Friday, 1 July 2011

[လွပ်လပ်ခြင်း] New doc: တပ်မတော် နည်းပညာ ကောလိပ်ကျောင်း အရေးအခင်း (ပထမပိုင်း)

created the doc: "တပ်မတော် နည်းပညာ ကောလိပ်ကျောင်း အရေးအခင်း (ပထမပိုင်း)"
Htet Aung created the doc: "တပ်မတော် နည်းပညာ ကောလိပ်ကျောင်း အရေးအခင်း (ပထမပိုင်း)"

တပ်မတော် နည်းပညာ ကောလိပ်ကျောင်း အရေးအခင်း (ပထမပိုင်း)

မြန်မာတပ်မတော်သမိုင်းမှာ စစ်သည်အင်အား သုံးထောင်လောက်က မြန်မာတပ်မတော်ကြီး တခုလုံးကို အမိန့်အာဏာ ဖီဆန်ပြီး အာခံခဲ့ဖူးတယ်လို့ ဆိုရင် အများက မယုံနိုင်ဘဲ ဖြစ်ကြပါလိမ့်မယ်။

 

တပ်မတော်နည်းပညာကောလိပ်

 

ဒါပေမယ့် အဲဒီလို အမိန့် ဖီဆန်မှုဟာ တပ်မတော်အတွင်းမှာ တကယ် ဖြစ်ပွားခဲ့တာပါ။ မေမြို့လို့ လူသိများတဲ့ ပြင်ဦးလွင်မြို့မှာ တည်ရှိတဲ့ တပ်မတော် နည်းပညာကောလိပ်မှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်ပွားခဲ့တဲ့ ကာလကတော့ ၂၀၀၂ ခုနှစ် မေလအကုန် ၃၁ ရက်နဲ့ ဇွန်လဆန်း ၁ ရက်နေ့မှာ ဖြစ်ပါတယ်။

တပ်မတော်နည်းပညာ ကောလိပ်ကျောင်းက သင်တန်းသား စစ်သည် သုံးထောင်လောက်ဟာ အထက်အမိန့်ကို မနာခံဘဲ ဆန္ဒပြ တောင်းဆိုခဲ့တဲ့အတွက် တိုင်းပြည်ကို နှစ်ပေါင်းများစွာ ဓားမိုးအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရဟာ နောက်ဆုံးမှာတော့ အဲဒီ စစ်သည်တွေရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့ရပါတယ်။

ယခုရောက်တော့မယ့် ၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့ဆိုရင် တပ်မတော်နည်းပညာ ကောလိပ် အရေးအခင်းဟာ ၉ နှစ် ပြည့်မြောက်တော့မှာ  ဖြစ်ပါတယ်။ အဲဒီအရေးအခင်းကို အကြောင်းပြုပြီး ကျောင်းသားပေါင်း ၆၀ ကျော်ကို နှစ်ရှည် ထောင်ဒဏ်တွေ ပေးခဲ့ပါတယ်။ လွတ်မြောက်လာသူတချို့ ရှိပေမယ့် အတော်များများကတော့ မြန်မာနိုင်ငံရဲ့ နယ်စွန်နယ်ဖျား အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရဆဲပါ။

အဲသည်အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ စစ်သည် သုံးထောင်လောက်ကိုတော့ တပ်မတော်ကနေ အပြီးအပိုင် ထုတ်ပယ်ပစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ပါဝင်ပြီး အပြစ်ပေးခံခဲ့ရတဲ့ ကျောင်းသား စစ်သည်ဟောင်းတယောက်က အခုလို ပြောပါတယ်။

 

"ကျနော်တို့ တကယ်ထင်ထားတာက သူတို့ပြောထားတဲ့အရာတွေနဲ့ ကိုက်ညီမှု ရှိမယ်ထင်လို့ ကျနော်တို့ တက်ခဲ့တယ်။ ဒါပေမယ့် စစ်အစိုးရ ပြောထားတဲ့အရာတွေက သူတို့အနေနဲ့ လက်တွေ့ကျကျဆောင်ရွက်ပေးနိုင်မှု

 မရှိဘူး။ အဲတော့ ကျနော်တို့ တက်လမ်းအတွက် အတားအဆီး ပိတ်ပင်သဘောမျိုး ဖြစ်တယ်။ အဲတော့ ကျနော်တို့တတွေက လိုအပ်တာကို တောင်းဆိုပါတယ်။ နောက်ဆက်တွဲ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့အနေနဲ့ကတော့ ကျနော်တို့ကို အညွှန့်တက်နေတဲ့ အပင်တွေကို ချိုးချလိုက်တဲ့သဘောပါပဲ။"

ဒီလို မြန်မာ့တပ်မတော်အတွင်း ကြီးကြီးကျယ်ကျယ်ဖြစ်ပွားခဲ့တဲ့

  MTC တပ်မတော်နည်းပညာကောလိပ် ကျောင်းအရေးအခင်းအကြောင်းကို အပိုင်း လေးပိုင်းခွဲပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။ သည်တပတ်မှာ ပထမပိုင်းအဖြစ်  တပ်မတော်နည်းပညာ ကောလိပ်ကျောင်းရဲ့ အကြောင်းကို တင်ပြပေးပါမယ်။

MTC သင်တန်းကျောင်းရဲ့ မူလအစက တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်မှာ အင်ဂျင်နီယာသိပ္ပံသင်တန်းဌာနလို့

ဖြည့်စွက် ဖွဲ့စည်းခဲ့ပြီး နောက်တော့ တပ်မတော်နည်းပညာကောလိပ်လို့ အမည်ပြောင်း လိုက်ပါတယ်။

 

ယခု အချိန်မှာ အငြိမ်းစားယူသွားပြီလို့  သတင်းထွက်နေတဲ့  နအဖစစ်အစိုးရရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လမ်းညွှန်ချက်ကြောင့် ဖြစ်ပါတယ်။

 

ကြည်း၊ ရေ၊ လေ အားလုံးပါဝင်တဲ့ တပ်မတော် တရပ်လုံးအတွက် နည်းပညာဘွဲ့ (B.Tech)နှင့် အင်ဂျင်နီယာဘွဲ့ (B.E) ဘွဲ့ရ ပညာတတ် စစ်သည်တွေ သင်ကြားမွေးထုတ်ပေးဖို့ ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် မူလ တပ်မတော်လျှပ်စစ်နဲ့ စက်မှု အင်ဂျင်နီယာကျောင်းရဲ့ အဆောက်အအုံတွေကို သိမ်းသွင်းပြီး တပ်မတော်နည်းပညာကောလိပ် (MTC) အဖြစ် ၂၆.၂.၂၀၀၀ ရက်နေ့မှာ ပြင်ဦးလွင်မြို့ ဂေါက်ကွင်းရဲ့ အနောက်ဘက်ရှိ နေရာမှာ ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

တပ်မတော်နည်းပညာကောလိပ်ကျောင်းရ

ဲ့ အပတ်စဉ် ၁ နှင့် ၂ အတွက် သင်တန်းသားဦးရေ ၄၀၀ ကျော်စီသာ ခေါ်ယူခဲ့တယ်။ ဒါပေမယ့် သင်တန်း အပတ်စဉ် ၃ မှာတော့ သင်တန်းသားဦးရေကို ၂၅၀၀ ခေါ်ယူခဲ့ပြီး အပတ်စဉ် ၄ မှာ သင်တန်းသား ၁၀၀၀ ကျော် ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဆေးကျသူတဲ့သူတွေနဲ့ တပ်ပြေးတွေကို နုတ်လိုက်ရင်  ၂၀၀၂ ခုနှစ်မှာ MTC ကျောင်းသားဦးရေ စုစုပေါင်းက ၂၈၀၀ လောက် ရှိနေခဲ့ပါတယ်။

သင်တန်းသား စစ်သည်တွေထဲမှာ ဆယ်တန်း ဂုဏ်ထူး (၁) ဘာသာမှ (၄) ဘာသာထိ ရရှိတဲ့ စာတော်တဲ့ ကျောင်သားတွေ ပါရှိသလို မြန်မာတပ်မတော်မှာ ရာထူးအဆင့်မြင့် အမျိုးမျိုးဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ တပ်ရင်းမှူး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးများတွေရဲ့ သားတွေလည်း ပါရှိပါတယ်။

 

ဂုဏ်ထူးရရှိသည့် ကျောင်းသားတွေဟာ အသက် ၁၉ နှစ်ထက် ကြီးနေတာကြောင့် တပ်မတော် နည်းပညာတက္ကသိုလ် (D.S.T.A) သို့ မလျှောက်ထားနိုင်တော့လို့ တပ်မတော်နည်းပညာကောလိပ်ကို လျှောက်ထားကြရတာပါ။

 

တပ်မတော်နည်းပညာကောလိပ် (MTC) ကျောင်းကို ၁၉၉၉ မှာ ကာကွယ်ရေးဝန်ကြီးဌာန စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှုးရုံးကနေ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

၂ နှစ်သင်တန်းဖြစ်ပြီး ကျောင်းဆင်းရင် A.G.T.I လက်မှတ်နှင့် ပညာသည် တပ်ကြပ်ကြီး ရာထူးကို ရရှိမှာ ဖြစ်ပါတယ်။ ၂ နှစ်သင်တန်းမှာ Qualified (Q) ၀င်သူများသည် B.Tech ဘွဲ့ကို နှစ်နှစ် ဆက်လက် သင်ယူရမှာ ဖြစ်ပြီး သင်တန်းပြီးဆုံးပါက B.Tech ဘွဲ့နှင့် ပညာသည် ဒု-အရာခံဗိုလ် ရာထူးကို ရပါမယ်။

B.Tech တွင် (Q) ၀င်သူများသည် B.E. ဘွဲ့ကို ဆက်လက်သင်ယူရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက B.E. ဘွဲ့နှင့် ပညာသည် အရာခံဗိုလ် ရာထူးကို ရပါမယ်လို့  သင်တန်းခေါ်စဉ်တုန်းက ကြေညာထားခဲ့ပါတယ်။ ဒါပေမယ့် လူငယ်အများစုက ဘွဲ့ရပညာတတ် စစ်ဗိုလ်အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်လို့ တပ်မတော်နည်းပညာကောလိပ်ကို တက်ကြတာပါ။

တပ်မတော်နည်းပညာ ကောလိပ် အရေးအခင်းမှာ ဦးဆောင် ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရတဲ့ တပ်မတော်နည်းပညာ ကျောင်းသား စစ်သည် ဟောင်းတဦးက အဲဒီအကြောင်းတွေကို အခုလို ပြန်ပြောင်း ပြောပြပါတယ်။

 

"၁၀ တန်းအောင်ပြီးပြီးချင်း သူတို့ခေါ်လိုက်တဲ့ အသုတ်တွေ ရှိပါတယ်။ ကျနော်ဆို DSA အောင်ပေမယ့် မသွားတော့ဘူး။ အနာဂတ်ကို မျှော်ကိုးပြီးတော့ ကျနော် ဒီကျောင်းမှာပဲ နေလိုက်တယ်။ တချို့ကျတော့လည်း ဗိုလ်ချုပ်သားသမီးတွေ ပါတယ်ပေါ့။ လူတွေအများကြီးဆိုတော့ ကျနော်တို့လည်း အားလုံးကို မသိနိုင်ဘူး။ တချို့ကျတော့လည်း ၂ ဒီ၊ ၃ ဒီ တွေ ပါတယ်ဆိုပေမယ့်လည်း DSTA အမှတ်မမီတဲ့အတွက် ဒီကျောင်းကို ရွေးတယ်။"

 

MTC တက်ရောက် ရောက်ချင်းမှာပဲ စစ်ရေးပြလေ့ကျင့်ခန်းများ စတင်သင်ယူကြရပါတယ်။ စစ်ရေးပြလေ့ကျင့်ခန်း (၂) သင်ယူပြီးမှ စာသင်ခန်း ၀င်ရပါတယ်။

 

ပထမနှစ်ဝက်စာမေးပွဲအပြီးမှာ လက်နက်ငယ်တွေကို ကိုင်တွယ် တပ်ဆင်ပုံ၊ ဖြုတ်ပုံ၊ သန့်ရှင်းရေးပြုလုပ်ပုံနဲ့ ချိန်တွယ်ပစ်ခတ်ပုံ ထိန်းသိမ်းထားသိုပုံ စတာတွေကို သင်ယူကြရပါတယ်။ ပြီးရင် ဒုတိယနှစ်ဝက် စာသင်ခန်းပြန်ဝင်ရပြီး စာမေးပွဲ ဖြေဆိုရပါတယ်။

 

အဲဒီနောက်မှာ စစ်ဗျူပါဟာ ၀င်ရပါတယ်။ ရှေ့တန်း စစ်မျက်နှာတိုက်ပွဲမှာကဲ့သို့ တပ်စိတ်လိုက်၊ တပ်စုလိုက်၊ တပ်ခွဲလိုက် လှုပ်ရှား တိုက်ခိုက်ရပုံစသည့် စစ်သေနင်္ဂဗျူပါာတို့ကို သင်ကြားကြရပါတယ်။ စစ်ဗျူပါာသင်တန်းပြီးမှ တစ်နှစ်တာ စာသင်ချိန် ပြီးဆုံးပြီး အိမ်ပြန်ခွင့် တလရပါတယ်။

 

MTC ကျောင်းသားစစ်သည်တွေဟာ သင်တန်းတက်နေစဉ်ကာလမှာ နှစ်အလိုက် တလလျှင် လစာငွေ (၅၀၀၀၊ ၅၁၀၀၊ ၅၂၀၀၊ ၅၃၀၀၊ ၅၄၀၀) ကျပ်ရရှိပါတယ်။

 

၅၀၀၀ ကျပ်ပေးတယ်ဆိုပေမယ်လည်း တကယ် လစာထုတ်တဲ့အခါ တပ်ရင်း၊ တပ်ခွဲတွေကနေ ဟိုဟာကြေး၊ ဒီဟာကြေးတွေ ဖြတ်တောက်တဲ့အတွက် အများဆုံး ၄၀၀၀ ကနေ ၄၅၀၀ သာ ရရှိကြပါတယ်။

 

တချို့တပ်ခွဲတွေဆိုလျှင် ၃၅၀၀ ကျပ်သာ ရရှိကြပါတယ်။ အဲဒီအချိန်က လစာငွေ ၃၅၀၀ ကျပ်ဟာ မနည်းလှဘူးလို့တော့ ဆိုရပါမယ်။ လက်ဖက်ရည်တခွက်မှ ၂၀ ကျပ်သာရှိပြီး ပြင်ဦးလွင်-မန္တလေးကားခက အဲသည်ကာလမှာ ၅၀၀ ကျပ်ပဲ ပေးရပါတယ်။

 

တပ်မတော်နည်းပညာကောလိပ်ကျောင်း တက်နေရတဲ့ စစ်သည် ကျောင်းသားတွေဟာ ပညာတတ်အရာရှိတွေ ဖြစ်လာနိုင်ဖို့ အတွက် စစ်တပ်ထဲကို ရောက်လာကြတာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်အတွက် သူတို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရသလဲ ဆိုတာ ဒုတိယပိုင်းမှာ ဆက်လက်တင်ပြပါမယ်။

 

Published on July 1, 2011 by မင်းလွ


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment