Friday, 1 July 2011

[လွပ်လပ်ခြင်း] New doc: လူ့အဆင့်အတန်းဆိုတာ ဘာလဲ (လူထုစိန်ဝင်း)

created the doc: "လူ့အဆင့်အတန်းဆိုတာ ဘာလဲ (လူထုစိန်ဝင်း)"
Htet Aung created the doc: "လူ့အဆင့်အတန်းဆိုတာ ဘာလဲ (လူထုစိန်ဝင်း)"

ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က ထူးခြားတဲ့ အကူအညီတစ်ခု လာတောင်းပါတယ်။ နိုင်ငံခြားရောက်နေတဲ့ သူ့သားဆီကို အဲဒီနိုင်ငံမှာနေတဲ့ တပည့်ရင်းတစ်ယောက်လောက်လွှတ်ပြီး နားချခိုင်းပေးစမ်းပါဆိုတဲ့ အကူအညီ ဖြစ်တယ်။

 

ပထမဆုံးကြုံဖူးတာ

သူ့စကားကြားတော့ တော်တော် အံ့အားသင့်သွားတယ်။ နိုင်ငံခြားသွားချင်လို့ အကြံတောင်းတာ၊ အကူအညီတောင်းတာတွေ အမြဲကြုံတွေ့နေကျ ဖြစ်ပေမယ့် အခုလို နိုင်ငံခြားကသား ပြန်လာစေချင်လို့ အကူအညီတောင်းတာမျိုးတော့ တစ်ခါမှ မကြုံဖူးဘူး။ ဒါပထမဆုံးပဲ။ သူ့သား နိုင်ငံခြားထွက်သွားတာ သုံးနှစ်ရှိပါပြီ။ မြန်မာပြည်မှာ ဖွင့်ထားတဲ့ နိုင်ငံခြားသား အများစုသင်တဲ့ ကျောင်းကြီးတစ်ခုက အထက်တန်းပြီးပြီးချင်း သွားလိုက်တာမို့ သွားစက ၁၈ နှစ်တောင် မပြည့်သေးပါဘူး။ ဟိုနိုင်ငံ ရောက်တော့ တက္ကသိုလ်ဝင်ခွင့် မရသေးဘဲ ၀င်ခွင့်သင်တန်း တစ်နှစ်ကြာအောင် တက်ရပါတယ်။ မြန်မာပြည်မှာ မိဘက မျက်စိအောက်က အပျောက်မခံအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဆိုတော့ ၁၈ နှစ်ရွယ်သားလေးဟာ ဟိုနိုင်ငံရောက်တော့ ဇောင်းထဲက လွှတ်တဲ့မြင်းလို ဖြစ်ပြီး ပျော်ချင်တိုင်းပျော်မြူး နေပါတော့တယ်။

 

ပြန်မလာတော့လို့

သုံးနှစ်သာ ကြာသွားတယ်။ ဘယ်တက္ကသိုလ်ကောလိပ်မှ မတက်ရပါဘူး။ ဒါပေမဲ့ ကျောင်းသားဗီဇာ ရနိုင်တဲ့ သင်တန်းတွေ တစ်ခုပြီးတစ်ခု ပြောင်းတက်ပြီး ဆက်နေပါတယ်။ သူတို့နိုင်ငံတွေမှာလည်း ပညာရေးဆိုတာ စီးပွားရေးလုပ်ငန်း အဖြစ် လုပ်ကြကိုင်ကြတာဆိုတော့ ကျောင်းလခ တစ်နှစ်စာသွင်းရင် ဗီဇာရအောင် လုပ်ပေးတဲ့ ကျောင်းတွေက အများသားကိုး။ ဒီက မိဘများက ပိုက်ဆံပို့နိုင်ရင် ပို့နိုင်သလောက် ဟိုမှာ ကျောင်းသားလုပ်ပြီး နေနိုင်ကြတယ်လေ။ သုံးနှစ်ကြာတော့ မိဘများက ပြန်လာဖို့ ခေါ်ပေမယ့် သားလေးက ပြန်မလာဘူး။ အကြောင်းအမျိုးမျိုးပြပြီး ငြင်းတယ်။ နောက်ဆုံးမတတ်သာတော့လို့ လာပြီး အကူအညီတောင်းတာ ဖြစ်ပါတယ်။

 

လူနေမှု အဆင့်အတန်းတဲ့

ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တာကြောင့် သူအကူအညီတောင်းတဲ့အတိုင်း ဟိုမှာနေတာ နှစ်ပေါင်းနှစ်ဆယ်လောက် ရှိပြီဖြစ်တဲ့ တပည့်ရင်းချာ တစ်ယောက်ဆီကို အီးမေးလ်ပို့ပြီး အကူအညီ တောင်းပေးလိုက်ပါတယ်။ သားလိုဖြစ်နေတဲ့ တပည့်ကလည်း ချက်ချင်း ကတိပေးပြီး အလုပ်အားရက်မှာ ဖုန်းနဲ့ချိန်းပြီး သွားတွေ့ပါတယ်။ သူ့အိမ်ကိုခေါ်ပြီး မြန်မာ ထမင်းဟင်းတွေလည်း ကျွေးပါတယ်။ ရင်းနှီးအောင်လည်း ပေါင်းပါတယ်။ သုံးလလောက်ကြာတော့ တပည့်ဆီက လက်လျော့လိုက်ရကြောင်း အ ကြောင်း ကြားပါတယ်။ ကလေးက ဘယ်လိုမှ တိုက်တွန်းလို့ မရတဲ့အကြောင်း၊ ဟိုမှာပဲ တစ်သက်လုံးနေဖို့ ကြံရွယ်ထားပုံရကြောင်း ပြောပြပါတယ်။ (Quality of Life) 'လူနေမှု အဆင့်အတန်း'ဆိုတဲ့ စကားကို ပါးစပ် ကမချအောင်ကို ပြောနေတယ်ဆရာရဲ့လို့လည်း ဖုန်းထဲက ပြောပြပါတယ်။

 

ဘယ်သူ့အပြစ်လဲ

အကျိုးအကြောင်း မိတ်ဆွေဖြစ်သူကို ပြောပြတော့ မျက်ရည်ကျရှာတယ်။ ကိုယ်တိုင်သွားခေါ်မှ ဖြစ်တော့မှာပဲလို့လည်း ညည်းညူသွားပါတယ်။ ဒီကိစ္စကို ရက်ပေါင်းအတော်ကြာအောင် စဉ်းစားနေမိတယ်။ ဒီကလေးဟာ ဒီမှာလည်း ရွှေပေါ်မြတင်နေခဲ့ရ တာပါ။ ဒေါ်လာနဲ့ပေးပြီး တက်ရတဲ့ ကျောင်းမှာ အထက်တန်းကုန်တဲ့အထိ တက်ခဲ့ရပါတယ်။ သူ့ဘ၀ တစ်လျှောက်လုံး မရှိဆိုတဲ့စကား မကြားခဲ့ဖူးဘူးလို့ ဆိုနိုင်လောက်တဲ့ အခြေအနေပါ။ ဒါတောင်မှ ဒီ'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့ စကား ဘာကြောင့် နှုတ်ဖျားကမချ ဖြစ်နေရတာလဲ။ ကလေးရဲ့ အပြစ်လား၊ အလိုလိုက်တဲ့ မိဘများရဲ့အပြစ်လား။ ဒါမှမဟုတ် ဒါမှမဟုတ် . . .။

 

မျိုးချစ်ကြီးတွေ မဟုတ်ပေမယ့်

ဒီကိစ္စကို အပြန်ပြန်အလှန်လှန် ဝေဖန်စောကြော နေမိတယ်။ ကလေး မိဘများကလည်း ထူးကဲတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ မဟုတ်ပေမယ့် နိုင်ငံခြားကိုမှ အထင်ကြီးတတ်သူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ သွားနေဖို့လည်း စိတ်ကူးတောင်ကြည့်ဖူးသူတွေ မဟုတ်ပါဘူး။ ဘိုးစဉ်ဘောင်ဆက် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လာကြပြီး တင့်တောင်းတင့်တယ် နေနိုင်ကြသူတွေ ဖြစ်ပါတယ်။ သားလေးကလည်း ဒေါ်လာပေးတက်ရတဲ့ ကျောင်းမှာ တက်ခဲ့တာ ဖြစ်ပေမယ့် ဟော့ဟော့ရမ်းရမ်း မဟုတ်ပါဘူး။ စာကြိုးစား ရှာပါတယ်။ ကျောင်းပိတ်ရက်တွေမှာလည်း အအားမနေပါဘူး။ သင်တန်းအမျိုးမျိုး တစ်ခုပြီးတစ်ခု တက်နေခဲ့တာပါ။

လူတွေရဲ့ပျော်ရွှင်ချမ်းသာမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှုရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ် ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှု ရှိခြင်းတို့ကသာလျှင် ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ  .  .  .

 

ကျောင်းတွေနဲ့ ဆိုင်သလား

၁၈ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ခေါင်းထဲကို ဒီ 'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့ စကားက ဘယ်လိုလုပ်ပြီး ရောက်သွားခဲ့တာလဲ။ သူတက်ခဲ့တဲ့ ကျောင်းတွေ သင်တန်းတွေနဲ့များ ဆိုင်နေလေသလား။သူတက်ခဲ့တဲ့ ကျောင်းတွေမှာ နိုင်ငံခြားသားက အများစု ဖြစ်တယ်။ ကျောင်းသားတွေက လူမျိုးစုံသလို ဆရာတွေကလည်း နိုင်ငံစုံကလာကြတာ ဖြစ်တယ်။ နိုင်ငံခြားက သင်ရိုးတွေအတိုင်းပဲ သင်တယ်။ မြန်မာကျောင်းတွေက သင်ရိုးတွေ မသင်ဘူး။ မြန်မာပြည်က စာမေးပွဲတွေ မဖြေဘူး။ အထက်တန်းပြီးရင် နိုင်ငံခြားသွား ကျောင်းဆက်တက်ကြမှာ။ ဒီအထိ ကိစ္စမရှိဘူး။ နိုင်ငံသားတိုင်း ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ လုပ်ခွင့်ရှိတာပဲ။ နိုင်ငံခြားသွား ပညာသင်တာ မကောင်းတဲ့ကိစ္စမှ မဟုတ်တာ။

 

ကျောပိုးအိတ်သမားတွေလား

အဲဒီလိုကျောင်းတွေမှာ ရှိတဲ့ ဆရာတွေနဲ့များ ဆိုင်နေမလားလို့ စဉ်းစားမိတယ်။ ကျောင်းတချို့က ဆရာ ဆရာမတွေကို သေသေချာချာ စိစစ်ပြီး အရည်အချင်း ပြည့်မီသူတွေကိုသာ ခန့်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့တလေက စီးပွားရေးသမားလို ဈေးတွက်တွက်ပြီး 'ပေါချောင်ကောင်း' တွေရှာပြီး ငှားတာမျိုးလည်း ရှိတယ်။ အခုလို ကျောင်းမျိုးတွေ မပေါ်ခင် အချိန်က အင်္ဂလိပ်စကားပြောသင်တန်း ကျောင်းတစ်ခု ဖွင့်ခဲ့ဖူးတော့ တစ်ကိုယ်တော် ကျောပိုးအိတ်သမားတွေလာပြီး ဆရာအလုပ် လျှောက်တာ မကြာခဏ ကြုံဖူးတယ်။ သူတို့က ပိုက်ဆံမကုန်ဘဲ ကမ္ဘာအနှံ့လည်ရအောင် ရောက်ရာအရပ်မှာ ကြုံတဲ့အလုပ်ဝင်လုပ်ပြီး စရိတ်ရှာလေ့ ရှိကြတယ်။ နိုင်ငံတစ်နိုင်ငံမှာ အားရအောင် လည်ပတ်ပြီးတဲ့ အခါ နောက်တစ်နိုင်ငံ ကူးသွားကြတယ်။ ကြုံရာဝင်လုပ်ကြပြန်တယ်။

 

ပညာတတ်တိုင်း ဆရာမဖြစ်

အဲဒီလို ကျောပိုးအိတ်သမားတွေ ထဲမှာ တချို့က ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး တချို့က ကျောင်းဆရာတွေ ဖြစ်တယ်။ တချို့ကျတော့လည်း သိပ်ပညာမတတ်တဲ့ အောက်ခြေအလုပ်သမားတွေ ဖြစ်တယ်။ ကျောင်းဆရာအလုပ်ဆိုတာ ပညာ တတ်တိုင်း လုပ်လို့ဖြစ်တာ မဟုတ်ပါဘူး။ ဆရာဖြစ်သင်တန်းအောင်မှ လုပ်နိုင်တဲ့အလုပ်မျိုး ဖြစ်ပါတယ်။ တကယ်လို့ ဆရာလုပ်ဖို့ အရည်အချင်း မရှိသူတွေ ဆရာဝင်လုပ်နေကြတဲ့ ကျောင်းမျိုးဆိုရင် ကလေးတွေကို မှန်ကန်တဲ့ ပညာရပ်တွေ မှန်ကန်တဲ့ အတွေးအခေါ်တွေ ပေးနိုင်ပါ့မလား။

 

ပြင်ပသင်တန်းတွေ ပိုဆိုး

နောက်ပြီး ပြင်ပသင်တန်း ဆိုတာတွေက ပိုပြီးဆိုးသေးတယ်။ အင်္ဂလိပ်စာလေး နည်းနည်းဖတ်တတ်တယ် ဆိုရုံလောက်နဲ့ နိုင်ငံခြားက စာအုပ်ကြီးတွေကိုင်ပြီး ဆရာဝင်လုပ်နေကြသူတွေ အများကြီး ရှိတယ်။ ဆရာဖြစ် လက်မှတ်ဆိုတာဝေးလို့ သူတို့ ဆရာကြီးတစ်ဆူလုပ်ပြီး သင်ကြားပေးနေတဲ့ ဘာသာရပ်ကိုတောင် ဘွဲ့ရအောင် သင်ယူဖူးခဲ့ကြတာ မဟုတ်ဘူး။ စာအုပ်ကြီးထဲက မှတ်စုထုတ်ပြီး ကြက်တူရွေးလို ရွတ်ပြနေကြတာ များတယ်။ အဲဒီလို သင်တန်းတွေကို အဟုတ်မှတ် ပြီး တက်ခဲ့ကြတဲ့ ကလေးတွေ အများစုက စကားပြောလိုက်ရင် အင်္ဂလိပ် စကားလုံးကြီးတွေ အတုံးလိုက် အတစ်လိုက်ပဲ။ ဘာဖြစ်ဖြစ် သူတို့က ဂလိုဘယ်ဆိုတာကြီးနဲ့ ကိုင်ပေါက်လိုက်ကြတယ်။ စတစ်ဂလစ်က ဘာပြောတယ်။ ဖရိုက်မင်းက ဘာပြောတယ်။ ဖူကူးရာမက ဘာပြောတယ် ဆိုတာတွေ အပ်ကြောင်းထပ်နေတော့တယ်။ ပါးစပ်တွေမှာ အမြှုပ်တစီစီနဲ့။

 

အဆင့်အတန်းရှိတဲ့လူ

ဒီလိုကလေးမျိုးတွေကပဲ လူ့အဆင့်အတန်းဆိုတဲ့ စကားအများဆုံး ပြောကြတာ ဖြစ်တယ်။ အပ်ကစပြီး မော်တော်ကားထိ ၀ယ်လို့ရတဲ့ ကုန်တိုက်ကြီးတွေ နေရာတကာရှိပြီး၊ သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်းဖြုန်း ပျော်ချင်တိုင်းပျော်လို့ရတဲ့ နိုင်ငံတွေ မှာနေမှ အဆင့်အတန်းရှိတဲ့လူလို့ သတ်မှတ်တယ်လို့ ထင်နေကြပုံ ရပါတယ်။ သင်တန်းမှာ သူတို့သင်ယူခဲ့ကြတဲ့ ဂျီဒီပီတွေ ဂျီအင်ပီတွေ လူတစ်ထောင်မှာ မော်တော်ကား ဘယ်နှစီး၊ တယ်လီဖုန်း ဘယ်နှလုံး ဆိုတဲ့ စာရင်းအင်း အချက်အလက်တွေ ကိုကြည့်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို သတ်မှတ်ရတယ်လို့ပဲ ယူဆထားကြတာကိုး။

 

ဘယ်သူမပြုမိမိမှု

လူတွေရဲ့ပျော်ရွှင်ချမ်းသာမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှုရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ်ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှု ရှိခြင်းတို့ကသာလျှင် ဖော်ဆောင်ပေးနိုင်တယ် ဆိုတာလည်း မသိရှာကြဘူး။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာ လူဖြစ်ခဲ့ပေမယ့် မြန်မာလူမျိုးတွေနဲ့က အနေဝေးကြတယ်လေ။ နိုင်ငံခြားသားတွေ သင်တဲ့ကျောင်းနဲ့ နိုင်ငံခြားစာတွေသင်တဲ့ သင်တန်းတွေပဲတက်ပြီး ကြီးပြင်းလာခဲ့ကြတာ မဟုတ်လား။ ဒီတော့လည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဘယ်အထင်ကြီးတော့မှာလဲ။ နိုင်ငံခြားမှာ နေမှပဲ လူ့အဆင့်အတန်းမြင့်တယ်လို့ ထင်နေကြတော့မှာပေါ့။ မိတ်ဆွေကြီးအတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဘာမှလည်း မတတ်နိုင်ဘူး။ ဘယ်သူမပြု မိမိမှုပဲလေ


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment