဲ့ ထပ်တူဖြစ်လာနိုင်လောက်တဲ့ အနေအထား မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြည်အေး နဲ့ ဂျူး ဟာ ခေတ်မတူဘူး၊ ဘဝမတူဘူး၊ ပတ်ဝန်းကျင် မတူဘူး၊ အနေအစား အလေ့အလာ မတူဘူး။ စာပေအခံ ရင့်ပုံချင်း မ တူဘူး၊ ဘယ်လိုဖြစ်ဖြစ် ဂျူးဟာ သူ့အတွေး သူ့ခံစားမှုနဲ့ပဲ ကိုယ်ပိုင် ရေးသားနေဟန် ရှိတယ်ဆိုတာကို သူ့ဝတ္ထုများက သက်သေခံနေပါတယ်။

            သူ့အတွေး၊ သူ့အမြင်၊ သူ့ခံစားမှုက ဘာလဲ။ သူ့အတွေး၊ သူ့အမြင် သူ့ခံစားမှုက သူ့ခေတ်ကို ကိုယ်စားပြု ထင် ဟပ်နိုင်သလား၊ သူ့အသိုင်းအဝိုင်းကို ကိုယ်စားပြု ထင်ဟပ်နိုင်သလား၊ သူ့အသိုင်းအဝိုင်းက လက်ခံနိုင်မလား။ ဒါ စဉ်း စားစရာ ကောင်းပါတယ်။

            ကြည်အေးကို တုပ ရေးခဲ့ကြသူများဟာ အတုအပပဲ ဖြစ်တဲ့အတွက်ကြောင့် အတွေးနဲ့ အရေး တစ်သမတ် တည်း မရှိကြဘူး။ ဂျူးက တစ်သမတ်တည်း ရေးတယ်။ ဟိုရောက် ဒီရောက် မဟုတ်ဘူး။ စွဲမြဲတယ်။    

            အမျိုးသမီးစာရေးဆရာများမှာ အကြမ်းအားဖြင့် ဘဝသရုပ်ဖော် သရုပ်မှန် ရေးသူများနဲ့ အချစ်အိမ်ထောင်ရေး အကြောင်း ရေး သူများရယ်လို့ နှစ်မျိုး နှစ်စား ခွဲနိုင်တယ်။ အချစ်နဲ့ အိမ်ထောင်ရေးအကြောင်း ရေးတဲ့အခါမှာ နှစ်မျိုး နှစ်စား ထပ်ပြီး ခွဲနိုင်ပြန်တယ်။ တစ်မျိုးက မဟာဖိုဝါဒကို ဆန့်ကျင်ပြီး မဟာအမျိုးသမီးဝါဒကို ထူထောင်လိုတာမျိုး။ ဝတ္ထုဇာတ်လမ်းမှာ တစ်ဖက်က အမျိုးသားက ညံ့ဖျင်း၊ ထုံထိုင်း၊ နိမ့်ကျပြီး၊ တစ်ဖက်က အမျိုးသမီးက ထက်မြက်၊ တက်ကြွ၊ မြင့်မြတ်နေတာမျိုးပေါ့။ ကျန်တစ်မျိုးကတော့ ဒီလို မဟုတ်ဘူး။ အမျိုးသမီး ပီပီသသ ခံစားတယ်။ ယောက်ျား ကို အနိုင်ယူချင်တာမျိုး မဟုတ်ဘူး။ လွတ်လပ်ချင်တာပဲ။ လွတ်လပ်ချင်တာ ကလဲ အမျိုးသားများရဲ့ ထမ်းပိုးအောက်က လွတ်မြောက်ချင်တာရယ် မဟုတ်ဘူး။ အနေအထိုင်၊ အပြောအဆို၊ ခံစားမှု လွတ်လပ်ချင်တာ မျိုးပါပဲ။ အဲဒီ ဒုတိယ အ မျိုးအစားမှာ ဂျူးပါဝင်တယ်။ ဒါကြောင့် ကြည်အေးနဲ့ ဂျူး လမ်းကြောင်း တူတယ်လို့ ဆိုနိုင်တာဖြစ်တယ်။

            ဂျူး ရေးတာတွေ အားလုံးလောက်ဟာ အချစ်အကြောင်းတွေချည်း လိုလိုပါပဲ။ ငါးပုံတစ်ပုံလောက်ကတော့ ဖြင့် အချစ်မဟုတ်ဘူး လို့ ဆိုနိုင်တာမျိုး ပါရှိပါတယ်။ ဒီလိုဆိုတော့ အခြား အချစ်ဝတ္ထုရေးဆရာများနဲ့ ရောနှောပြီး ဂျူး ကို အချစ်ဝတ္ထုရေးသူလို့ ခေါ်ပြန်ရင် သင့်လျော်မယ် မဟုတ်ဘူး။ အများအားဖြင့် အခုကျော်ကြားနေတဲ့ အချစ်ဝတ္ထုများ က မြီးကောင်ပေါက်ကလေးများကို ရည်းစားစာ ရေး နည်း၊ ရည်းစားထားနည်း၊ ချိန်းတွေ့နည်း၊ အော်တိုရေးနည်း၊ အ ချစ် စကားရည်လုပွဲ ပြောနည်းများလောက်သာ ပါရှိပါတယ်။ ဂျူးက အဲသလို အတန်းထဲက မဟုတ်ဘူး။ ဂျူးရဲ့ အချစ် ဝတ္ထုများက အချစ်ဝတ္ထု ကြိုက်သူတိုင်း လိုက်ဖတ်လို့လဲ သဘောတူ နှစ်သက်နိုင်မယ့် ဝတ္ထုမျိုး ဟုတ်မယ် မထင်ဘူး။

            ဂျူးက အရေးကောင်းတယ်။ (တစ်ခါတစ်ရံ ဝါကျရှည်တာဟာ ကြည်အေးနဲ့ တူတယ်) စာရေးကောင်းသ လောက် သူ့အယူ အဆတွေက ကြောက်စရာ ကောင်းတယ်လို့ စာဖတ်ပရိသတ်ရဲ့ ဝေဖန်သံကို မကြာခဏ ကြားရ တယ်။ ဘာကြောက်စရာ ကောင်း တာလဲ။ ဘယ်လို ကြောက်စရာ ကောင်းတာလဲဆိုတော့ .... သူရေးတာ မြန်မာ မ ဆန်ဘူးတဲ့။ သူ့အယူအဆတွေက အချစ်ဆိုတာ လက်ထပ်တာနဲ့ တခြားပဲ။ တခြားစီ ဖြစ်တဲ့အပြင် အရေးလဲ မကြီးဘူး တဲ့။

 

 

 

          အချစ်ဆိုတာ လက်ထပ်တာနဲ့ တခြားစီဆိုတာ ဖြစ်နိုင်တာပဲ။ မချစ်ဘဲ လက်ထပ်ကြတာ ရှိသလို လက်ထပ်ပြီး မှ မချစ်တာလဲ ရှိကြတာပဲ မဟုတ်လားလို့ ဆိုတော့ ဒီလောက် မကဘူးတဲ့။ ဘယ်လောက် မကတာလဲ။ မြန်မာ မဆန် ဘူးဆိုတာ ဘယ်လိုဟာလဲ။ ကျွန်တော် သူ့ဝတ္ထုတွေကို ဖတ်ပြီး အဖြေ ရှာကြည့်ရပေတော့မယ်။

            သူ့ဝတ္ထုတွေမှာ အဓိကဇာတ်ဆောင်က အမျိုးသမီးငယ်ကလေးတွေပဲ ဖြစ်တတ်ကြတယ်။ အဲဒီ အမျိုးသမီး ငယ်ကလေးတွေ က ဆေးကျောင်းသူ ကလေးတွေ၊ ဆရာဝန်မကလေးတွေပဲ ဖြစ်တတ်တယ်။ သူကိုယ်တိုင် ဆေး ကျောင်းသူ၊ သူကိုယ်တိုင် ဆရာဝန် ဆိုတော့ တစ်ခါတစ်ရံ "ကျွန်မ" လို့ပဲ ရေးတယ်။ တစ်ခါတစ်ရံ ဂျူးကိုယ်တိုင် ဖြစ် တတ်တယ်။ ဂျူးကိုယ်တိုင်ဝင်ပြီး ဂျူးအတွေး၊ ဂျူး ခံစားမှုကို ဖော်ပြတတ်သေးတယ်။ အားလုံးကို ခြုံငုံပြီး ပုံဖော်လိုက် ရင် -

            ဂျူး သို့မဟုတ် ဂျူးရဲ့ အဓိက ဇာတ်ဆောင် အမျိုသမီးကလေးဟာ (၁) ဆေးကျောင်းသူ ဖြစ်တယ်။ (၂) အ ဆိုအက ဝါသနာ ပါတယ်။ (တစ်ခါတစ်ရံ စင်ပေါ်မှာ တက်ပြီး ဆိုတတ် ကတတ်တယ်)။ (၃) ပန်းချီပုံဆွဲ ဝါသနာပါတယ်။ (ကိုယ်တစ်ဖက်သတ် ချစ်နေ မိတဲ့ ကောင်လေးရဲ့ ပုံတူကို ဆွဲလေ့ရှိတယ်)။

            (၄) တစ်ခါတစ်ရံ စီးကရက် သောက်တယ်။ (၅) တစ်ခါတစ်ရံ ဘီယာတို့၊ ဝိုင်တို့လို အနုစား ယမကာကို သောက်တယ်။ (၆) ပန်းမပန်တတ်ဘူး။ (၇) ဆင်ဆာလက်စ် ဗွီဒီယိုကို ကြည့်တတ်တယ်။ (၈) လက်မထပ်ချင်ဘူး။ (၉) လက်ထပ်ရင်လဲ ကလေး မမွေးချင် ဘူး။ (၁၀) မျက်နှာများတဲ့ ဂီတသမား၊ ပန်းချီဆရာ၊ တင်းနစ်၊ ဘက်ဒမင်တန် ကစား သူ အစရှိတဲ့ အနုပညာရှင် အားကစားသမားမျိုးကို ကိုယ်ကစပြီး တစ်ဖက်သတ် ချစ်မိတတ်တယ်။ (၁၁) ပြီးရင် မေတ္တာရေး အယူအဆချင်း မတူကြလို့ ရည်းစားဘဝမှာပဲ ဖြစ်စေ၊ အိမ်ထောင်ပြုပြီးမှပဲ ဖြစ်စေ ကွဲကြတယ်။

            အဲဒီအချက် (၁၁)ချက်ကို ကြည့်ရင် ဂျူးရဲ့ ဝတ္ထုတိုများထဲက အမျိုးသမီးများဟာ (ဂျူးဟာ) တခြားအမျိုးသမီး များနဲ့ သိပ်မတူဘူး လို့ ထင်ရပါမယ်။ တကယ်တော့ ဒါတွေဟာ ထုတ်မပြော၊ ထုတ်မရေးကြလို့ (မရေးဝံ့ကြလို့) သာပါ။ ဒေါ်ခင်မျိုးချစ်တို့ ခေတ်၊ ဒေါ်စောမုံ ညင်းတို့ ခေတ်၊ ကြည်အေးတို့ ခေတ် အစရှိတဲ့ ခေတ်အဆက်ဆက်က ခေတ်ဆန် တဲ့ ခေတ်ပညာတတ် အမျိုးသမီးတစ်စုဟာ ဒီလို ရှိနေခဲ့မြဲပဲ ဖြစ်ပါတယ်။ ဂျူးကတော့ တွေးရဲရုံမက ရေးရဲသူပီပီ သူ့ ထင်မြင် ခံစားချက်များကို ရင်ဖွင့်ပြလိုက်တာပဲ ဖြစ်ပါတယ်။ လက်ခံ ချင်သူက လက်ခံ၊ လက်မခံလိုသူက အနေနိုင်သား ပဲ။ သူ့ စာဖတ်လို့ မြန်မာအမျိုးသမီး အများစုမှာ ထူးခြားပြောင်းလဲသွားဖွယ် မရှိပါဘူး။ ဂျူးရဲ့ ပုဂ္ဂလိက ခံစားမှုလောက် နဲ့ မြန်မာ အမျိုးသမီးထုအတွင်း အတွေးခေတ်ပြောင်း တော်လှန်ရေးကြီး ဖြစ်မသွားနိုင်တန်ရာပါဘူး။ သူ စာရေးလာ တာ ၁၀ နှစ် လောက်ရှိပြီပဲ။

          သူ့စာရေးသက် ၁၀ နှစ် အတွင်းမှာ အချစ်ရေး မဟုတ်တာကလေးများလဲ ရေးပါသေးတယ်။ "အဝေးဆုံး ခရီး သို့ အနီးဆုံးအချိန်" ဆိုတဲ့ ဝတ္ထုတိုကလေးဟာဆိုရင် အရိုးကင်ဆာဖြစ်တဲ့ ဆေးကျောင်းသူကလေး တစ်ဦးရဲ့ မုဆိုးမ မိခင်ထံသို့ အိမ်ပြန်ခရီး ခံစားမှု ကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ လှပသေသပ်တဲ့ ဝတ္ထုတိုကလေး တစ်ပုဒ်ပါပဲ။ (ကျွန် တော် အကြိုက်ဆုံးကို ပြောပါဆိုရင် ဒီ ၁၅ ပုဒ် ထဲမှာ ဒါကို အကြိုက်ဆုံးလို့ ပြောရမှာပါပဲ)။

            သူမ၏မိုး၊ မြင်ကွင်းကျယ်၊ အဝေးကြည့်မှန်ပြောင်း၊ သေတမ်းစာ ဆိုတဲ့ ဝတ္ထုလေးပုဒ်ဟာလဲ သူ့ဝတ္ထုတိုများထဲ မှာ တစ်မူကွဲတဲ့ ဝတ္ထုတိုများ ဖြစ်ကြပါတယ်။ ဝတ္ထုပုံသဏ္ဌာန်အနေနဲ့ သူ့ရဲ့ ခံစားမှုဝတ္ထုများထက် ဒီဝတ္ထုများက ပိုမို သေသပ်လှပကြပါတယ်။ သူမ၏မိုး ဆိုတာက အော်ဂလီဆန်စရာလဲ ဖြစ်၊ လျို့ဝှက်ဆန်းကြယ်လဲ ဖြစ်တဲ့ မုဒိမ်းမှုနဲ့ အိပ်မက်ဆန်းတို့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ မြင်ကွင်း ကျယ် ဆိုတာက ရောဂါသည်မကလေး တစ်ဦး ညဥ့်နက် သန်းခေါင်မှာ အိမ်အပေါ်ထပ် ဝရန်တာကို ထွက်ပြီး လမ်းပေါ်က ဂီတသံကို နားထောင်ရင်း လိမ့်ကျသွားတဲ့ ထိတ်လန့် တကြား အကြောင်းအရာ တစ်ခုပါ။  

            "အဝေးကြည့် မှန်ပြောင်း" ဆိုတာလဲ အိပ်မက်လိုလို တကယ်လိုလို လျို့ဝှက်ဆန်းကြယ် ဝတ္ထုတို တစ်ပုဒ်ပါပဲ။ အိုင်ကျင်း အဖွဲ့ကောင်းတဲ့ ဝတ္ထုတိုကလေးပါ။ နောက်တစ်ပုဒ်ကလဲ .... လျို့ဝှက်ဆန်းကြယ် တစ်ပုဒ်ပါပဲ။ တစ်ဦးတည်း လူမသိ သူမသိ သေသွား တဲ့ သူစိမ်းတစ်ဦးရဲ့ ဆန်းကြယ်တဲ့ သေတမ်းစာ အကြောင်းပါပဲ။ ဒါလဲ အိုင်ကျင်းအဖွဲ့ ကောင်းတဲ့ ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါတယ်။ အဲဒီလေး ပုဒ်လုံးကိုလဲ ဝတ္ထုတိုအဖွဲ့ လက်စွမ်းလက်စအနေနဲ့ ကျွန်တော် နှစ် သက်ပါတယ်။ အဂ္ဂါအာလန်ပိုးကို ဖတ်ရသလိုလို၊ ဒဖနီဒူမောရီးယား ကို ဖတ်ရသလိုလို၊ ဗာဂျီးနီးယားဝုဖ်ကို ဖတ်ရသ လိုလိုပါပဲ။

            အဝေးဆုံးခရီးသို့ အနီးဆုံးအချိန်၊ သူမ၏မိုး၊ မြင်ကွင်းကျယ်၊ အဝေးကြည့်မှန်ပြောင်း၊ သေတမ်းစာ၊ အဲ့ဒီ ၅ပုဒ် ဟာ ဂျူးရဲ့ အချစ် ဖွဲ့ မဟုတ်တဲ့ လက်ရာများ ဖြစ်တဲ့အပြင် လက်ရာကောင်း လက်ရာသန့်ကလေးများ ဖြစ်တယ်လို့ ဆို ချင်ပါတယ်။ ဒါက ဘာကို ပြသလဲ ဆိုရင် ဂျူးဟာ သူ့ရဲ့ ပုဂ္ဂလိက အချစ်ခံစားမှုများကိုသာ ရင်ခုန်ခိုက် ရေးလိုက်နိုင်တာ မဟုတ်ဘူး၊ တစ်မျိုးတစ်ဖုံ ထူးခြားတာများကို လဲ ရေးနိုင်နေတယ် ဆိုတာကို ပြပါတယ်။

 

 

          ဂျူးဟာ ငယ်ပါသေးတယ်။ ဒီအရွယ်ဟာ အချစ်နဲ့ ပတ်သက်ပြီး ရင်ခုန်လို့ ကောင်းတုန်းအရွယ်ပဲ ရှိပါသေး တယ်။ အရွယ်လွန်များ မနာလိုစရာ ကောင်းတဲ့ အရွယ်ပဲ ရှိပါသေးတယ်။ သူလဲ အရွယ်က ခွင့်ပြုတုန်း ရေးရတာပါ။ နောက်ထပ် ဒါမျိုးတွေ ဘယ်နှစ်ပုဒ် ရေးနိုင် ဦးမှာတဲ့လဲ။ ဘယ်နှစ်နှစ် ရေးနိုင်သေးမှာလဲ။ ပုဂ္ဂလိက ခံစားမှုဆိုတာ အ ရွယ်အလိုက် ပြောင်းသွားရတာပဲ မဟုတ်လား။ (အခုတောင် အကြောင်းအချက်တွေ ထပ်ကုန်ပြီ။) ဆက်လက်ပြီး ကိုယ့်ခံစားမှုကို ရိုးသားစွာ ရေးဖွဲ့သွားမယ်ဆိုရင် ဆက်လက်ပြီး လေးနက်တာတွေ လဲ ရေးချင်စိတ် ရှိသေးလို့ ရေးသွား ဦးမယ်ဆိုရင် လူကြီး ဘဝ၊ လူကြီး အတွေး၊ လူကြီး ခံစားမှုတွေဟာ အဆင့်အတန်းရှိတဲ့ စာပေအဖြစ် ထွက်ပေါ်လာဦး မယ်လို့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဆရာဝန်ဆိုတာ လူတန်းစားမျိုးစုံနဲ့ ဆက်ဆံနေရတာဆိုတော့ သူ့မှာ ရေးစရာတွေ ကြွယ်ဝလာမှာ ပါပဲ။     

            အဲဒီတော့ ဂျူးဟာ သူ့ရဲ့ ငယ်ငယ်က ခံစားမှုကလေးတွေကို ရာဇဝင်ထဲမှာ သူ့ဘာသာပဲ ထားခဲ့တော့မှာပါ။ ဂျူး အဲဒါတွေ ရာဇဝင်ထဲမှာ ထားခဲ့ပါလို့ ဝေဖန်ရေးဆရာ တိုက်တွန်းကောင်းမယ်ဆိုရင် တိုက်တွန်းလိုက်ပါတယ်။ အ ရွယ်နဲ့ အတွေ့အကြုံက လမ်းပြ ပါလိမ့်မယ်လေ။

 

[မောင်စွမ်းရည်]

(စာပေဂျာနယ်၊ အမှတ်(၁)၊ သြဂုတ်လ၊ ၁၉၈၈ ခုနှစ်)

 

******************************

 

Admin မှတ်ချက်

 

ဝေဖန်သော စာအုပ်အကြောင်း

          ယခုဆောင်းပါးသည် ဆရာမ ဂျူး၏ "ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့ နှင့် အခြားဝတ္ထုတိုများ" စာအုပ်ကို ဆရာ မောင်စွမ်းရည် က ဝေဖန်ထားသော ဆောင်းပါးဖြစ်သည်။

          ထိုစာအုပ်ကို အင်ကြင်းမြိုင်စာပေမှ ၁၉၈၈ ခုနှစ်၊ ဇွန်လတွင် ပထမအကြိမ်အဖြစ် အုပ်ရေ ၂၀၀၀ ပုံနှိပ်ထုတ် ဝေခဲ့ပါသည်။ တန်ဖိုးမှာ သုံးဆယ့်ငါးကျပ် ဖြစ်သည်။ စာအုပ် မျက်နှာဖုံးပန်းချီမှာ မြင့်မောင်ကျော် ဖြစ်သည်။ ထို စာအုပ်ထဲတွင် ဝတ္ထုတို ၁၆ ပုဒ် ပါဝင်သည်။ ဆရာမ၏ ပထမဆုံး ပုံနှပ်ဖော်ပြခံရသော ဝတ္ထု "ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့" ပါဝင်သော ၁၉၇၉ ခုနှစ် မှ ၁၉၈၇ ခုနှစ် မေလအထိ မဂ္ဂဇင်းအသီးသီးတွင် ပါဝင်ခဲ့သော ဝတ္ထုတိုများကို စုစည်းထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

          ပါဝင်သော ဝတ္ထုတိုများမှာ - ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့၊ ငိုအောင်စရင် ငိုတတ်မှ၊ သက်ငင်ချစ်၊ အဝေး ဆုံးခရီးသို့ အနီးဆုံးအချိန်၊ ရိုမန်တစ် တစ္ဆေ၊ ချစ်သူဖတ်ဖို့ စာ၊ မိုးကုတ်စက်ဝိုင်းသို့ လမ်းလျှောက်ခြင်း၊ သူမ၏ မိုး၊ ခု တော့ သိပြီလေ၊ ရေမျောသီး၊ မြင်ကွင်းကျယ်၊ အဝေးကြည့်မှန်ပြောင်း၊ ကြိုးတံတားပေါ်က အိပ်မက်၊ ဒုတိယ ကြိုး၊ အက်စစ် တစ်ခွက် နှင့် သေတမ်းစာ တို့ ဖြစ်ကြသည်။ ပန်းချီဆရာ ၁၆ ယောက်၏ ဝတ္ထုတိုတစ်ပုဒ်ချင်းအတွက် သရုပ်ဖော် ပန်းချီများလည်း ပါဝင်သည်။

          ထိုစာအုပ်ကို ဂျူးစာပေမှ ၁၉၉၇ ခုနှစ်၊ မေလတွင် ဒုတိယအကြိမ်အဖြစ် အုပ်ရေ ၇၀၀ ထပ်မံပုံနှိပ် ထုတ်ဝေခဲ့ သည်။ တန်ဖိုးမှာ ၁၅၀ ကျပ်ဖြစ်သည်။ မျက်နှာဖုံးပန်းချီမှာ ပိုပို ဖြစ်သည်။ ဒုတိယအကြိမ်ထုတ် စာအုပ်တွင်တော့ သရုပ်ဖော်ပန်းချီပုံများ မပါဝင်ခဲ့ပေ။

 

 

 

ဆောင်းပါးနှင့် ပတ်သက်၍ ...

          ယခုဆောင်းပါးတွင် တင်ပြဝေဖန်သွားသော အချက်များသည် ဆရာမောင်စွမ်းရည်၏ ပုဂ္ဂလိကအမြင်များသာ ဖြစ်သည်။ ထို့ကြောင့် သူ့အမြင်ကို ကျွန်တော်တို့ သဘောတူခြင်း မတူခြင်းသည်လည်း ကျွန်တော်တို့၏ ကိုယ်ပိုင်အ မြင်များပေါ် မူတည်ပါသည်။ သူ၏ ဝေဖန်ချက်သည် သူ့အမြင်သာဖြစ်၍ ကျွန်တော် ဘာမျှ စောဒက မတက်လိုပါ။ သို့သော် အချက်တစ်ခု (သို့) သူ သုံးနှုန်းသွားသော အသုံးအနှုန်းတစ်ခုကိုတော့ ကျွန်တော် ဘဝင်မကျပါ။ ထိုအသုံး အနှုန်းမှာ ဆောင်းပါး၏ ၁၄ပိုဒ်အစမှ ဂျူး သို့မဟုတ် ဂျူးရဲ့ အဓိက ဇာတ်ဆောင် အမျိုသမီးကလေး ဆိုသော အသုံးအ နှုန်းပါ။ ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူးသမျှထဲမှ သိခဲ့ရသမျှမှာ စာရေးဆရာသည် စာရေးဆရာသာ ဖြစ်၍ သူ့ဝတ္ထုထဲမှ ဇာတ်ကောင်မှာ ဇာတ်ကောင်သာ ဖြစ်သည်။ စာရေးဆရာက သူ့ဝတ္ထုထဲတွင် 1st Person အနေဖြင့် ကျွန်တော် သို့ ကျွန်မဟု ရေးရုံဖြင့် ထိုဇာတ်ကောင်ကို စာရေးသူ ကိုယ်တိုင်ဖြစ်သည်ဟု ယူဆ၍ မရပါ။ ထိုအချက်ကို ဝါရင့်စာရေးဆရာ တစ်ဦး ဝေဖန်ရေးဆရာတစ်ဦးဖြစ်သော ဆရာမောင်စွမ်းရည်က အဘယ့်ကြောင့် ရောထွေး၍ သုံးနှုန်းရပါသလဲ။ ထို့ကြောင့် ဂျူးရဲ့ အဓိက ဇာတ်ဆောင် အမျိုးသမီးကလေးသည် ဇာတ်ဆောင် အမျိုးသမီးသာ ဖြစ်သည်။ ဂျူး မဟုတ်ပေ။ ထိုကဲ့သို့သာ ကျွန်တော် ယူဆသည်။ ကျွန်တော်သည် ကျွန်တော် ဘဝင်မကျမိသော အချက်တစ်ခုမျှသာ ကျွန်တော် မျှဝေမိခြင်းဖြစ်သည်။ သူ့ဆောင်းပါးပါ ကျန်အချက်အလက်များနှင့် ပတ်သက်၍မူ သူ၏ တစ်ဦးတည်း အမြင်ဖြစ်၍ ကျွန်တော် ဘာမျှ မဝေဖန်သင့်ဟု ယူဆပါသည်။ ထို့အပြင် ကျွန်တော်တို့၏ ယနေ့များအမြင် နှင့် ကြည့်မည်ဆိုလျှင် ထိုစဉ်အခါက ဂျူး ဝေဖန်ခံခဲ့ရမှုများသည် ယခုအခါတွင် ဘာဖြစ်သွားပြီးလဲ ဆိုသည်ကိုလည်း ကျွန်တော်တို့ အားလုံး သိပြီး ဖြစ်သည်လေ။ အားလုံးကို ကျေးဇူးတင်ပါသည်။

(One of Admins)


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment